တစ်နေ့လုပ်ခ တစ်ဒေါ်လာခွဲကြောင့် အလုပ်သမားတွေ ထမင်းလျှော့စားနေရ

RFA Burmese
2024.05.01
တစ်နေ့လုပ်ခ တစ်ဒေါ်လာခွဲကြောင့် အလုပ်သမားတွေ ထမင်းလျှော့စားနေရ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအား ၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ အလုပ်သမားတစ်ဦးရဲ့ တစ်နေ့လုပ်အားခဟာ အမေရိကန် တစ်ဒေါ်လာခွဲခန့်နဲ့ညီမျှတဲ့ ကျပ် ၅၈၀၀ သာရှိတာကြောင့် ဝမ်းရေးအတွက် ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရုန်းကန်နေကြရတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့တဲ့ အလုပ်သမားတစ်ဦးရဲ့ တစ်နေ့ အခြေခံလုပ်အားခ ၄၈၀၀ ကျပ်ကို နောက်ထပ် အပိုထောက်ပံ့ကြေး ကျပ်တစ်ထောင်စီ ခံစားခွင့်ပြုကြောင်း စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက သတ်မှတ်ခဲ့တာပါ။

စစ်အာဏာသိမ်းကာလ ကြာရှည်လာတာနဲ့အမျှ အခြေခံကုန်စျေးနှုန်းနဲ့ အိမ်ငှားစရိတ်တွေပါ မြင့်တက်လာတာကြောင့် ထမင်းတစ်နပ် လျှော့စားနေရတယ်လို့ ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်က အမည်မဖော်လိုတဲ့ အထည်ချုပ် အလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

“လုပ်ခလစာက အရမ်းနည်းတယ်။ ကုန်စျေးနှုန်းတွေက ကြီးတော့ကျတော့။ ထမင်းက နှစ်နပ်ပဲစားရတယ်။ နေ့ခင်းတစ်နပ်နဲ့ ညပဲ။ လစာ ၃၆၀၀ ဖြစ်တုန်းကတော့ မနက်ဆို မနက်စာ စားလို့ရတယ်လေ”

၂၀၁၈ မတိုင်ခင်က တစ်နေ့ အခြေခံ တစ်နေ့လုပ်အားခဟာ ကျပ် ၃၆၀၀ ရှိခဲ့ပေမယ့် အမေရိကန်တစ်ဒေါ်လာကို ကျပ် တစ်ထောင်ကျော် ရှိခဲ့တာကြောင့် တစ်နေ့လုပ်အားခဟာ သုံးဒေါ်လာနဲ့အထက် ရှိခဲ့တာလည်း ဖြစ်ပါတယ်။

“အလုပ်သမားတွေရဲ့ အခြေခံလုပ်အားခနှုန်းတွေကို မဖြစ်မနေပြောင်းလဲဖို့ လိုအပ်ပါတယ်”

အနည်းဆုံး အခကြေးငွေ ဥပဒေအရ အနည်းဆုံးလုပ်ခလစာကို နှစ်နှစ် တစ်ကြိမ်စီ ခေတ်နဲ့သင့်တော်တဲ့ နှုန်းထားတစ်ခုအဖြစ် ပြောင်းလဲရမှာဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံလုပ်အားခ နှုန်းထားတွေကို ပြောင်းလဲသတ်မှတ်တာ မရှိတော့ဘူးလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဒါကြောင့်ပဲ ဒီနေ့ကျရောက်တဲ့ ၁၃၄ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ ခေတ်ကာလနဲ့လျော်ညီပြီး ဖူလုံတဲ့လုပ်ခလစာရဖို့ အလုပ်သမားတွေနဲ့ အလုပ်သမား အဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုကြပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခြေခံလုပ်အားခနှုန်းတွေကို မဖြစ်မနေပြောင်းလဲဖို့ လိုအပ်တယ်လို့ အလုပ်သမားအရေး တောင်းဆိုလှုပ်ရှားနေတဲ့ မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (NLF-Myanmar) တွဲဖက် ဥက္ကဋ္ဌ မတင်တင်ဝေက RFA ကို ပြောပါတယ်။

“လက်ရှိ နှစ်နှစ်တစ်ကြိမ် ပြောင်းလဲရမယ့် လုပ်ခလစာက ၆ နှစ် ပြည့်တော့မယ်။ နေ့ကြေး ၄၈၀၀ နဲ့ ၂၀၂၃ က ထပ်ဆောင်း တစ်ထောင် တိုးတာနဲ့ဆိုရင် ၅၈၀၀ ပေါ့နော်။ ဒီ ၅၈၀၀ နဲ့ ကျွန်မတို့ အလုပ်သမားတွေအနေနဲ့ စားဝတ်နေရေးက လုံးဝ မလုံလောက်ဘူးပေါ့။ ဒါကြောင့် ဖူလုံတဲ့ လုပ်ခလစာဆိုတာ တကယ်အလုပ်သမားတွေ လိုအပ်နေတဲ့ လုပ်ခလစာကို တောင်းဆိုတာ ဖြစ်ပါတယ်”

အလုပ်သမားတစ်ဦးရဲ့ တစ်နေ့ အခြေခံလုပ်အားခဟာ ကျပ်တစ်သောင်း ဖြစ်သင့်တယ်လို့ ပြီးခဲ့တဲ့နှစ် အလုပ်သမားနေ့က ထောက်ပြပြောဆိုခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်မလာသေးဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (Solidarity of Trade Union Myanmar - STUM) က ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

