ရခိုင်မှာ မြေမြှုပ်မိုင်းအန္တရာယ် ကြီးထွားလာနေ

RFA Burmese
2024.07.26
ရခိုင်မှာ မြေမြှုပ်မိုင်းအန္တရာယ် ကြီးထွားလာနေ ဂွမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားသည့် ဒေသခံအား လူမှုကူညီရေးအသင်းမှ သယ်ဆောင်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဘက်က မြေမြှုပ်မိုင်း အသုံးပြုမှုကြောင့် အရပ်သား သေဆုံး၊ ထိခိုက်မှုတွေ တိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ ဒီနှစ် ဧပြီလကနေ ဇူလိုင်လ ၂၅ ရက်အထိ ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၁ ဦး ရှိခဲ့ပါတယ်။

ဒီနှစ်ဆန်းပိုင်း တိုက်ပွဲတွေပြင်းထန်နေချိန် အရပ်သားတွေ အိမ်အပြင်မထွက်တဲ့အတွက် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူဟာ မရှိသလောက်နည်းပါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရွာတွေ ပတ်ပတ်လည် လမ်းတွေ၊ တောင်တွေမှာ မိုင်းထောင်ထားတော့ ဒေသခံတွေ အတော်လေး အခက်အခဲ ဖြစ်တာပေါ့”

လက်ရှိမှာတော့ မြေမြှုပ်မိုင်းအန္တရာယ်ကို စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဒေသတွေအပြင် တိုက်ပွဲမရှိတဲ့ နေရာတွေက ဒေသခံတွေကပါ ရင်ဆိုင်နေရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ဂွ၊ ကျောက်ဖြူ၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား တွေ ဆက်တိုက်ထိခိုက်၊ သေဆုံးတာတွေ ရှိနေပါတယ်။

တိုက်ပွဲမဖြစ်တဲ့ ဂွမြို့နယ်မှာ ဇူလိုင်လ ၂၄ ရက်နေ့ကပဲ မြေမြှုပ်မိုင်းနင်းမိပြီး ဒေသခံတစ်ဦး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တောထဲ တညင်းသီးသွားခူးပြီးအပြန်မှာ မိုင်းနင်းမိတာ။ တစ်ယောက်က ဘာမှမဖြစ်ဘူး။ တစ်ယောက်တော့ ခြေထောက်နှစ်ဖက်လုံးပြတ်ပြီးသေသွားတာ။ ကျွန်တော်တို့ သွားတဲ့အချိန်မှာ အသက်မမီလိုက်တော့ဘူး။ မြို့အနီးအနားမှာဖြစ်တာ။ လောလောဆယ်တော့ ဒေသခံတွေ မသွားရဲ၊ မလာရဲဖြစ်နေတော့ တောတောင်တွေကို မှီခိုပြီးစား သောက်နေရတဲ့သူတွေ အခက်အခဲဖြစ်တာပေါ့”


ဆက်နွှယ်သောသတင်းများ

သံတွဲနဲ့ မောင်တောမှာ မိုင်းအန္တရာယ် သတိထားဖို့ AA ထုတ်ပြန်

ဧပြီလအတွင်း ရခိုင်မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ဗုံးကြောင့် ကိုးဦး သေဆုံး၊ အယောက် ၂၀ ဒဏ်ရာရ

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲလက်နက်ပစ္စည်းကြောင့် အရပ်သားထိခိုက်မှု သုံးဆတိုးလာ


စစ်ကောင်စီတပ်က အဲဒီနေရာတွေကို မသွားလာဖို့ သတိပေးထားပေမဲ့ ဒေသခံတွေကတော့ စားဝတ်နေရေး အခက်အခဲကြောင့် စွန့်စားသွားလာနေကြတယ်လို့ သူက ပြောပါတယ်။

