မြေရှားသတ္တု အလွန်အကျွံတူးဖော်မှုဆိုးကျိုး ဒေသခံတွေ ရင်ဆိုင်နေရ

RFA Burmese
2024.06.10
မြေရှားသတ္တု အလွန်အကျွံတူးဖော်မှုဆိုးကျိုး ဒေသခံတွေ ရင်ဆိုင်နေရ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်မှာရှိတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကနေ ၂ဝ၂၃ ခုနှစ်မှာ တရုတ်နိုင်ငံကို တန်ချိန် (၄၁,၇၀၀) ပို့ဆောင်ခဲ့တယ်လို့ ကမ္ဘာ့သဘာဝသယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ရဲ့ မေလ ၂၃ ရက်နေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံကို ၂၀၂၁ ခုနှစ်က တန်ချိန် ၁၉,၅၀၀ တင်ပို့ခဲ့တာကြောင့် ဒါဟာ နှစ်ဆကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ စိုးမိုးထားတဲ့ ကချင်အထူးဒေသ (၁) ပန်ဝါမြို့နဲ့ ချီဖွေမြို့နယ်မှာ ၂၀၂၁ နဲ့ ၂၀၂၃ အတွင်း မြေရှားသတ္တုတူးဖော်မှု လေးဆယ်ရာခိုင်နှုန်း မြင့်တက်လာပြီး သတ္တုဆိုက်ပေါင်း သုံးရာကျော်အထိ ရှိလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

"သဘာဝပတ်ဝန်းကျင်အတွက် အလွန်အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေထည့်ပြီး ထုတ်ယူရတဲ့လုပ်ငန်းဖြစ်တာကြောင့် ဒီမြစ်ချောင်းတွေ၊ တောတောင်တွေ ပျက်စီးတာပေါ့နော်"

၂ဝ၂၃ ခုနှစ်မှာ မြေရှားသတ္တု တင်ပို့ရောင်းချတာကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်း ဝင်ငွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

အရှိန်အဟုန်နဲ့ မြေရှားသတ္တုတူးဖော်လာတဲ့ နောက်ဆက်တွဲကတော့ သတ္တုတူးဖော်ရာမှာသုံးတဲ့ ဓာတုဆေးရည်တွေကြောင့် မိုင်းလုပ်သားတွေနဲ့ ဒေသခံတွေ ကျန်းမာရေးထိခိုက်ရသလို သဘာဝပတ်ဝန်းကျင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်စေတယ်လို့ Global Witness အစီရင်ခံစာက ထောက်ပြထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပန်ဝါဒေသခံတစ်ဦးက မြေရှားသတ္တု တူးဖော်မှုတွေကြောင့် သဘာဝကို မှီခိုနေထိုင်စားသောက်ရတဲ့ ဒေသခံတွေ ဒုက္ခရောက်ရတော့မယ်လို့ RFA ကို ပြောပါတယ်။

“သူတို့ တရုတ်တွေကတော့ သူတို့လုပ်စရာရှိတာ လုပ်နေတာပဲ။ ဆိုးဆိုးရွားရွားပေါ့။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့မှ။ အခုကတော့ တောင်တွေပျက်စီးတာပေါ့။ အဓိကတော့ တောင်တွေပျက်စီးတယ်။ ပြီးရင် မြစ်ချောင်းတွေပျက်စီးတယ် တောရိုင်းတိရစ္ဆာန်တွေလည်း ရှားပါးကုန်ပြီး ချောင်းတွေမှာလည်း ငါးတွေလည်း ရှိကို မရှိတော့တာ။ ကြာလာရင်တော့ လွယ်တော့ မလွယ်လောက်ဘူး။ စားဝတ်နေရေးပေါ့ သဘာဝကိုမှီခိုပြီးမှ စားသောက်တဲ့ လူတွေကျတော့ တော်တော်ဒုက္ခရောက်မယ်”

