ဝိုင်းမော်တိုက်ပွဲ သက်ကြီးရွယ်အို လေးဦးသေဆုံး၊ ပိတ်မိသူ‌တွေကိုကယ်ထုတ်

RFA Burmese
2024.03.13
ဝိုင်းမော်တိုက်ပွဲ သက်ကြီးရွယ်အို လေးဦးသေဆုံး၊ ပိတ်မိသူ‌တွေကိုကယ်ထုတ် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ပိတ်မိနေသည့် စစ်ဘေးဒုက္ခသည်များအား ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီကယ်ထုတ်ခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Kachin News Group

ကချင် လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နယ် အောင်မြေ (၁) နဲ့ အောင်မြေ (၂) ကျေးရွာက သက်ကြီးရွယ်အို လေးဦးသေဆုံးခဲ့ပြီး ပိတ်မိနေသူ တစ်ထောင်ခန့်ကို မတ်လ ၁၃ ရက် ညနေပိုင်းက ကယ်ထုတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းရဲ့ ဝိုင်းမော်-ဗန်းမော်လမ်းပိုင်းမှာ မတ်လ ၇ ရက်ကစလို့ တိုက်ပွဲပြင်းထန်နေပြီး သက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ဒေသခံတစ်ထောင်ခန့် တစ်ပတ်ကြာပိတ်မိနေတာပါ။

လက်နက်ကြီးထိမှန်မှုနဲ့ဖြစ်သလို စစ်ဘေးရှောင်နေရတာတွေကြောင့် အသက် ၅၅ နှစ်ကနေ ၉၅ နှစ်အရွယ်ကြား အမျိုးသမီးကြီး လေးဦးသေဆုံးခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“လူတအားကျပ်တော့ အသက်ကြီးလို့ သူလည်း မခံနိုင်လို့ထင်တယ်။ ဟိုနေ့က တိုက်ပွဲဖြစ်တဲ့အချိန် သူ့ရဲ့တူတွေ ထမ်းပိုးပြေးတဲ့နေရာမှာ Shock ဖြစ်သွားတယ်ထင်တယ်။ လက်နက်ကြီးထိတာက သုံးယောက်၊ မနေ့က ဆုံးတာက တစ်ယောက်၊ လေးယောက်ရှိသွားပြီ။ အခု သူတို့ လမ်းမဖွင့်ပေးဘူးဆိုတော့ ကျွန်တော်တို့ ကျန်းမာရေးနဲ့ စားဝတ်နေရေးတွေတော့ တော်တော်ဒုက္ခရောက်သွားနိုင်တဲ့ အနေအထားဖြစ်တာပေါ့။ အခုတောင်မှ နှာစေးချောင်းဆိုးတဲ့လူတွေ၊ ဝမ်းလျှောတဲ့လူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် တော်တော်လေး ကူးစက်နေကြပြီ။ ဆေးတွေကမရှိ၊ ဆေးတွေ ရှိတဲ့ဟာတွေလည်း အကုန်လုံး ဝေမျှစား။ အခုတော့ ဘာမှမကျန်သလို ဖြစ်နေတယ်”

သေဆုံးသူ လေးဦးအနက် အသက် ၅၅ နှစ်အရွယ် ဒေါ်ဘဲန့်၊ အသက် ၇၇ နှစ်အရွယ် ဒေါ်အေးကွမ်နဲ့ အသက် ၉၅ နှစ်အရွယ် ဒေါ်မရန်ကော့တို့က မတ်လ ၉ ရက်နေ့က ရွာထဲမှာပဲ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာလို့ သူကပြောပါတယ်။ အသက် ၈၇ နှစ်အရွယ် ဒေါ်ဒိန်ရိန်ကိုင်ကတော့ မတ်လ ၁၂ ရက် ညမှာ စစ်ဘေးရှောင်နေရင်း အမောဖောက်သေဆုံးခဲ့တာလို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

“သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ မသန်စွမ်းသူတွေကို ဦးစားပေးကယ်ထုတ်ဖို့ ခွင့်ပြုချက်ရခဲ့တယ်”

ဝိုင်းမော် - ဗန်းမော် ကားလမ်းဘေးက အောင်မြေ (၁) ရွာမှာ မတ်လ ၇ ရက်နဲ့ အောင်မြေ (၂) ရွာမှာ မတ် (၉) ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြင်းထန်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

