မဒေးကျွန်း သံဇစ်မြစ် တူးဖော်ရေးစီမံကိန်းကြောင့် ဒေသခံတွေ အခက်ကြုံ
2024.07.22
ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ် မဒေးကျွန်းက ရေနံတွေကိုသယ်မဲ့ တရုတ်ရေနံတင် သင်္ဘာကြီးတွေ အလွယ်တကူ ဝင်ထွက်သွားလာနိုင်အောင် ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းဖို့အတွက်ဆိုပြီး သံဇစ်မြစ် ရေလမ်းကြောင်းတူးဖော်တဲ့ စီမံကိန်းကို စစ်ကောင်စီက ဇူလိုင် ၁၅ ရက်နေ့မှာ စတင်လိုက်ပါတယ်။
စီမံကိန်းက စက်တင်ဘာ ၃၀ ရက်နေ့အထိ နှစ်လခွဲခန့်ကြာမှာဖြစ်ပြီး အဲဒီကာလအတွင်း သံဇစ်မြစ်ထဲ ဖြတ်သန်းသွားလာတာ၊ ငါးဖမ်းတာတွေမလုပ်ဖို့ ဒေသခံတွေကို စစ်ကောင်စီက တားမြစ်ထားပါတယ်။
ဒီလို ရက်ရှည်ပိတ်လိုက်တာကြောင့် အဲဒီမြစ်ကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ တံငါသည်တွေအပါအဝင် ဒေသခံတွေအတွက် ထိခိုက်နစ်နာစေတယ်လို့ ဒေသခံ ဦးဖိုးမောင်က ပြောပါတယ်။
“ကျောက်ဖြူဒေသဟာ ရေလမ်းကြောင်းနဲ့ပဲ သွားလာတာတွေ အများကြီးရှိတဲ့ ဒေသတစ်ခုဖြစ်တယ်။ အဲဒီဒေသမှာ ဒီလိုရေလမ်းကြောင်းကို ရက်ရှည်ရှည်နဲ့ ပိတ်ပစ်လိုက်မယ်ဆိုတော့ သွားလာနေတဲ့ ဒေသခံတွေအတွက်ရော ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့လူတွေအတွက်ရော အတော့်ကို ဒုက္ခရောက်မယ်လို့ အဲဒီလိုမြင်မိပါတယ်။ ဒီအရပ်သား ပြည်သူလူထုအနေနဲ့ ဒုက္ခတွေ ပိုပြီးဖြစ်သွားအောင်ဆိုပြီး တမင်လုပ်သလို အဲဒီလိုဖြစ်နေတယ်ခင်ဗျာ”
ဇူလိုင် ၃ ရက်နေ့ကထုတ်တဲ့ စစ်ကောင်စီ ကြေညာချက်မှာ ဒီစီမံကိန်းလုပ်ငန်း မကြန့်ကြာအောင် လုပ်ငန်းခွင်ဧရိယာရဲ့ ငါးရာမီတာပတ်လည်အတွင်း သင်္ဘောကြီးငယ်တွေ၊ ကုန်တင်စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေ၊ စက်တပ်လှေတွေ ဖြတ်သန်းသွားလာတာ၊ ကျောက်ချရပ်နားတာ၊ ငါးဖမ်းတာ၊ ငါးဖမ်းကိရိယာတွေ ချတာတွေမလုပ်ဖို့ တားမြစ်ထားပါတယ်။
“မဒေးကျွန်းပေါ်က ဒေသခံတွေဟာ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအပြင် အငတ်ဘေးနဲ့ပါ ရင်ဆိုင်ရနိုင်တယ်”
စစ်ကောင်စီက သံဇစ်မြစ် ပြုပြင်ထိန်းသိမ်းရေး အကြောင်းပြချက်နဲ့ ပိတ်ဆို့လိုက်တာကြောင့် အဲဒီမြစ်ကြောင်းကို အမှီပြုပြီး မြို့ပေါ်ကို သွားလာနေရတဲ့ မဒေးကျွန်းပေါ်က ဒေသခံတွေဟာ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအပြင် အငတ်ဘေးနဲ့ပါ ရင်ဆိုင်ရနိုင်တယ်လို့ ဒေသခံ ဦးမောင်သာဇံက ပြောပါတယ်။
“ရက်ပေါင်း ရှစ်ဆယ်လောက်အထိ ပိတ်ပစ်လိုက်မယ်ဆိုရင် ဒီလူတွေကငတ်လို့ သေသွားနိုင်တဲ့အထိ အခက်အခဲရောက်နိုင်တယ်။ ဘယ်လိုဖြစ်လာမလဲဆိုရင် ပြောကောင်းတဲ့စကားတော့ မဟုတ်ဘူး။ ဆူပူသွားမယ်၊ ကျွန်းမှာ ဒီလူတွေက သွားစရာလမ်းမရှိ။ တံငါသည်ဘဝနဲ့ လုပ်စားနေကြတာတွေကို မပိတ်စေချင်ဘူး။ နောက်တစ်ခုက သွားလို့လာလို့လည်း ထိုကမ်းဒီကမ်းလည်း ရောက်စေချင်တယ်။ ဆိုတော့ အဲဒီလိုသာ ခွင့်မပြုဘူးဆိုရင်တော့ ဒီလူတွေကတော့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အားလုံးချို့တဲ့ကြမယ်”
