ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အမြန် အကောင်အထည်ဖော်ဖို့ တရုတ်ကြိုးပမ်းနေ

RFA Burmese
2023.06.01
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အမြန် အကောင်အထည်ဖော်ဖို့ တရုတ်ကြိုးပမ်းနေ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကတွေ့ရစဉ်။
RFA

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံး ထိခိုက်ပျက်စီးမှုတွေ ကြုံနေချိန်မှာပဲ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ စစ်ကောင်စီရဲ့ ဥပဒေရေးရာဝန်ကြီး ဒေါက်တာသီတာဦးကို တရုတ်သံအမတ်ကြီး Mr. Chen Hai က မေလ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။

ကျောက်ဖြူမြို့ရဲ့အရှေ့မြောက်ဘက် မဒေးကျွန်းဒေသမှာရှိတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။

လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ လေ့လာရေး အင်စတီကျုရဲ့ အစီရင်ခံ စာတွေအရ အမေရိကန် ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံကုန်ကျမယ့် အဲဒီရေနက်ဆိပ်ကမ်း စီမံကိန်းကို မဒေးကျွန်းက မြေဧက ၃၇၀ နဲ့ရမ်းဗြဲကျွန်းကမြေဧက ၂၃၇ ဧကပေါ်မှာ အကောင်အထည်ဖော်မှာပါ။

ဒီအတွက်ကြောင့်ပဲ မဒေးကျွန်းဒေသခံတွေဟာ ဒီစီမံကိန်းအပေါ် စိုးရိမ်မကင်း ဖြစ်နေကြသလို သူတို့ရဲ့ဘဝ အနာဂတ်လည်း မရေမရာနဲ့ကြုံလာနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မဒေးကျွန်းဒေသ ကျောက်တန်းရွာသားတစ်ဦးကတော့ ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည် ဖော်လာရင် ရေလုပ်ငန်းလုပ်တဲ့သူတွေ အခက်အခဲကြုံရမယ်လို့ RFA ကိုပြောပါတယ်။

“နောက်ထပ်လာမယ့် စီမံကိန်းတွေကျရင် မဒေးကျွန်းဒေသခံတွေဟာ မြစ်ပြင်ကိုတောင် ထွက်လို့ရမယ့် အခြေအနေမရှိတော့ဘူး။ လာမယ့်စီမံကိန်းက ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုတော့လေ။ မြစ်ပေါ်မှာ တည်ဆောက်မှာဆိုတော့လေ။ ကျွန်တော်တို့ ရေလုပ်သားတွေ တော်တော်လေးအခက် အခဲကြုံရမှာပေါ့နော်။ တကယ်လို့ သူတို့က အလုပ်အကိုင် မဖန်တီးပေးဘူးဆိုရင် ကျွန်တော်တို့ဒေသခံတွေ တော်တော်လေး အခက်အခဲ ကြုံရမယ်”

လူဦး‌ရေ ၃၀၀၀ လောက်နေထိုင်တဲ့ မဒေးကျွန်းမှာ ၇၀ ရာခိုင်နှုန်းဟာ ရေလုပ်ငန်းကို အဓိကအားထားပြီး အသက်မွေးဝမ်းကျောင်းပြုကြသလို ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကတော့ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြပါတယ်။

မဒေးကျွန်း ရွာမရွာမှာနေတဲ့ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကလည်း ရေလုပ်သားတွေ အတွက်သင့်တော်တဲ့ အလုပ်အကိုင်ဖန်တီးပေးဖို့လိုတယ်လို့ RFA ကိုပြောပါတယ်။