မြေရှားသတ္တုတူးဖော်တဲ့အခါ တောင်တွေကို အရင်ခုတ်ထွင်ရှင်းလင်းပြီးတော့ အပေါက်တွေဖောက်ပြီး အမိုနီယမ်ဆာလဖိတ် ဓာတုဆေးရည်တွေ ထည့်ရပါတယ်။ မြေကြီးအရည်ပျော်သွားတဲ့အခါ ပိုက်ကတစ်ဆင့် သိုလှောင်ကန်တွေထဲ သွယ်ထည့်ရတာ ဖြစ်ပါတယ်။

တောင်ထဲထည့်တဲ့ ဓာတုဆေးရည်တွေကြောင့် သစ်ပင်တွေ မရှင်သန်နိုင်တော့သလို ဓာတုဆေးရည်တွေ ချောင်းထဲစီးဝင်သွားတဲ့အတွက် ရေနေသတ္တဝါတွေနဲ့ သောက်မိတဲ့ဒေသခံတွေ၊ တိရစ္ဆာန်တွေ အဆိပ်သင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့လုပ်ငန်းမှာ သုံးနှစ်ကျော်လုပ်ကိုင်ခဲ့တဲ့ လုပ်သားတစ်ဦးက မြေရှားသတ္တု တူးပြီးရင် နောက်ဆက်တွဲဆိုးကျိုးကို သဘာဝပတ်ဝန်းကျင်ရော၊ လူတွေပါ ခံစားရတယ်လို့ RFA ကို ပြောပါတယ်။

“ပန်ဝါဘက်မှာဆိုလည်း တစ်တောင်လုံးကိုတူးတာ ကားတွေတောင် ဝင်လို့ရအောင် တောင်ကိုဖောက်လိုက်တာ။ တူးပြီးရင်တော့ ဒီတိုင်းပစ်ထားပြီ တစ်တောင်လုံး အပေါက်တွေနဲ့ ဟောင်းလောင်းဖြစ်သွားပြီ။ မိုးရွာရင်တော့ တောင်လည်း ခဏခဏပြိုလာပြီ။ သောက်ရေကလည်း သောက်လို့မရတော့ဘူး။ ရေသောက်မိရင် ပါးစပ်တွေ အကြာကြီးထုံနေတာ။ သတ္တုတူးတဲ့ဓာတုပစ္စည်း အရမ်းများလို့”

ကချင်အထူးဒေသ (၁) ဟာ ရှားပါးမျိုးစိတ် ၁၅၀၀ ခန့်ရှိတဲ့ ဒေသလည်းဖြစ်ပြီး အဲဒီဒေသက ချောင်းရေကို နမူနာယူစစ်ဆေးကြည့်ချိန်မှာ အက်စစ်ဓာတ်မြင့်မားပြီး အာဆင်းနစ်ပါဝင်တဲ့ပမာဏ မြင့်မားနေတာကို တွေ့ရတယ်လို့ Global Witness အစီရင်ခံစာက ဖော်ပြပါတယ်။

သတ္တုတူးဖော်ရာတွင်သုံးသည့် ဓာတုဆေးရည်ကြောင့် အရေပြားရောဂါ ခံစားနေရသည့် ကချင်ပြည်နယ်၊ အင်ခေါင်းပါရွာမှ ဒေသခံတစ်ဦးအား တွေ့ရစဉ်။ (Photo: The 74Media)
သတ္တုတူးဖော်ရာတွင်သုံးသည့် ဓာတုဆေးရည်ကြောင့် အရေပြားရောဂါ ခံစားနေရသည့် ကချင်ပြည်နယ်၊ အင်ခေါင်းပါရွာမှ ဒေသခံတစ်ဦးအား တွေ့ရစဉ်။ (Photo: The 74Media)