ကျောက်ဖြူမြို့နဲ့ မဒေးကျွန်းဟာ ဆယ်မိုင်ခန့်ဝေးပြီး အဲဒီကျွန်းပေါ်မှာရှိတဲ့ ရွာမ၊ ကျောက်တန်း၊ ပရိမ်၊ ငတောက်တူတောင်၊ ပန်းတူချေ၊ ကျောက်ရွာကြီးစတဲ့ ကျေးရွာခြောက်ရွာက အိမ်ထောင်စု ရှစ်ရာ၊ လူဦးရေ သုံးထောင်ဝန်းကျင်ဟာ စစ်ကောင်စီ လက်ရှိပိတ်ဆို့ထားတဲ့ မြစ်ကို အသုံးပြုသွားလာနေကြရတာပါ။
အဲဒီရေလမ်းကြောင်းကို ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန် တိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ နောက်ပိုင်းကစပြီး စစ်ကောင်စီက ပိတ်ဆို့ထားခဲ့ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးနဲ့ ရဲစခန်းတို့က ထောက်ခံစာတွေပါရင်တော့ ဖြတ်သန်းသွားလာခွင့်ရခဲ့ပေမဲ့ အခုတော့ ဒီစီမံကိန်းကာလ နှစ်လခွဲအတွင်း လုံးဝသွားလာခွင့်ရတော့မှာ မဟုတ်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဇူလိုင် ၁၃ ရက်နေ့ ညကတည်းက မြစ်အတွင်းက ငါးဖမ်းလှေတွေကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်ခတ်ခြိမ်းခြောက်ပြီး နှင်ထုတ်ခဲ့တယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။
သံဇစ်မြစ်ရေလမ်းကြောင်း တူးဖော်တဲ့စီမံကိန်းကို စစ်ကောင်စီ ရေနံနဲ့သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ တရုတ်အစိုးရပိုင် လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ CNPC-SEAP တို့ ပူးပေါင်းထားတဲ့ အရှေ့တောင်အာရှ ရေနံပိုက်လိုင်း ကုမ္ပဏီလီမိတက် (South-East Asia Crude Oil Pipeline Company limited) တို့ အကောင်အထည်ဖော်နေတာပါ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း အခုလိုတူးဖော်ခဲ့ပြီး အဲဒီအချိန်က မြစ်အတွင်း ငါးမျိုးစိပ်တချို့နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို တရုတ်ပညာရှင်သုံးရာကျော်နဲ့ စက်ယန္တရားတွေ ရောက်လာ
တရုတ်စီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ရေး တရုတ်နဲ့ စစ်ကောင်စီ ဆွေးနွေး
ကျောက်ဖြူစီမံကိန်း အမြန်အကောင်အထည်ဖော်ဖို့ တရုတ်နဲ့ စစ်ကောင်စီကြိုးပမ်း
ကျောက်ဖြူမြို့နယ်က ဒေသခံ ကိုထွန်းကြည်က စစ်ကောင်စီ စီမံကိန်းကြောင့် ဒီမြစ်ကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေတဲ့ ဒေသခံတွေ လုပ်ငန်းအားလုံး ပျက်စီးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