“အလုပ်သမားတွေသည် အနိမ့်ဆုံး လုပ်ခလစာသည် ပြောင်းလဲဖို့အချိန်ရောက်ပြီ။ ပြောင်းလဲရမယ့်နှစ်တွေ ကျော်လာခဲ့ပြီ။ ဒါကြောင့် အနိမ့်ဆုံး လုပ်ခလစာကို ပြန်သုံးသပ်မယ်ဆိုရင် ဘယ်လောက်နှုန်းထား ဖြစ်သင့်တယ်ဆိုတာကို နှစ်စဥ် မေဒေးလိုနေ့မျိုးမှာ ထုတ်ပြန်တယ်”

စစ်ကောင်စီလက်ထက်မှာ အလုပ်သမားတွေရဲ့ အခြေအနေဟာ ဆိုးရွားနေဆဲပဲလို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးကျော်နီက RFA ကို ပြောပါတယ်။

“လုပ်အားခက တိုးမလာဘူး။ ငွေတန်ဖိုးက ကျသွားတယ်။ ဒီတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ လုပ်ခလစာနဲ့က ဘယ်လိုမှကို မကာမိဘူး။ အဲဒီအခြေအနေက တော်တော်ကြီးကို ဆိုးနေတယ်။ လုပ်အားခတွေ နည်းနေလို့ တိုးတောင်းတဲ့ အလုပ်သမားတွေ ကျပြန်တော့လည်း ဖမ်းဆီးတာတွေ၊ တခြားနည်းနဲ့ ဖိနှိပ်တာတွေရှိတယ်”

မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ကလည်း လုပ်အားခ မလုံလောက်မှုတွေအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လုပ်ငန်းခွင် ဖိနှိပ်ချုပ်ချယ်မှုတွေ ပိုဆိုးလာတယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ချိုးဖောက်မှုတွေကို ဖွင့်ဟပြောဆိုမှုတွေ၊ တောင်းဆိုမှုတဲ့လုပ်တဲ့ အလုပ်သမားတွေကိုလည်း လုပ်ငန်းရှင်က တိုင်တန်းလို့ စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) က တွဲဖက်အတွင်းရေးမှူး မအိက RFA က ပြောပါတယ်။

“အလုပ်သမားတွေ ကိုယ့်အခွင့်အရေးကို တောင်းဆိုတာနဲ့ ဖမ်းမယ်။ ထောင်ချမယ်ဆိုတဲ့ အခြေအနေမျိုး ရင်ဆိုင်နေရတော့ အလုပ်သမားတွေက တောင်းဆိုရဲတဲ့ အခြေအနေမျိုး မရှိဘူး။ ပြောရမယ်ဆိုရင် အလုပ်သမားတွေက အလုပ်ရှင်တွေ အလုပ်သမား ဝန်ကြီးဌာနတွေရဲ့ လက်ခုပ်ထဲက ရေဖြစ်နေတာပေါ့”

အခုနှစ်ထဲမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းခဲ့တဲ့နောက်မှာ အလုပ်သမားတွေဟာ မလုံခြုံမှုတွေကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာကြတာလည်း ရှိနေပါတယ်။

အလုပ်ဆင်းချိန်တွေမှာ ပေါ်တာဆွဲခံရတာနဲ့ စစ်မှုထမ်းဖို့ မဲပေါက်တယ်ဆိုပြီး လုပ်ငန်းခွင်တွေအထိ စစ်ကောင်စီက လိုက်လံခေါ်ဆောင်တာတွေလည်း ရှိနေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးကျော်နီက ပြောပါတယ်။

“အလုပ်ဆင်းတဲ့အချိန်ဆိုရင် လုပ်ငန်းခွင်၊ စက်ရုံရှေ့မှာပဲ စစ်ကားတွေ စစ်သား စုဆောင်းရေးကားတွေ စောင့်နေပြီးတော့ မဲပေါက်တယ်ဆိုပြီး ခေါ်တာတွေ၊ အိမ်ပေါက်ဝမှာပဲ ရောက်လာတွေ၊ တချို့ OT ဆင်းတဲ့ အလုပ်သမားတွေဆိုရင် OT ပြန်တဲ့အချိန်မှာ ပေါ်တာဆွဲသလိုကို ခေါ်တဲ့အခြေအနေတွေပေါ့။ NUG အနေနဲ့ သုံးသပ်ရမယ်ဆိုရင် မြန်မာပြည်မှာရှိနေတဲ့ အလုပ်သမားထုရဲ့ အခြေအနေက အဆိုးရွားဆုံး အခြေအနေ ရောက်နေပြီပေါ့”

၂၀၂၁ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အလုပ်သမားတွေဟာ လုပ်ခလစာဖြတ်တောက်ခံရတာ၊ လုပ်အားခေါင်းပုံဖြတ်ခံရတာ၊ အကြောင်းမဲ့ အလုပ်ထုတ်ခံရတာ၊ အခကြေးငွေမပေးဘဲ အချိန်ပိုဆင်းခိုင်းတာ၊ အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါ့အပြင် စစ်ကောင်စီဟာ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချတာတွေရှိပြီး အလုပ်သမားအဖွဲ့ အစည်းအဝေးတွေအချို့ကို မတရားအသင်းတွေအဖြစ် ထုတ်ပြန်ကြေညာထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က ဖုန်းနဲ့ဆက်သွယ်ရာမှာ ရုံးပိတ်ရက်ဖြစ်လို့ သူအနေနဲ့ မဖြေဆိုပေးနိုင်သေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံက လုပ်သားထုဟာ နိုင်ငံအတွက် မရှိမဖြစ်အရေးပါတဲ့ အဓိကအင်အားစုတစ်ရပ်ဖြစ်တယ်လို့ ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောထားပါတယ်။

မြန်မာအလုပ်သမားထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ရာမှာလည်း အလုပ်သမားတွေအနေနဲ့ အတူတူ ပါဝင်ကြိုးပမ်းကြဖို့ တိုက်တွန်းကြောင်းလည်း သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။