မဏိပူရ်ရောက် မြန်မာဒုက္ခသည်တွေ အခက်အခဲဖြစ်နေ
2023.09.19
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ကသည်းနဲ့ ကူကီးတွေရဲ့ လူမျိုးရေးပဋိပက္ခဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ လူတွေကြောင့်လို့ ယူဆပြီး ပြည်နယ်အစိုးရက တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတဲ့ အတွက် စစ်ဘေးဒုက္ခသည်တွေ နယ်စပ်မှာ အခက်အခဲဖြစ်နေပါတယ်။
မဏိပူရ်မှာနေတဲ့ တောင်ပေါ်သား ကူကီးတွေနဲ့ မြန်မာပြည် တမူးမြို့နယ်မှာနေတဲ့ ကူကီးချင်းတွေဟာ လူမျိုးတူဖြစ်ပါတယ်။ ဒါကြောင့် ကသည်းနဲ့ ကူကီးတွေရဲ့ လူမျိုးရေးပဋိပက္ခဟာ မြန်မာဘက်က တရားမဝင် ရောက်လာတဲ့သူတွေကြောင့်လို့ မဏိပူရ်ပြည်နယ်အစိုးရက စွပ်စွဲထားသလို၊ လွှတ်တော်ထဲမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့က ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။ အဲဒီနောက် မြန်မာဘက်က စစ်ဘေးဒုက္ခသည် တွေရောက်လာမှာကို ပိုပြီးတင်းကျပ်နေတာပါ။
"သူတို့မောင်းထုတ်လာတော့ ကျွန်တော်တို့ ကိုယ်ထူကိုယ်ထနဲ့ ဘာသာရေး ဦးဆောင်မူနဲ့ နယ်စပ်မှာ တဲထိုးနေကြရတယ်”
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ကဆိုရင် စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့ ကလေးမြို့ကြားက ဘုက္ကန်ရွာနား ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံငါးရာကျော် မဏိပူရ်ပြည်နယ်ထဲကို ညတွင်းချင်း ထွက်ပြေးခဲ့ရပါတယ်။
အဲဒီအချိန်က နယ်စပ်တစ်လျှောက်မှာ အိန္ဒိယဘက်က စစ်တပ်တွေ ချထားပြီး သူတို့ဘက်ကိုဝင်လို့ မရအောင်ပိတ်ထားတဲ့အပြင်၊ ဝင်လာတဲ့သူတွေကိုလည်း ပြန်မောင်းထုတ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုက္ခသည်တစ်ယောက်က ပြောပါတယ်။
“ကျွန်မတို့ သူတို့ နိုင်ငံဝင်တုန်းကတော့ ဘောလုံးကွင်းဘေးမှာ တဲလေးတစ်ခုရှိတယ်။ အဲဒီတဲမှာ လူစုခိုင်းပြီးတော့မှ အဲဒီမှာနေ တစ်ခါလူဦးရေ ရေတွက်လိုက်၊ တစ်ခါ ဓာတ်ပုံရိုက်လိုက် အဲလိုနဲ့ပဲသူတို့ လူကြီးတွေလာတော့မှာ ဘယ်မှမထွက်ရဘူး။ အဲလိုပေါ့ သူတို့နိုင်ငံထဲမှာလည်း လွတ်လွတ်လပ်လပ်နဲ့ မနေထိုင်ရဘူးပေါ့နော်။ ညဆိုလို့ရှိရင် လည်း မနက်ဖြန် မင်းတို့နိုင်ငံပြန်သွားတော့ အဲလိုမျိုးပြောတယ် မိုးထဲ လေထဲမှာ တဲဆောက်ပြီးတော့ မှ ကျန်းမာရေးမကောင်းတဲ့သူတွေနဲ့ တော်တော်လေးကို ဒုက္ခရောက်ခဲ့တာ”
ဒါကြောင့် နယ်စပ်က တောတောင်တွေထဲမှာ တဲတွေဆောက်ပြီး ဖြစ်သလိုနေကြတယ်လို့ စစ်ဘေး ဒုက္ခသည် ပူခိုင်က RFA ကို ပြောပါတယ်။
“သူတို့ဘက်ကလည်း အာမခံမပေးနိုင်တော့လေ ကင်းပုန်းလုပ်ကြတယ်။ လုံခြုံရေးယူကြတော့ ကျွန်တော်တို့ အတွက်လည်း လုံခြုံရေးသိပ်မကောင်းတော့ သူတို့ရွာသူကြီးတွေကတော့ လက်ခံတယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရက စစ်တပ်က အထက်က အမိန့်ပါဆိုတော့ ဘာမှလည်း အာခံလို့မရဘူးလေ။ နောက်ပိုင်းကျတော့ သူတို့မောင်းထုတ် လာတော့ ကျွန်တော်တို့ ကိုယ်ထူကိုယ်ထနဲ့ ဘာသာရေး ဦးဆောင်မူနဲ့ နယ်စပ်မှာ တဲထိုးနေကြရတယ်”