KIA၊ PDF ပူးပေါင်းတပ်တွေက ကျေးရွာပြင်ပလမ်းတွေကို ပိတ်ဆို့ထားပြီး ဝိုင်းမော်အခြေစိုက် စစ်ကောင်စီတပ်နဲ့ မြစ်ကြီးနားအခြေစိုက် (မပခ) စစ်ဌာနချုပ်က အဲဒီကျေးရွာနှစ်ရွာကို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ရွာသားတစ်ထောင်ခန့် ဘေးလွတ်ရာကိုထွက်မပြေးနိုင်ဘဲ ပိတ်မိနေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဝိုင်းမော်မြို့နယ်မှာ မနေ့ကနဲ့ ဒီနေ့ တိုက်ပွဲခေတ္တငြိမ်သက်နေပေမယ့် စစ်ရေးအခြေအနေက တင်းမာနေဆဲပဲလို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“အခုတော့ တိုက်ပွဲမရှိဘူးလို့တော့ ပြောကြတယ်။ တင်းမာနေတဲ့အနေအထားတော့ ဟုတ်ပါတယ်။ နောက် ဘာသာရေးခေါင်းဆောင်တွေ၊ ခရစ်ယာန်တွေ၊ ဝါရှောင်ဘုန်းတော်ကြီးကျောင်းဆရာတော်နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေ ညှိုနှိုင်းပြီးမှကယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ကြားပါတယ်”

တိုက်ပွဲခေတ္တငြိမ်သက်နေတာကြောင့် ဒီနေ့ညနေ လေးနာရီခန့်မှာ သာသာရေးခေါင်းဆောင်တွေ၊ ရှမ်းလူငယ်တွေနဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) တို့ပူးပေါင်းပြီး ပိတ်မိနေသူတွေကို ကယ်ထုတ်ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ပိတ်မိနေသည့် စစ်ဘေးဒုက္ခသည်များအား  ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ပိတ်မိနေသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီလိုကယ်ထုတ်နိုင်ဖို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်တွေ ညှိုနှိုင်းခဲ့ရပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ မသန်စွမ်းသူတွေကို ဦးစားပေးကယ်ထုတ်ဖို့ ခွင့်ပြုချက်ရခဲ့တယ်လို့ ဆိုပါတယ်။

ညမှောင်ရင် ပစ်ခတ်မှုတွေရှိနေသေးတာကြောင့် မနေ့ညနေက ချက်ချင်းခရီးမထွက်နိုင်ဘဲ ဒီနေ့မှ မြစ်ကြီးနားနဲ့ ဝိုင်းမော်က ကယ်ဆယ်ရေးအဖွဲ့တွေက အောင်မြေ (၂) ရွာက ဒုက္ခသည်တွေကို ကားအစီး ငါးဆယ်နဲ့ သွားရောက်ခေါ်ယူရတာလို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

မကျန်းမာသူတွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေကို လူနာတင်ယာဥ်နဲ့ခေါ်လာပြီလို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“လူနာတွေလည်း ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ မသန်းစွမ်းတဲ့သူတွေကိုတော့ လူနာတင်ယာဥ်မှာတင်ပြီး ခေါ်လာတယ်”

စစ်ဘေးရှောင်သူအားလုံး ဝိုင်းမော်မြို့နယ် အောင်မြေ (၂ ) ကျေးရွာ ဘုန်းကြီးကျောင်းမှာပဲ စုပြုံနေထိုင်ပြီး တချို့က မြေကြီးပေါ်မှာ အခင်းအကာမလုံလောက်ဘဲ ဖြစ်သလိုနေထိုင်ရတာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ကျန်းမာရေးထိခိုက်လာတာလို့ သူက ပြောပါတယ်။

ကချင်ပြည်နယ် မိုးမောက်၊ မံစီ၊ ဖားကန့်၊ ဗန်းမော်၊ ဆွပ်ပရာဘွမ်နဲ့ မိုးညှင်းမြို့နယ်တွေမှာ ၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ တိုက်ပွဲတွေစတင်လာပြီး စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ဘေးလွတ်ရာမှာ ထွက်ပြေးခိုလှုံနေရတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။