ရခိုင်မှာ လူနှစ်သန်းကျော် အငတ်ဘေးကျရောက်နိုင်ကြောင်း UNDP သတိပေး
2024.11.08
ရခိုင်ပြည်နယ်မှာ လူဦးရေ နှစ်သန်းကျော် အငတ်ဘေးကျရောက်မဲ့အန္တရာယ် ကြုံတွေ့နေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က နိုဝင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။
ပြည်နယ်အတွင်း ကုန်စည်ဝင်ရောက်မှုကန့်သတ်ချက်ကြောင့် ဝင်ငွေကင်းမဲ့လာသလို ငွေကြေးဖောင်းပွပြီး စားနပ်ရိက္ခာထုတ်လုပ်နိုင်မှုလည်း သိသိသာသာကျဆင်းနေတယ်လို့ ဆိုပါတယ်။
"ခဏခဏဗုံးကြဲတာတွေနဲ့ဆိုတော့ လုပ်လို့လည်းအဆင်မပြေဘူး။ ကုန်ဈေးနှုန်းတွေကလည်း အဆမတန်ကြီးတယ်ဗျာ။ အဆင်မပြေကြဘူး"
၂၀၂၅ ခုနှစ် ဧပြီနဲ့ မေလအတွင်း ပြည်နယ်တွင်း စားနပ်ရိက္ခာထုတ်လုပ်နိုင်မှုဟာ လူဦးရေလိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းအတွက်သာ ဖူလုံနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။
မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေနဲ့ လူမှုဖူလုံရေးကွန်ရက်တွေ မရှိတာကြောင့် ဆင်းရဲဒုက္ခခံစားနေကြရတဲ့ ရခိုင်ပြည်သူတွေဟာ လာမဲ့လတွေအတွင်း ပိုပြီးဆိုးရွားတဲ့အခြေအနေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း လက်ရှိအချိန်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကုန်ပြတ်လပ်နေပြီလို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ စစ်ဘေးဒုက္ခသည်တွေအတွက် ပထမဆုံးပြဿနာက နေထိုင်ရေးအခက်အခဲပဲ။ အလုပ်အကိုင်လည်းမရှိဘူး။ နောက်တစ်ခုက ခဏခဏဗုံးကြဲတာတွေနဲ့ဆိုတော့ လုပ်လို့လည်းအဆင်မပြေဘူး။ ကုန်ဈေးနှုန်းတွေကလည်း အဆမတန်ကြီးတယ်ဗျာ။ အဆင်မပြေကြဘူး။ စားနပ်ရိက္ခာရော၊ ဆေးဝါးရော အကုန်လုံး ပြတ်လပ်နေတယ်ပေါ့ အခြေအနေက”
နိုင်ငံတကာ အဖွဲ့တွေရဲ့ အကူအညီတွေလည်း မရကြတာကြောင့် ပိုပြီးအခက်အခဲဖြစ်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အကူအညီလိုအပ်နေတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သိန်းခန့်ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ရေကြည်ကနေ ရခိုင်ဘက်ပို့မဲ့ ဆေးဝါးနဲ့ စားသောက်ကုန်တွေ စစ်ကောင်စီ ကန့်သတ်
ပလက်ဝ စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် စားနပ်ရိက္ခာနဲ့ဆေးဝါး အရေးပေါ်လိုအပ်နေ
စစ်ကောင်စီရဲ့ ပိတ်ဆို့မှုကြောင့် ခက်ခဲလာတဲ့ စစ်တွေမြို့
အဲဒီစစ်ဘေးဒုက္ခသည်အရေအတွက်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဟာ ထောက်ပံ့ကူညီမှုတွေမရရှိဘဲဖြစ်နေ တယ်လို့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။
“ဒီနှစ်ထဲမှာကျရင် ကျွန်တော်တို့ မြေပြင်အခင်းအကျင်းအရဆိုရင် စစ်ဘေးရှောင်တွေရဲ့ ကူညီပံ့ပိုးမှုအရ နှစ် ဆယ်ရာခိုင်နှုန်းလောက်ပဲ အကူအညီရတယ်လို့ယူဆတယ်ဗျ ကျွန်တော်တို့။ မြေပြင်မှာ တကယ် သွားတဲ့အချိန်မှာ မရောက်တဲ့နေရာက တော်တော်များတယ်။ ရှစ်ဆယ် ရာခိုင်နှုန်းလောက်တော့မရောက်ဘူး။ နှစ်ဆယ် ရာခိုင်နှုန်းလောက်ကတော့ အတိုင်းအတာတစ်ခုအထိရတယ်ပေါ့နော်။ ရတယ်ဆိုပေမဲ့ ပြည့်ပြည့်၀၀ အကူအညီရတာက လွန်ရောကျွံရော ဆယ်ရာခိုင်နှုန်းလောက်ပဲရှိလိမ့်မယ်။ ကျန်တဲ့ဆယ်ရာခိုင်နှုန်းလောက် ကတော့ ဒီမရတစ်ချက် ရတစ်ချက်ပေါ့။ ဒီလမှာ ရလိုက် နောက်လမှာမရလိုက်။ အဲဒီလို ရလိုက် မရလိုက် ဖြစ်တာပေါ့”