“ငါးဖမ်းတာ အဓိကအခက်အခဲဖြစ်မှာပေါ့။ သူတို့ (အထူးစီးပွားရေးဇုန်ကော်မတီ) ဘက်ကတော့ ဘယ်လိုလုပ် ပေးမှာလဲတော့ မသိဘူးပေါ့။ ဒါပေမဲ့ ဒီဘက်မှာ လုပ်ငန်း (စီမံကိန်း) ဖြစ်လာပြီးဆိုရင်တော့ ကျွန်တော်တို့ရေလုပ်သားတွေက သေချာတယ် ဘာမှ လုပ်စားလို့ မရတော့ဘူး။ ဘာလို့ဆို သင်္ဘောက နေ့စဉ်နေ့တိုင်းဝင်နေမှာလေ။ ရေလုပ်သားတွေအတွက် သူတို့နဲ့သင့်တော်တဲ့ အလုပ်အကိုင်ပေါ့လေ ဥပမာ- နေ့စား အလုပ်သမားလား။ နည်းပညာပိုင်းအရ တက်ကျွမ်းတဲ့အလုပ်မျိုးလား အဲလိုမျိုးလုပ် ပေးနိုင်ရင်တော့ အဆင်ပြေပါတယ်”

ICJ လို့အတိုကောက်ခေါ်တဲ့ International Commission of Jurists အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်ကလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကြီး တစ်ခုလုံးအတွက် ဒေသခံ ၂၀၀၀၀ နီးပါးဟာ သူတို့ နေထိုင်ရာ ဒေသကနေ ဆန္ဒမပါဘဲ အတင်းအကျပ်ပြောင်းရွှေ့ရနိုင်ခြေရှိတယ်လို့ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့တဲ့ အထူးစီးပွားရေးဇုန်များအပေါ် လူ့အခွင့်အရေးအရ သက်ရောက်မှုများ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ICJ အနေနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက်တော့ ရွှေ့ပြောင်းရမယ့် ဒေသခံအရေအတွက်ကို သီးခြားဖော်ပြထားတာမရှိပါဘူး။

မဒေးကျွန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းကြည်ကတော့ ဒီစီမံကိန်းတွေကနေ ဆိုးကျိုးသက်ရောက်လာနိုင်တဲ့ ဒေသခံတွေကို ဘယ်လိုအစားထိုးတွေလုပ် ပေးမလဲဆိုတာ အခုချိန်အထိ တိတိကျကျ မသိရသေးဘူးလို့ ပြောပါတယ်။

“ကျောက်ဖြူအထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ ဦးမြင့်သိန်းတို့နဲ့ ဒေသခံတွေ ဆွေးနွေးတာရှိတယ်။ ကျွန်တော်လည်း အဲဒီအစည်းအဝေးတွေကို တက်ရောက်ဖူးတယ်။ သူတို့တွေကို ကျွန်တော်မေးတာ ဒေသဖွံ့ဖြိုးရေးဆိုတာ ဘယ်လိုလုပ်မှာလဲ။ ကျွန်တော်တို့ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်မှာလဲ။ ဒေသခံတွေ ဘယ်လိုဝင်ဆံ့မလဲ။ အဲလိုတိတိကျကျ မေးတော့ တိတိကျကျ ဖြေမယ့်သူကမရှိဘူး”

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဖို့ သဘာဝပတ်ဝန်းကျင်နဲ့ လူသား အရင်းအမြစ် ထိခိုက်နိုင်ခြေတွေကို စစ်တမ်းကောက်နေတယ်လို့သူကပြောပါတယ်။

စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကတော့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ရခိုင်ပြည်နယ်က ဒေသခံတွေအတွက်အကျိုးဖြစ်မယ့်အပြင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုလည်း ဖြစ်လာမယ်လို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်မှာလုပ်ခဲ့တဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အဲ့ဒီအပြင် ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ မြန်မာ - တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းကိုလည်း အကျိုးရှိစေမယ်လို့ပြောပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ China Desk ဖော်ပြချက်တွေ အရ တရုတ်က အကောင်အထည်ဖော်မယ့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း ၃၅ ခုရှိပြီး ဒီအထဲမှာ ရထားလမ်း၊ ကားလမ်း၊ အထူးစီးပွားရေးဇုန်၊ ဆိပ်ကမ်းနဲ့မြို့သစ် စီမံကိန်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ရေလုပ်သားတွေ တော်တော်လေး အခက်အခဲကြုံရမှာပေါ့နော်"