“နဂိုရှိနေတဲ့ ငါးမျိုးစိပ်တွေ အများကြီးပျောက်ကွယ်သွားခဲ့ရတယ်ပေါ့နော်။ ဆိုတော့ အခုထပ်ပြီးတူးတယ် ဆိုလို့ရှိရင်တော့ ဒီသံဇစ်မြစ်ပေါ်မှာ မှီခိုနေတဲ့ဒေသခံတွေအတွက်က ရေရှည် ဒီငါးဖမ်းခြင်းလုပ်ငန်းတွေ အကုန်လုံးပျက်စီးသွားမယ်။ ဆိုတော့ ဒီသဘာဝပတ်ဝန်းကျင် ပျက်စီးမှုက ကျိန်းသေပေါက် ကြုံရမှာပါပဲ။ အခုလို အာဏာရှင်စနစ်မှာဆိုရင် ပိုပြီးဆိုးတာပေါ့လေ”
ဒီစီမံကိန်းကြောင့် ၂ဝ၁၃ ခုနှစ်က အခွင့်အရေး ဆုံးရှုံးနစ်နာခဲ့ရတဲ့ ရေလုပ်သား တံငါသည်တွေကို အကူအညီ အထောက်အပံ့တွေပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ဘာမှဖြစ်မလာခဲ့ဘူးလို့လည်း ကိုထွန်းကြည်က ပြောပါတယ်။
တရုတ်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဒီသံဇစ်မြစ် တူးဖော်ရေးစီမံကိန်းဟာ ဒေသခံတွေအတွက် အကျိုးမရှိသလို သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေပါ ကြုံနေရတာကြောင့် ဒေသခံတွေနဲ့ ရခိုင်ပြည်သူတွေက မလိုလားကြဘူးလို့ သူကဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် မေးမြန်းခဲ့ရာမှာ သက်ဆိုင်ရာကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်ဖို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ကတော့ နိုင်ငံတကာမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ တရုတ်လုပ်ငန်းရှင်တွေကို ဒေသန္တရဆိုင်ရာ ဥပဒေ၊ စည်းမျဥ်းစည်းကမ်းတွေ လေးစားလိုက်နာဖို့၊ စီမံကိန်းရှိရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးရမဲ့ လူမှုတာဝန်တွေ ကျေပွန်ဖို့၊ ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ဖို့တို့ကို အမြဲတစေ တောင်းဆိုကြောင်းလည်း အကြောင်းပြန်စာမှာ ဖော်ပြထားပါတယ်။
RFA က CNPC ကုမ္ပဏီကို အီးမေးလ်ကနေတစ်ဆင့် ဆက်လက်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။ အလားတူ ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းမကိုင်ပါဘူး။ စစ်ကောင်စီရဲ့ ဒီတားမြစ်ချက်ကြောင့် မိရိုးဖလာ ငါးဖမ်းလုပ်ငန်းနဲ့ ရပ်တည်နေကြတဲ့ မဒေးကျွန်းပေါ်က ဒေသခံတွေတင်မကဘဲ ကျောက်ဖြူမြို့အပါအဝင် မြို့ချောင်းကျွန်း၊ ငစရိုင်းကျွန်းပေါ်မှာရှိတဲ့ အမှတ်(၇)၊ အမှတ်(၈) တိုက်နယ်က ကျေးရွာပေါင်း ၇၃ ရွာက ဒေသခံတွေ အခက်အခဲကြုံရတယ်လို့ ပြောကြပါတယ်။
တရုတ်ရဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ ၃၇၀ ဧကနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ရမ်းဗြဲကျွန်းပေါ်က ၂၃၇ ဧက၊ စုစုပေါင်း မြေဧရိယာ ၆၀၇ ဧကမှာ အကောင်အထည် ဖော်နေတာပါ။ အဲဒီရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ပင်လယ်ကူးသင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မဲ့ဆိပ်ကမ်း ဆယ်ခုပါဝင်ပါတယ်။