အခုနှစ်အတွင်း တောင်သူတွေဟာ တိုက်ပွဲတွေကြောင့် စိုက်ပျိုးရေးမလုပ်နိုင်ခဲ့သလို သဘာ၀ဘေးအန္တရာယ်နဲ့ပါ ကြုံတွေ့ခဲ့ရတာတွေကြောင့် လာမဲ့နှစ်ဟာ စစ်ဘေးဒုက္ခသည်တွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ သူက ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေဟာ အာရက္ခတပ်တော် (AA) ရဲ့ ထိန်းချုပ်နယ်မြေတွေမှာရှိနေတာကြောင့် နိုင်ငံတကာက ထောက်ပံ့ကူညီရေး အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီထက် AA နဲ့ ပူးပေါင်းဆောင်ရွက်ပြီး လမ်းကြောင်းတွေ ရှာသင့်တယ်လို့လည်း ကိုဝေဟင်အောင်က တိုက်တွန်းပါတယ်။
၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်း UNDP က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးဟာ လည်ပတ်မှုရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ ဆိုပါတယ်။
ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလို အရေးပါတဲ့ကဏ္ဍတွေ ရပ်ဆိုင်းနေပြီး ကုန်သွယ်ရေးလမ်း ကြောင်းပိတ်ဆို့ခံရမှုတွေကြောင့် ကုန်ပစ္စည်းဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတယ်လို့ ဖော်ပြပါတယ်။
လက်ရှိမှာလည်း ရခိုင်ပြည်နယ်ကို တင်ပို့တဲ့ကုန်ပစ္စည်းတွေကို တရားမဝင်ကုန်စည်စီးဆင်းမှုဆိုပြီး စစ်ကောင်စီက တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားတယ်လို့ ရခိုင်စီးပွားရေးလုပ်ငန်းတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်တွေကို ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်တို့၊ ရန်ကုန်တိုင်းအစိုးရရဲ့ သဘောတူညီချက်တို့နဲ့ ဘင်္ဘောတွေနဲ့ ပို့နေတာတော့ရှိတယ်။ ဒါပေမဲ့ စစ်တွေကို ရောက်သွားပြီးလို့ရှိရင် တခြားမြို့နယ်တွေကို ဖြန့်ဝယ်ဖို့အတွက် ကျတော့ ထွက်လို့မရဘူး။ လုံးဝပိတ်ဆို့ထားတဲ့အနေအထားမှာ ရှိတာပေါ့။ ဒီဘက် ဧရာဝတီတိုင်းတို့ဘက်က ထွက်တဲ့ပစ္စည်းတွေကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတဲ့ အနေအထားမှာရှိတယ်။ အခုနောက်ပိုင်း တရားမဝင်ကုန်စည်စီးဆင်းမှုတားဆီးရေးဆိုပြီး လုပ်လိုက်တဲ့အခါမှာ ရခိုင်မှာ ပိုပြီးတော့ အကျပ်အတည်း ဖြစ်သွားတာပေါ့”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် နေ့ကစလို့ ပြည်မနဲ့ ရခိုင်ပြည်နယ် ကုန်သွယ်ရေးလမ်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်ပင်ထားတာပါ။
အရင်က ရခိုင်ပြည်နယ်အတွက် အဓိကကုန်သွယ်ရေးလမ်းကြောင်း အနည်းဆုံး ရှစ်ခုက ဆယ်ခုအထိရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း လမ်းကြောင်းနှစ်ခုသာကျန်ရှိတော့တယ်လို့ UNDP အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပြည်တွင်းပြည်ပကုန်သွယ်မှုအားလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်နေတဲ့အတွက် ပြည်နယ်ရဲ့ လူဦးရေ ၉၅ ရာခိုင်နှုန်းလောက်ကို အန္တရာယ်ကျရောက်စေနိုင်တယ်လို့လည်း UNDP က ထောက်ပြထားပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်း ဝင်ရောက်ခွင့်ရဖို့၊ လက်ရှိကန့်သတ်ချက်တွေအားလုံး ရုပ်သိမ်းပြီး ရခိုင်ပြည်နယ်အတွင်း ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်စည်စီးဆင်းရေး ကောင်းမွန်ဖို့၊ အကူအညီပေးရေး လုပ် သားတွေကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့်ပြုဖို့နဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းအားလုံးက အာမခံဖို့လည်း UNDP က တောင်းဆိုထားပါတယ်။
UNDP ကထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
လက်ရှိ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အထဲက ၁၀ မြို့နယ်အထိ AA က သိမ်းပိုက်ထားပြီး ကျန်တဲ့ မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ AA ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။