မြို့တွေကို တော်လှန်ရေးတပ်တွေသိမ်းနိုင်ပေမဲ့ ပြည်သူတွေ အိမ်ပြန်ဖို့ခက်နေဆဲ
2024.11.07
မြို့ပေါင်း ၈၃ မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိမ်းချုပ်ထားပါပြီ။ ဒါပေမဲ့ စစ်ကောင်စီက ပြန်သိမ်းဖို့ တိုက်နေတာတွေ၊ မြို့တွေကို ပိတ်ဆို့ဖြတ်တောက်တာတွေ ရှိနေပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ အသက်အန္တရာယ်ကြောင့်ရော၊ စားသောက်ရေးအတွက် ကုန်ပစ္စည်းရနိုင်ဖို့ပါ ခက်ပြီး အိမ်မပြန်နိုင်ကြသေးပါဘူး။
"စစ်ကောင်စီရဲ့တန်ပြန်ထိုးစစ်"
MNDAA ကိုးကန့်တပ်သိမ်းထားတဲ့ လားရှိုးမြို့ကို လေကြောင်းကနေ မကြာခဏ ပစ်နေတဲ့အတွက် ပြန်ဖို့ခက်နေတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
"လားရှိုးကတော့ မပြန်တဲ့သူကတော့ များပါတယ်။ ဟိုတလောကတောင် တော်တော်ပြန်သွားကြပြီ။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်တာတွေ နေ့တိုင်းနီးပါးပြန်ဖြစ်နေတော့ ပြန်ရှောင်သွားတော့ နှစ်ခါလောက် ထပ်ရှောင်ရတာပေါ့။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။ ဘယ်အချိန် ဘယ်မှာပစ်မယ်ဆိုတာ မသိနိုင်ဘူး"
အောက်တိုဘာတစ်လတည်းမှာပဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ရာကျော် သေဆုံးခဲ့ပြီး နှစ်ရာကျော် ဒဏ်ရာရတာကို RFA က လေ့လာတွေ့ရှိခဲ့ပါတယ်။
ဆက်နွှယ်သောသတင်းများ
အညာဒေသ မဟာဗျူဟာထိုးစစ် အရှိန်မြင့်လာ
ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ရာကျော်သေဆုံးခဲ့
စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး စစ်ဘေးဒုက္ခသည်တွေ မယုံကြည်
KIO သိမ်းထားတဲ့ မိုးမောက်မြို့ကိုလည်း စစ်ကောင်စီက ပြန်ပြီးထိုးစစ်ဆင်နေတဲ့အတွက် ဒေသခံတွေ နေရပ်ပြန်လို့မရသေးဘူးလို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
"မိုးမောက်နဲ့ ခမရ (၄၃၇) တပ်စခန်းတော့ သိမ်းလိုက်ပြီ။ ဒါပေမဲ့ အဲဒီပတ်ဝန်းကျင်မှာပဲ ဗန်းမော်ဘက်ကနေ စကစတွေ တက်လာတော့ နေ့တိုင်း တိုက်ပွဲဖြစ်နေတဲ့အခြေအနေဆိုတော့ နေရပ်တော့ ပြန်လို့မရသေးဘူး။ တကယ်လို့ နေရပ်ပြန်မယ်ဆိုရင်တောင်မှ မြို့ထဲမှာ မရှင်းသေးတဲ့ မပေါက်ကွဲသေးတဲ့ လက်နက်တွေ၊ လက်နက်ကြီးတွေ အများကြီးကျန်နေသေးတယ်ဆိုပြီး သိရတယ်"
"စားနပ်ရိက္ခာဖြတ်တောက်ခံရခြင်း"
အရပ်သားတွေမှာ စစ်ကြောင့် အသက်အန္တရာယ်တွေရှိတဲ့အပြင် အစားအသောက်ရှားတာကလည်း အိမ်မပြန်ရဲတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နေပါတယ်။
အောက်တိုဘာလ ၂၂ ရက်လောက်ကစပြီး ဖွင့်ထားတဲ့ မူဆယ်နယ်စပ်ဂိတ်ကို တရုတ်ဘက်က ကန့်သတ်လိုက်တဲ့အတွက် ဆေးဝါး၊ စက်သုံးဆီနဲ့ ကုန်ပစ္စည်းတွေ မသွင်းနိုင်တော့လို့ ပစ္စည်းတွေရှား၊ စျေးတွေ အဆမတန် တက်နေပါတယ်။
အလားတူ ချင်းပြည်နယ်မှာလည်း ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေ သိမ်းယူထားတဲ့ မတူပီမြို့မှာ ကုန်စည်ပိတ်ဆို့ခံထားရလို့ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