မြေရှားသတ္တုတူးဖော်ရာမှာလိုအပ်တဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ အမိုနီယမ်ဆာလဖိတ်နဲ့ Oxalic Acid တို့ကို တရုတ်ကနေ အများဆုံးတင်ပို့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ အမိုနီယမ်ဆာလဖိတ် တန်ချိန်တစ်သိန်းနီးပါး (၉၃,၀၀၀) နဲ့ Oxalic Acid တန်ချိန် ၃၄၂ တန်သာ တင်ပို့ခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ အမိုနီယမ်ဆာလဖိတ် တန်ချိန် ၁ ဒသမ ၅ သန်း နဲ့ Oxalic Acid တန်ချိန် တစ်သိန်းခုနစ်သောင်းကျော် (၁၇၄,ဝဝဝ) တင်ပို့ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ချီဖွေဒေသခံတစ်ဦးကလည်း မြေရှားသတ္တု တူးဖော်မှုနောက်ဆက်တွဲ တောင်ပြိုကျမှုတွေ ပိုဖြစ်လာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ သိသိသာသာပိုပြီးမှ လုပ်ငန်းချဲ့ထွင်လာတာရှိတယ်။ လောလောဆယ်က ဆိုက်တွေမှာလည်း သူတို့ လုပ်ငန်းခွင်တွေရှိသေးတယ်ဆိုတော့ သူတို့ အထိအခိုက် အပျက်အစီး မရှိအောင်တော့ လုံလုံခြုံခြုံ မိုးကာတွေနဲ့ အုပ်ထားတာရှိတယ် နောက်လူတွေ အမြဲတမ်းကြည့်နေတယ်ဆိုတော့ ပျက်စီးဆုံးရှုံးမှုက သိပ်မရှိသေးဘူး ဒါပေမဲ့ ဆိုက်သိမ်းသွားပြီဆိုရင်တော့ ဒီလုပ်ငန်းပျက်စီး ဆုံးရှုံးမှုကတော့ တောင်ပြိုမှုတွေပေါ့ အဲဒီလိုမျိုး ပိုပြီးမှဖြစ်လာနိုင်တဲ့ သဘောတော့ရှိတယ် ”

မြေရှားသတ္တုတူးဖော်မှုက ပန်ဝါဘက်ကနေ အခုဆို ချန်းမော်ခုန်းဒေသတွေနဲ့ ချီဖွေမြို့နဲ့ ခြောက်မိုင်အကွာလောက်အထိ တူးဖော်လာတာဖြစ်တယ်လို့လည်း ပြောပါတယ်။

အလားတူ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ဧရိယာဖြစ်တဲ့ မိုးမောက်မြို့နယ်မှာလည်း ၂၀၂၁ ခုနှစ်က မြေရှားသတ္တုတူးဖော်တဲ့ သတ္တုဆိုက်ကိုးခုပဲရှိရာကနေ ၂၀၂၃ မှာ သတ္တုဆိုက် လေးဆယ်ကျော်ထိ တိုးလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ “ပြည်သူလူထုရဲ့ကျန်းမာရေး ထိခိုက်မှုမရှိအောင်ပေါ့နော် ဒါက ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်ဖို့ ကျွန်တော်တို့ ပြောထားတာ စည်းကမ်းသတ်မှတ်ထားတာရှိပါတယ်။ နောက် အဲဒီ မြေရှားသတ္တုတူးဖော်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်းမရှိအောင် ထိန်းသိမ်းကြပါဆိုပြီး ကျွန်တော်တို့ပြောထားတာ စည်းကမ်းသတ်မှတ် ထားတာတော့ရှိပါတယ်” လို့ ပြောပါတယ်။

မြန်မာ့သတ္တုမိုင်းစောင့်ကြည့်ရေးကွန်ရက် (MMWN) က ကွန်ရက်ချိတ်ဆက်မှုတာဝန်ခံ ပေါလ် (Paul) ကတော့ အထိန်းအကွပ်မဲ့ တူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာတာလို့ ထောက်ပြပါတယ်။

