ထိုင်းအစိုးရရဲ့ အကူအညီပေးရေး စင်္ကြံအစီအစဉ်ကို ကျွမ်းကျင်သူတွေ ဝေဖန်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.03.01
ထိုင်းအစိုးရရဲ့ အကူအညီပေးရေး စင်္ကြံအစီအစဉ်ကို ကျွမ်းကျင်သူတွေ ဝေဖန် တိုက်ပွဲတွေကြောင့် သံလွင်မြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံဘက်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့က တွေ့ရစဉ်။
AFP

ထိုင်းအစိုးရက ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံအကြားမှာ ဘေးကင်းလုံခြုံတဲ့ နယ်မြေ Safe Zone တစ်ခုဖန်တီးပြီး မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို မြဝတီ-မဲဆောက် လမ်းကြောင်းကနေတစ်ဆင့် ပို့ဆောင်ပေးဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးအပ်ရေး ညှိနိုင်းမှုဗဟိုဌာန AHA Center ရဲ့ ကွပ်ကဲမှု အောက်ကနေ ထိုင်းနဲ့ မြန်မာ ကြက်ခြေနီအဖွဲ့တွေ ပူးပေါင်းပြီး အကူအညီတွေ ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်အရ ကနဦး စစ်ဘေးဒုက္ခသည်ပြည်သူ နှစ်သောင်းကျော်ကို အကူအညီပေးနိုင်မှာ ဖြစ်ပြီး နယ်စပ် ဒေသတည်ငြိမ်ရေးနဲ့ အာဆီယံရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုအတွက်လည်း အထောက်အကူဖြစ်မယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။ ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေလည်း ထောက်ခံထားပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက ဖြစ်လာတဲ့ စစ်ရေးပဋိပက္ခ တိုက်ခိုက်မှုတွေကြောင့် မြန်မာပြည်သူ ၂ ဒဿမ ၇ သန်းလောက် စစ်ဘေးဒုက္ခသည်တွေအဖြစ် နေအိမ်စွန့်ခွာထွက်ပြေးနေကြတာဖြစ်ပြီး ဒီအထဲက သုံးသိန်းကျော်လောက်က ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ကရင်နဲ့ ကယားပြည်နယ်တွေမှာ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကူအညီပေးရေး အစီအစဉ်ကနေတစ်ဆင့် အာဏာသိမ်းစစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့လည်း ထိုင်းအစိုးရတာဝန်ရှိသူအချို့က RFA ရဲ့ ညီနောင်သတင်းဌာန Benar News ကို ပြောထားပါတယ်။

ဒါပေမယ့်လည်း ထိုင်းအစိုးရဟာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှုမရှိတဲ့အတွက် ဒီအစီအစဉ်ဟာ အမှန်တကယ် ထိရောက်မှုရှိပါ့မလားလို့ ကျွမ်းကျင်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေကို ကူညီချင်တယ်ဆိုရင် သက်ဆိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ အားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး စကားပြောဖို့ လိုပါတယ်။ အခုလို မြန်မာဘက်က ကြက်ခြေနီ အသင်းကို အားလုံး လွှဲပေးလိုက်တာမျိုး မလုပ်သင့်ပါဘူးလို့ ကာစက်ဆာ့ တက္ကသိုလ် အရှေ့တောင်အာရှသမိုင်းဌာနက ကထိက လာလီတာ ဟန်ဝေါင်က ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေ ချုပ်ငြိမ်းသွားစေချင်တယ်ဆိုရင် အခုလို နယ်စပ်ဖြတ်ကျော်ပြီး ကာလတို အကူအညီအချို့ ပေးအပ်တာလောက်နဲ့ မရပါဘူးလို့လည်း ထိုင်းအစိုးရရဲ့ နိုင်ငံတော်လုံခြုံရေး ကိစ္စတွေအတွက် အကြံပေးအဖြစ်လည်း ဆောင်ရွက်နေတဲ့ ကာစက်ဆာ့ တက္ကသိုလ်က ကထိက လာလီတာက ပြောပါတယ်။

မိုင်ပေါင်း ၁၅၀၀ နီးပါးရှည်လျှားတဲ့ ထိုင်းမြန်မာ နယ်စပ်တစ်လျှောက်မှာ ၁၉၈၀ ပြည့်နှစ်တွေကတည်းက တည်ဆောက်ခဲ့တဲ့ ဒုက္ခသည်စခန်း ကိုးခုရှိနေပြီး ဒီစခန်းတွေမှာ မြန်မာဒုက္ခသည် ကိုးသောင်းကျော် နေထိုင်နေကြဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ထိုင်းအစိုးရဟာ နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်း-မြန်မာ နယ်စပ်က တာ့ခ်ခရိုင်နဲ့ မယ်ဟောင်ဆောင်ခရိုင်မှာ ယာယီခိုလှုံဖို့ စခန်းတွေ ဖွင့်လှစ်ပေးတာအပြင် အခြားအကူအညီပေးအပ်မှု မရှိခဲ့ပါဘူး။

ဒီမြန်မာစစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အကူအညီတွေကို ပုဂ္ဂိလိကအလှူရှင်တွေဆီက ရနေတာ ဖြစ်ပြီး ထိုင်းအာဏာပိုင်တွေကတော့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်ကို ပြန်ကြဖို့တောင် ဖိအားပေးခဲ့တာပါ။

ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေသည့် ကလေးငယ်အချို့အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: AFP)
ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေသည့် ကလေးငယ်အချို့အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: AFP)

