ရခိုင်သတင်းမျှဝေမှတ်ချက်ပေးသူတွေ ခြိမ်းခြောက်ခံနေရ
2023.12.08
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိကဖော်ပြနေတဲ့ Western News , Narinjara , Development Media Group , Border News Agency , Arakan Bay News – ABN , Cuckoo Chay Vlog , Arakan Princess Media , Voice Of Westland , One Nation News စတဲ့ သတင်းဌာနတွေမှာ ဖော်ပြနေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မျှဝေတာ၊ မှတ်ချက်ပေးတာတွေကို စောင့်ကြည့်အရေးယူသွားမယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ အာဘော်သတင်းတွေကို အဓိကဖော်ပြနေတဲ့ ရခိုင်နေ့စဉ် သတင်းစာမျက်နှာနဲ့ အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဒီဇင်ဘာလ ၅ ရက်နဲ့ ၇ ရက်နေ့တွေမှာ ဆက်တိုက်ဖော်ပြနေပါတယ်။
ပြည်ပမှာ နေထိုင်သူတွေဖြစ်ခဲ့ရင်လည်း ဗီဇာသက်တမ်းတိုးချိန်မှာ ဖမ်းဆီးအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
“လူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အဓိကထား တားချင်တဲ့အတွက်လို့ ကျွန်တော် ထင်ပါတယ်"
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ရေးသားဖော်ပြတာတွေနဲ့ ပတ်သက်လို့ စစ်တွေနဲ့ အမ်းမြို့တွေက အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရခိုင်သတင်းဌာနတွေက သတင်းတွေကို ထပ်ဆင့်ဖော်ပြတာ၊ မှတ်ချက်ပေးတာနဲ့ ပတ်သက်လို့ တိုက်ရိုက်သက်ဆိုင်မှု ရှိ၊ မရှိတော့ ဖော်ပြထားတာမရှိပါဘူး။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာတော့ ရခိုင်နေ့စဉ်က ဖော်ပြတဲ့သတင်းဟာ သတင်းတု၊ သတင်းမှားသာဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရက တရားဝင်ထုတ်ပြန်ထားတာ မရှိဘူးလို့ ဒီဇင်ဘာလ ၇ ရက်နေ့က ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီနဲ့ နီးစပ်သူတွေကတော့ ရခိုင်နေ့စဉ် သတင်း စာမျက်နှာဟာ စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) က ထိန်းချုပ်ပြီး သတင်းတွေ ဖြန့်ဝေနေတာလို့ ပြောကြပါတယ်။
ဒါဟာ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖုံးကွယ်ဖို့ ရခိုင်သတင်းဌာနတွေကို ခြိမ်းခြောက်လာတာလို့ WesternNews သတင်းဌာန အယ်ဒီတာချုပ် ဝဏ္ဏခွာညို က ပြောပါတယ်။