“မြေရှားသတ္တု တူးဖော်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ အဓိကအကြောင်းအရင်းက အထိန်းအကွပ်မဲ့ အလွန်အကျွံသတ္တုတူးဖော်လာတဲ့ နောက်ဆက်တွဲတွေပေါ့နော်။ အဓိက အကြောင်းအရင်းတွေ ပြောရမယ်ဆိုရင်ပေါ့ သတ္တုတူးဖော်တဲ့အချိန်မှာ သဘာဝပတ်ဝန်းကျင်အတွက် တကယ် အလွန်အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေထည့်ပြီး ထုတ်ယူရတဲ့လုပ်ငန်းဖြစ်တာကြောင့် ဒီမြစ်ချောင်းတွေ၊ တောတောင်တွေ ပျက်စီးတာပေါ့နော် အဓိကအားဖြင့်တော့။ သတ္တုလုပ်ငန်းမှ စွန့်ပစ်တဲ့ပစ္စည်းတွေကလည်း ငေါ့ချန်းခ ချီဖွေချောင်းကို စိမ့်ဝင်တယ်ပေါ့နော် အဲကနေတစ်ဆင့် မေခမြစ်ကို စိမ့်ဝင်တာပေါ့။ ဆိုတာ့ အဲမှာရှိတာ ရေနေသတ္တဝါ၊ ကုန်းနေသတ္တဝါအားလုံးပေါ့ ပျက်စီးတာ၊ ရှားပါးလာတယ်ပေါ့နော် တောင်တွေလည်းပြိုလာတယ်”

သဘာဝရေမြေတောတောင် ထိခိုက်ပျက်စီးစေတဲ့ မြေရှားသတ္တုတူးဖော်မှုကို ၂ဝ၁၈ ခုနှစ်မှာ အရပ်သားအစိုးရက ပိတ်ပင်ခဲ့ပေမဲ့ ၂ဝ၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ သတ္တုတူးဖော်တဲ့လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လုပ်ကိုင်လာတာဖြစ်တယ်လို့ Global Witness အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီမြေရှားသတ္တု တူးဖော်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွင် မြေပြိုကျမှုဖြစ်ပွားပြီး ပျောက်ဆုံးနေသူအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က ရှာဖွေနေစဉ်။ (Photo: Citizen Journalist)
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွင် မြေပြိုကျမှုဖြစ်ပွားပြီး ပျောက်ဆုံးနေသူအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က ရှာဖွေနေစဉ်။ (Photo: Citizen Journalist)

Global Witness အစီရင်ခံစာအရ မြေရှားသတ္တု အလွန်အကျွံတူးဖော်မှုနောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို မိုင်းလုပ်သားတွေနဲ့ ဒေသခံတွေခံစားနေရပြီး လူနှစ်ဦး အသက်ဆုံးရှုံးတဲ့အထိ ကြုံနေရတယ်လို့ ဖော်ပြပါတယ်။

ဒေသခံတချို့ ပြောဆိုချက်အရ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက KIO ထိန်းချုပ်နယ်မြေ အင်းခေါင်းပါရွာအနီးက မြေရှားသတ္တုတွင်းကနေ စွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံသုံးရာနီးပါး အရေပြားရောဂါဝေဒနာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

ဓာတုပစ္စည်းတွေ အများအပြားသုံးပြီး မြေရှားသတ္တုတူးဖော်မှုတွေကြောင့် ဒေသခံတွေ အဓိက လုပ်ကိုင် စားသောက်နေတဲ့ လယ်ယာတွေပါ ပျက်စီးလာတဲ့အတွက် ရေရှည်မှာ စားဝတ်နေရေး ပြဿနာရင်ဆိုင် လာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေကတော့ မြေရှားသတ္တုတူးဖော်မှုတွေ အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုနေကြပါတယ်။

ကမ္ဘာ့မြေရှားသတ္တုစျေးကွက် ကိုးဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့ တရုတ်နိုင်ငံဟာ ကချင်ပြည်နယ်ကနေ မြေရှားသတ္တုတွေကို အဓိကတူးဖော်ရရှိနေတာဖြစ်တယ်လို့ Global Witness အစီရင်ခံစာက ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။