သမားဆက်တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာနရဲ့ တွဲဖက်ပါမောက္ခ ဒူလ်ရာ ပရီချာရက်ကတော့ လက်ရှိ ဝန်ကြီးချုပ် ဆာရက်သာ သာဗီဆင် ခေါင်းဆောင်တဲ့ ထိုင်းအစိုးရသစ်ဟာ အရင် စစ်အစိုးရနဲ့ မတူဘဲ မြန်မာ့အရေးနဲ့ ပက်သက်လို့ ပိုပြီး တက်တက်ကြွကြွ ဆောင်ရွက်သင့်ပါတယ်လို့ ပြောပါတယ်။

အရင် ထိုင်းအစိုးရဟာ မြန်မာနိုင်ငံက အဖြစ်အပျက်တွေအပေါ် တုန့်ပြန်ဆောင်ရွက်ဖို့ မဟာဗျူဟာကျ ရည်မှန်းချက် ချမှတ်ထားတာ မရှိပါဘူး။ ဒါကြောင့် ဒေသတွင်းက အင်ဒိုနီးရှားလိုနိုင်ငံတွေရဲ့ ဆောင်ရွက်ချက်နဲ့ ယှဉ်ရင် နောက်ကျနေတယ်လို့သူက ပြောပါတယ်။

၂၀၁၄ ခုနှစ်က စစ်အာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ဟောင်း ပရာယွတ် ချန်အိုချာဟာ လက်ရှိ အရပ်သားအစိုးရ တက်မလာခင်အချိန်အထိ ထိုင်းနိုင်ငံကို ကိုးနှစ်တာ အုပ်ချုပ်ခဲ့တဲ့ အချိန်အတွင်းမှာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးပြီး မြန်မာစစ်တပ်နဲ့ နီးကပ်ဆက်ဆံရေး တည်ထောင်ထားတဲ့အတွက် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကတော့ ပရာယွတ်ရဲ့ အစိုးရဟာ အာဆီယံနဲ့ သဘောတူထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို လျစ်လျူရှုပြီး မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တဲ့အတွက် အာဆီယံနိုင်ငံတွေ အကြားမှာ သဘောထားကွဲလွဲမှုတွေ ပိုကြီးမားလာစေခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ပရာယွတ် ဦးဆောင်တဲ့ ထိုင်းအစိုးရနဲ့ ထိုင်းစစ်တပ်ဟာ မြန်မာစစ်တပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ထောင်ထားပါတယ်။ ဒါကြောင့်လည်း ဒီဆက်ဆံရေးပျက်သွားမှာ စိုးရိမ်နေတဲ့အတွက် မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့ မလုပ်ရဲတာ ဖြစ်ပါတယ်လို့ ကာစက်ဆာ့ တက္ကသိုလ်က ကထိက လာလီတာက ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပါန်ပရီ ဘာဟီဒါ နူကာရာက ထိုင်းအစိုးရသစ်ဟာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု အကူအညီတွေပေးတဲ့ လမ်းကြောင်းဖွင့်လှစ်နိုင်ရင် ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေကို ယာယီ ရပ်တန့်ထားဖို့ ဖြစ်နိုင်တဲ့အကြောင်း၊ အဲဒီကနေ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာဖို့ ရည်ရွယ်ထားတာ ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့လက ဆွစ်ဇာလန်နိုင်ငံ ဒါဗိုစ်မြို့မှာ ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က ကူညီထောက်ပံ့ပေးစဉ်။ (Photo: RFA)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က ကူညီထောက်ပံ့ပေးစဉ်။ (Photo: RFA)

မြန်မာနိုင်ငံက ပဋိပက္ခတွေ ပိုဆိုးလာတာနဲ့အမျှ နိုင်ငံပြိုကွဲဖို့ ပိုနီးကပ်လာနေပြီး အင်အားကြီးနိုင်ငံတွေ အားပြိုင်မှု ကြီးထွာလာမှာကို ဒေသတွင်းနိုင်ငံတွေက စိုးရိမ်နေကြတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံအကြားက လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြံ အစီအစဉ်ကြောင့် နှစ်နိုင်ငံပြည်သူတွေအကြား ဆက်ဆံရေးနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ ပုံမှန်ပြန်စနိုင်လိမ့်မယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ပါန်ပရီက ထိုင်းမြန်မာ နယ်စပ်ကို လာရောက်စဉ်က ပြောထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်နေတာတွေကြောင့်သာ မြန်မာပြည်သူတွေ စစ်ပြေးဒုက္ခသည် ဘဝရောက်နေရတာဖြစ်တဲ့အတွက် ထိုင်းအစိုးရရဲ့ အစီအစဉ်မှာ စစ်ကောင်စီဘက်က သဘောတူ ကတိပြုမှုတွေရှိမှ အဓိပ္ပါယ်ရှိလိမ့်မယ်လို့ မဲဆောက်မြို့အခြေစိုက် နယ်စည်းမခြား မိတ်ဆွေများ ဖောင်ဒေးရှင်းက အကူအညီပေးရေးလုပ်သား ပွန်ဆက် ကာဒ်ဆာဝမ်က ပြောပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရက အကူအညီတွေ ပေးအပ်ရာမှာ အသုံးပြုမယ့် လမ်းကြောင်းတော်တော်များများဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး အကူအညီတွေ ပေးဝေရာမှာ တာဝန်ယူမယ့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို သွားရောက်ဖို့ ခွင့်ပြုပါ့မလားဆိုတာလည်း မသေချာဘူးလို့ သူက ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြေပြင်မှာ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ဒါမှလည်း အမှန်အကယ်လိုနေတဲ့ အကူအညီတွေကို ထိထိရောက်ရောက် ပေးနိုင်မှာ ဖြစ်ပါတယ်လို့ ပွန်ဆက် ကာဒ်ဆာဝမ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။