“ဒီလိုမီဒီယာတွေရှိနေတာ သူတို့ မလိုချင်ဘူး၊ သူတို့ မမြင်ချင်ဘူးပေါ့နော်။ တရားစွဲမယ် ခြိမ်းခြောက်မှုတွေ တောက်လျှောက်လုပ်တယ်ပေါ့။ အရင်ကလည်း ရခိုင်ကမီဒီယာတွေ ကို ချိပ်ပိတ်တာတွေ၊ သတင်းထောက်တွေကို ဖမ်းဆီးတာတွေ တောက်လျှောက်လုပ် လာတယ်။ သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သူတို့ကိုယ်သူတို့ သိတယ် ဒါပေမဲ့ ပြည်သူတွေကို ဖုံးကွယ်ချင်တဲ့ဆန္ဒနဲ့ ရခိုင်မှာရှိတဲ့ သတင်းဌာနတွေကို တောက်လျှောက် ခြိမ်းခြောက်မှု လုပ်လာတဲ့အနေအထားတွေ့ရတယ်။ အခုတစ်ခါထပ်ပြီးတော့ သတင်းမျှဝေတာတွေ၊ ကော်မန့်ရေးတဲ့လူတွေကိုတောင် သူတို့ ဖမ်းဆီးအရေးယူဖို့ ဆိုတာကို ခြိမ်းခြောက်လာတဲ့ အနေအထားတွေ့ရတယ်။ စစ်တပ်က ငါတို့ ရှုံးနိမ့်ပြီ ဆိုတဲ့ဟာကို သက်သေပြလိုက်တယ်”
Western News သတင်းဌာန အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုနဲ့ တခြားသတင်းထောက် တစ်ဦးတို့ကို မဟုတ်မမှန် သတင်းဖော်ပြတယ်ဆိုပြီး စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အစောပိုင်းမှာ အကြည်ညို ပျက်အောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ - ၁၂၄ - က တို့နဲ့ တရားစွဲဆိုခံထားရပါတယ်။
Border News Agency အယ်ဒီတာချုပ် ကောင်းမြတ်နိုင်ကတော့ သတင်းဌာနတွေအပေါ် ခြိမ်းခြောက်တာဟာ စစ်ကောင်စီရဲ့ ကျရှုံးမှုတစ်ခုဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“ရခိုင်မှာ တိုက်ပွဲတွေ ပြန်ပြီးစတင်လာတဲ့နောက်မှာ ရခိုင်မီဒီယာတွေကို အမှုဖွင့်တာ ဖမ်းဆီးအရေးယူတာတွေလုပ်လာတယ်။ အခုနောက်ပိုင်းကျရင် မီဒီယာတွေသာမကဘူး ဒီသတင်းစားသုံးသူတွေဖြစ်တဲ့ ပြည်သူတွေကိုတောင် ပစ်မှတ်ထားပြီးတော့ ဖမ်းဆီး အရေးယူတာတွေ လုပ်လာတယ်။ အဲဒီအပြင်ဘာလဲဆိုတော့ ဒီပြည်သူတစ်ယောက်ချင်း စီရဲ့ သတင်းသိပိုင်ခွင့်နဲ့ သူတို့ရဲ့ ဒီပုဂ္ဂိုလ်ရေးဆိုင်ရာ ကြိုက်နှစ်သက်မှုနဲ့ ဖတ်ရှု့တာ၊ လေ့လာတာ လိုက် (like) တွေ ပေးတာကိုကအစ အရေးယူမယ်လို့ ပြောလာတာဟာ သူတို့ရဲ့ ကျဆုံးမှု နောက်ဆုံးအချိန်ရောက်နေပြီလို့ ဖော်ပြတာပေါ့နော်။ ဒါဟာ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးကို ရန်သူသဖွယ်သဘောထားပြီးတော့ ဖမ်းဆီးနှိပ်စက်မယ်၊ ဖမ်းဆီးသတ်ဖြတ်မယ်ဆိုပြီးတော့ ဒါသူတို့က တရားဝင်ထုတ်ဖော်ပြောဆိုလိုက်တာပဲ”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က စစ်ဆေးဂိတ်တွေ တိုးချဲ့ပြီး ပြည်သူတွေကို မလိုအပ်ဘဲ စစ်ဆေးတာ၊ ငွေကြေးတောင်းခံတာတွေရှိကြောင်း သတင်းဖော်ပြခဲ့လို့ Border News Agency ကိုလည်း ပြီးခဲ့တဲ့ မတ်လက မဟုတ်မမှန်သတင်းဖော်ပြတယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို သတင်းတွေကတစ်ဆင့် ပြည်သူတွေသိပြီး ဆန့်ကျင်မှာကို ဟန့်တားချင်ပုံရတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု-အသံ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ကိုနော်စိုင်းက ပြောပါတယ်။
“လူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အဓိကထား တားချင်တဲ့အတွက်လို့ ကျွန်တော် ထင်ပါတယ်။ ဒီစစ်ကောင်စီကို မကြိုက်တဲ့၊ ဆန့်ကျင်တော်လှန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချနေတဲ့ လူထုရဲ့ သဘောထားတွေကို အဓိကထား ပိတ်ပင်ချင်တာဖြစ်ပါတယ်။ သူတို့ကို ဆန့်ကျင်တယ်ပေါ့နော်။ လူထုကြားမှာဒီ စည်ရုံးပြင်ဆင်သလို ဖြစ်သွားမှာကို အဓိက စိုးရိမ်တာပါ။ ဒီလိုမျိုး စည်းရုံးပြင်ဆင်မှုတွေ ဖြစ်သွားတဲ့အခါကျရင် လူထုအားပေါ့နော် ပိုပြီးတော့ ကြီးမာလာတယ်။ ပိုပြီးတော့ ကြီးမားလာတာကို အဓိကထားကာကွယ်ချင်တဲ့အတွက်လို့ ကျွန်တော် ထင်ပါတယ်”
ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို မလိုလားဘူးဆိုတာ ပြသနေတာပဲလို့ ဝေဖန်ပါတယ်။
“ရခိုင်သတင်းဌာနတွေအောက်မှာ ကော်မန့်ပေးတာတွေကို ဖမ်းမယ်ဆီးမယ်ဆိုပြီးတော့ ကြေညာချက် ထုတ်တာကတော့ ဒါဟာတော်တော်လေး သွေးရူးသွေးတန်းလုပ်တဲ့ကိစ္စပဲ ပြောရမှာဖြစ်ပါတယ်။ တစ်ဖက်မှာ ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို လုံးဝမလိုလားဘူးဆိုတာ ပြသနေတာဖြစ်သလို၊ ပြည်သူတွေကို အကြီးအကျယ် ကြေက်ရွံ့တုန်လှုပ်ပြီးတော့ ဒီစစ်ကောင်စီဟာ ဆောက်တည်ရာမရဖြစ်နေပြီဆိုတာ ဖော်ပြနေတာလို့ပဲ ပြောလိုပါတယ်ဗျ”
ရခိုင်သတင်းဌာနတွေရဲ့ သတင်းဖော်ပြမှုတွေကိုပါ ခြိမ်းခြောက်နေတာနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်အသုံးပြုတဲ့ ရခိုင်ဒေသခံတစ်ဦးကတော့ စစ်ကောင်စီက အခုလို ခြိမ်းခြောက်အကျပ်ကိုင်တာဟာ လူမဆန်တဲ့လုပ်ရပ်ပဲလို့ ပြောပါတယ်။
“ဒီပြည်သူလူထုဆိုတာက ဘာအရောင်အသွေးမှမရှိဘူး။ သူတို့မှာ ငိုစရာရှိရင်ငိုမယ်၊ ရယ်စရာရှိရင်ရယ်မယ်ဗျာ။ ဟို ပျော်စရာရှိရင်ပျော်မယ်၊ ဒါဝမ်းနည်းစရာရှိရင် ဝမ်းနည်းမယ်။ ဒါကတကယ်ပကတိအနေအထားပဲ ဘာလို့လဲဆိုတော့ အဲဒီလို အနေအထားရောက်အောင် တွန်းပို့တာကလည်း သူတို့ပဲလေ။ ဟိုအုပ်ချုပ်သူဆိုတာက ပြည်သူလူထုကို ရယ်စေနိုင်တယ်၊ ငိုစေနိုင်တယ်ဗျာ။ တကယ့်ဇာတ်ရုပ်တစ်ရုပ်ကို သူတို့ ဘယ်လို ကပြလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ပြည်သူက ချရေးတာပဲလေ။ ဒါခံစားတာပဲ အဲဒါကို မခံစားနဲ့လို့ တားတာက တကယ်လူမဆန်တဲ့ လုပ်ရပ်တစ်ခုလို့ ရှုမြင်တယ်”
စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမားတွေကို ပစ်မှတ်ထားအရေးယူတာတွေ ကြောင့် ရခိုင်က အချို့သတင်းဌာနတွေ ရပ်နားထားရသလို ရခိုင်အခြေစိုက် သတင်းထောက် အယောက် ၃၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။