တမူးမြို့နယ်မှာ လတ်တလောတိုက်ပွဲတွေ ငြိမ်နေပေမယ့် ကိုယ့်အိမ်ကိုယ်မပြန်ရဲကြသေး သလို နောက်ထပ်ထွက်ပြေးနေရမှာကိုလည်း စိုးရိမ်နေရတာကြောင့် နယ်စပ်မှာပဲ ဆက်နေ ရပြီး စားရေး သောက်ရေး အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ယောက် ဖြစ်တဲ့ မီရှာက RFA ကို ပြောပါတယ်။
“အိမ်ပြန်ချင်တယ်ဆိုပေမယ့်လည်း သူများတွေလည်းမပြန်သလို ပြန်ရင် အဆင်ပြေနိုင် မလား တစ်ခါ နိုင်ငံရေး မကောင်းရင်ပြန်ပြေးရမလား ဒီလိုမျိုးတွေ တွေးနေကြတော့ တော်ရုံနဲ့မပြန်ဖြစ်ကြဘူးလေ။ အဲဒါကြောင့်မို့ စားဝတ်နေရေးကတော့ အခက်အခဲ ရှိတယ်။ ကူညီထောက်ပံ့ပေးတဲ့သူရှိရင်လည်း ကူညီထောက်ပံ့ပေးကြပါ”
မဏိပူရ်ပြည်နယ်မှာ လူဦးရေ သုံးသန်းကျော်ရှိပါတယ်။ စိုက်ပျိုးရေးကောင်းတဲ့ မြေပြန့် ဒေသမှာနေတဲ့ ကသည်း လူမျိုးတွေက၊ တောင်ပေါ်တိုင်းရင်းသားတွေ ရထားတဲ့ အလုပ်အကိုင်၊ မြေနေရာနဲ့ ပညာရေးအပါအဝင် အထူးခံစားခွင့်တွေ ရပိုင်ခွင့်ရှိတယ်လို့ ပြည်နယ်တရားရုံးက ထုတ်ပြန်အပြီး မေလက စလို့ ကသည်း၊ ကူကီး လူမျိုးရေးပဋိပက္ ခဖြစ်ခဲ့တာပါ။ အဲဒီ အဓိကရုဏ်းမှာ နှစ်ဘက်ပေါင်း ၁၈၇ ယောက်သေဆုံးခဲ့သလို၊ လူဦးရေ ခြောက်သောင်းကျော် လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ အိန္ဒိယသတင်းတွေက ဖော်ပြ ထားပါတယ်။
မြန်မာနိုင်ငံဘက်ကနေ မဏိပူရ်ပြည်နယ်ဘက်ကို တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်တဲ့သူတွေထဲမှာ ကူကီးလူမျိုးတွေအပြင် တခြားလူမျိုးတွေလည်း ပါဝင်ပါတယ်။
မြန်မာဘက်ကဒုက္ခသည်တွေကို မဏိပူရ်ပြည်နယ် အာဏာပိုင်တွေက ပြန်မောင်းထုတ်ခဲ့တဲ့အပြင် သူတို့ဆီက လူမျိုးရေးအဓိကရုဏ်းဟာ မြန်မာဘက်က ထွက်ပြေးလာတဲ့သူတွေကြောင့် ပိုကြီးထွား စေတယ်လို့ မဏိပူရ် ပြည်နယ်အစိုးရက စွပ်စွဲတာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။
အလားတူ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
မြန်မာစစ်ဘေးဒုက္ခသည်တွေကြောင့် ပဋိပက္ခပိုကြီးထွားလာရတယ်လို့ စွပ်စွဲနေတာဟာ လက်မခံနိုင် စရာဖြစ်တယ်လို့ India For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။
“တာဝန်ရှိတဲ့သူတွေက မြန်မာစစ်ဘေးရှောင်တွေကို ထိုးကျွေးတဲ့ဟာကတော့ လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိသလို ကျွန်တော်တို့မြန်မာပြည်သူတွေကို ဒုက္ခပိုရောက်အောင် ရည်ရွယ်ချက်ရှိရှိ ပိုလုပ် တာဖြစ်တယ်”
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မဏိပူရ်ပြည်နယ်ကို ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်ရှိသလို၊ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား အယောက် ၇၀ ကျော်ရှိပြီး၊ သူတို့ကို ဆက်သွယ်ကူညီဖို့လည်း ခက်ခဲနေတယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ နဲ့ ဇူလိုင် ၃၁ ရက်နေ့ကတော့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဂရီဒါ အရာမနီ (Giridhar Aramane) က စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး နယ်စပ်တစ်လျှောက်မှာ အန္တရာယ်ရှိတဲ့ ဘယ်လှုပ်ရှားမှုမျိုး ကိုမှ ခွင့်မပြုဖို့ နှစ်ဖက်လုံးက ထပ်ပြီး ကတိပြုခဲ့ကြတယ်လို့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနဘက်က သတင်းထုတ်ပြန်ထားပါတယ်။