စုစုပေါင်း ကီလိုမီတာ ၁၇၀၀ နီးပါး(မိုင်တစ်ထောင်ကျော်) ရှည်လျားမယ့် တရုတ်-မြန်မာစီးပွားရေး စင်္ကြံဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ကူမင်းနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအရ အချက်အခြာကျတဲ့ မူဆယ်၊ မန္တလေး၊ ရန်ကုန်နဲ့ ကျောက်ဖြူမြို့တွေကို ကုန်းလမ်းကနေ ချိတ်ဆက်ဖြတ်သန်းမှာ ဖြစ်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ လေ့လာစောင့်ကြည်သူ တစ်ဦးကတော့ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းဟာ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် အဓိကကျတဲ့ စီမံကိန်း ဖြစ်တယ်လို့ပြောပါတယ်။

“အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်အနေနဲ့ကတော့ ကုန်းတွင်းပိတ်ယူနန်ပြည်နယ် အတွက်ကတော့ အဓိကကျတဲ့ စီမံကိန်းဖြစ်တယ်။ ဒါပေမဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတစ်ခုတည်းနဲ့တော့ မပြီးဘူး။ ရထားလမ်း ထပ်ပြီးတော့ဆက်မှ တရုတ်ပြည်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရောက်သွားမှာ ရထားလမ်းမရှိလို့လည်း မရဘူး။”

တရုတ်နိုင်ငံရဲ့ ပိုးလမ်းမစီမံကိန်းထဲမှာ အဓိကပါဝင်နေတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို ထပ်ပြီးသတင်းစကားပါးတာဟာ တရုတ်ဗဟိုအစိုးရရဲ့မူဝါဒ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်အစိုးရတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို လိုက်နာလေ့မရှိတာကြောင့် ရခိုင်ပြည်နယ်ထဲက ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မျက်ကွယ်ပြုပြီး သူတို့အကျိုးစီးပွားအတွက် လုပ်နေတာလို့ ထောက်ပြပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းလုပ်ငန်းခွင်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကတွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းလုပ်ငန်းခွင်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကတွေ့ရစဉ်။ (Photo: RFA)

“တရုတ်ကွန်မြူနစ်အစိုးရတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိတဲ့ အစိုးရတွေဖြစ်တာများပါတယ်။ ရခိုင်ပြည်မှာ မိုခါမုန်တိုင်းကြောင့် ပြိုပျက်သွားနေတာတွေ ဘာတွေပဲ ဖြစ်ဖြစ် သူ့ရဲ့နဂိုမူလအစီအစဉ် ဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအောင်မြင်ဖို့ အရေးကြီးပါတယ်။ အဲတော့ ကမ္ဘာမီးလောင် သားကောင်ချနင်း မူဝါဒအတိုင်း ကျင့်သုံးနေတာဖြစ်ပါတယ်”

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီက သဘာဝ ဘေးအန္တရာယ်ကျရောက်တဲ့ ဒေသအဖြစ် မေလ ၁၅ ရက်က ကြေညာထားခဲ့သလို ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်မယ့် မဒေးကျွန်းမှာလည်း ဒေသခံတွေရဲ့ နေအိမ်နဲ့ စာသင်ကျောင်းတွေ ပြိုကျပျက်စီးမှုလည်း ရှိခဲ့ပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ပြောဆိုခဲ့တာနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို NLD အစိုးရလက်ထက်၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနဲ့ တရုတ်အစိုးရရဲ့ China International Trust Investment Corporation (CITIC) Consortium တို့ မူဘောင်သဘောတူညီချက် ရေးထိုးခဲ့ပြီး CITIC Consortium ဘက်က ရင်းနှီးမြှုပ်နှံမှု ၇၀ ရာခိုင်နှုန်းနဲ့ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းဖြစ်ပါတယ်။

ဒီအပြင် ၂၀၂၀ ပြည့်နှစ် ဇန်ဝါရီလမှာ Shareholder Agreement နဲ့ နိုဝင်ဘာလထဲမှာ Concession Agreement ထပ်ပြီး လက်မှတ်ရေးထိုးခဲ့ပါတယ်။

CITIC Consortium ထဲမှာ CITIC group ၊ China Harbour Enginerring ၊ China Merchants Holdings (International) ၊ TEDA Investment ၊ Yunnan Construction Engineering Group နဲ့ Thailand Charoen Pokphand Group တို့ပါတယ်လို့ တရုတ်အစိုးရအာဘော် ဆင်ဟွာသတင်းက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။