ကျောက်ဖြူမြို့ပတ်လည်မှာလည်း စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ ကျောက်ဖြူဘက်မှာဆိုလို့ရှိရင် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းထောင်ထားတော့ စွန့်လွှတ် လိုက်ရတဲ့ လယ်ယာမြေတွေရှိတယ်။ သူတို့ မိုင်းထောင်တာက အရပ်သားပြည်သူတွေ သွားလာတဲ့ တောလမ်းတွေမှာ ပိုပြီးတော့ ထောင်တာတွေ့ရတယ်။ စစ်ဖြစ်တဲ့ နေရာတွေမဟုတ်ဘဲ မြို့ပေါ်ကို ဝင်လို့ရတဲ့ ရွာတွေရှိတယ်။ အဲဒီရွာတွေ ပတ်ပတ်လည် လမ်းတွေ၊ တောင်တွေမှာ မိုင်းထောင်ထားတော့ ဒေသခံတွေ အတော်လေး အခက်အခဲ ဖြစ်တာပေါ့”

စစ်ကောင်စီတပ်က သူတို့တပ်စခန်းတွေနဲ့ စိုးမိုးနယ်မြေတွေကို ကာကွယ်ဖို့ မြေမြှုပ်မိုင်းတွေ အသုံးပြုနေပြီး စခန်းတွေကနေ ဆုတ်ခွာသွားရင်တောင် မိုင်းတွေချန်ခဲ့တယ်လို့ မိုင်းအန္တရာယ် အသိပညာပေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။

တောင်ကုတ်မြို့နယ် ဒုံရွာတွင် မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူနှစ်ဦးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဥ်။ (ဓာတ်ပုံ - Facebook/တောင်ကုတ်လူမှုကူညီရေးအသင်း)
တောင်ကုတ်မြို့နယ် ဒုံရွာတွင် မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူနှစ်ဦးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဥ်။ (ဓာတ်ပုံ - Facebook/တောင်ကုတ်လူမှုကူညီရေးအသင်း)

ဒါဟာ ဒေသခံတွေအတွက် ကြီးမားတဲ့အန္တရာယ်တစ်ခုဖြစ်လာတယ်လို့ လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ (ACRO) ညွှန်ကြားရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေကို အကာအကွယ်အနေနဲ့ အသုံးပြုလို့ အခုလို အထိအခိုက်တွေ များနေတာလို့ ကျွန်တော်တို့ သုံးသပ်တယ်။ နောက်ပြီးတော့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာတွေမှာလည်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ ပေါက်ကွဲတာလည်း ရှိတယ်ပေါ့နော်။ အခုနောက်ပိုင်း ပြည်သူတွေကလည်း စားဝတ်နေရေး ကျပ်တည်းတာတွေများလာတော့ မိုင်းတွေရှိနိုင်တဲ့ နေရာတွေအထိ သွားပြီးတော့ စားသောက်ဖို့အတွက် ရှာရတာတွေရှိတယ်။ ဒါကြောင့် မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်က ဆိုးဝါးနေတာ ဖြစ်ပါတယ်”

အခုလို မြေမြှုပ်မိုင်းအသုံးပြုမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုရော အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကိုပါ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်ကတော့ AA က ရခိုင်ပြည်နယ်အတွင်း မြို့ပတ်ဝန်းကျင်၊ လမ်းတွေ၊ တံတားတွေ၊ တပ်ရင်း၊ တပ်စခန်းတွေအနီး စစ်ကောင်စီတပ်ရဲ့ စွန့်လွှတ်မိုင်းတွေ ရှိနေတာကြောင့် ဒေသခံတွေ သတိထားသွားလာကြဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီရင်ခံစာတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုတွေကြောင့် အရပ်သားသေဆုံး ထိခိုက်မှုတွေ အဆမတန်တိုးလာပါတယ်။

UNICEF စာရင်းအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ် မတ်လအထိ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပစ္စည်းပေါက်ကွဲမှု ၁,၂၁၄ ကြိမ်ဖြစ်ခဲ့ပြီး ၄၂၂ ဦး သေဆုံးကာ ၁,၆၄၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

အာဏာမသိမ်းခင် ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ခြောက်နှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှု ၇၈၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၅၄ ဦးသေဆုံးကာ ၉၅၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။