"အဓိကကတော့ လုံခြုံမှုအတွက်လည်း လိုသေးတာပေါ့။ စစ်ကောင်စီကလည်း အဓိက ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေကို သူတို့က စစ်ကောင်စီဘက်က အကုန်ပိတ်နေတာဆိုတော့ အဲဒီလို ကုန်စည်တွေ မပို့နိုင်သရွေ့ ပြည်သူတွေ ဘယ်လိုမျိုး စားဝတ်နေရေး ပြန်လည်ထူတောင်နိုင်မလဲပေါ့၊ အဲဒီလိုမျိုး"
စစ်ကောင်စီတပ်ဟာ ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကို ဆန်အပါအဝင် စားသောက်ကုန်နဲ့ အိမ်ဆောက်ပစ္စည်းသယ်ယူခွင့်ကို အခုနှစ် သြဂုတ်လလယ်ပိုင်းကစပြီး ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အဓိက ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေကို စစ်ကောင်စီဘက်က အကုန်ပိတ်နေတာဆိုတော့ ကုန်စည်တွေ မပို့နိုင်သရွေ့ ပြည်သူတွေ ဘယ်လိုမျိုး စားဝတ်နေရေး ပြန်လည်ထူတောင်နိုင်မလဲပေါ့"
တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ အောက်တိုဘာလ (၈) ရက်နေ့က သိမ်းယူခဲ့တဲ့ ပင်လည်ဘူးမြို့က ပြည်သူတွေလည်း ပြန်ဖို့ခက်ခဲနေတယ်လို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
"လမ်းပန်းဆက်သွယ်ရေးက အခုလောလောဆယ်က ကားလမ်းတွေ ပိတ်ထားတယ်ဆိုတော့ ကားလမ်းတွေတော့ ဝင်လို့မရသေးဘူး။ ဖုန်းလိုင်းတွေလည်း အဲဒီလိုပဲ။ ပြီးတော့ နေချင်ရင်တောင်မှ နေအိမ်တွေက မရှိတော့ဘူး။ ဆိုတဲ့အခါကျတော့ တော်တော်ကြီးတော့ အချိန်ယူပြီးမှ ပြန်ပြီးပြင်ဆင်ရဦးမယ် ထင်တယ်။ ချက်ချင်း ပြန်ပြီးတော့ ဟိုမှာ စီးပွားရေးတစ်ခုခု လုပ်စားဖို့ဆိုရင်လည်း အဆင်မပြေဘူးလေနော်"
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီတွေ ဘယ်လိုပေးနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကို RFA က အီးမေးကတစ်ဆင့် ဆက်သွယ်ခဲ့ပေမဲ့ ပြန်စာမရသေးပါဘူး။
စစ်ကိုင်းတိုင်းမှာလည်း အိမ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေ သောင်းနဲ့ချီပြီး ရှိနေသေးတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"နံပတ် (၁) အနေနဲ့ဆိုရင် လုံခြုံရေးပေါ့နော်။ နံပတ် (၂) အချက်အနေနဲ့က သိမ်းသွားတဲ့မြို့တွေက ကုန်စည်စီးဆင်းမှုပေါ့နော်။ ကုန်စည်စီးဆင်းမှုကို စစ်ကောင်စီက ရပ်တန့်ပစ်တာတွေ၊ ဖမ်းဆီးတာတွေ ပြုလုပ်တဲ့အခါမှာ ကုန်စည်စီးဆင်းမှု မရှိဘူးပေါ့နော်။ အဲဒီအခါကျတော့ ခက်ခဲသွားတဲ့ အနေအထား ဖြစ်တယ်ဗျ"
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေသိမ်းယူထားတဲ့ မြို့ပေါင်း ၈၃ မြို့ရှိတယ်လို့ နိုင်ငံတကာမြန်မာ့သတင်းဌာန BNI ရဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ လေးပုံတစ်ပုံဖြစ်တဲ့ လူ ၁၃.၃ သန်းဟာ စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေပြီး အဲဒီထဲက ၂.၇ သန်းဟာ အရေးပေါ်အခြေအနေ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အောက်တိုဘာလ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၆.၅ သန်းကျော် ရှိလာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) က အောက်တိုဘာလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။