မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု တစ်ကျော့ပြန် များလာ
မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ကပ်ရောဂါကူးစက်မှု တစ်ကျော့ပြန် မြင့်တက်လာပြီး စက်တင်ဘာလ ၁ ရက်နေ့ကနေ စက်တင်ဘာ ၁၄ ရက် မနေ့ည (၈) နာရီအထိ သီတင်း နှစ်ပတ်အတွင်း ကူးစက်ခံရသူ ၂၄၅၇ ဦးနဲ့ သေဆုံးသူ ခြောက်ဦးထိ ရှိလာနေတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးဟာ အခုရက်ပိုင်းမှာ ပြည်တွင်းအစုလိုက် ကူးစက်မှုတွေ တွေ့နေရတာလို့ စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
"လူသေဆုံးတဲ့အဆင့်ကို ရောက်လာပြီဆိုတော့ ဒါက စိုးရိမ်ရတဲ့အဆင့်ကို ရောက်လာပြီ”
စက်တင်ဘာ ၁၄ ရက် မနေ့က တစ်ရက်တည်းမှာတင် ကိုဗစ်ကူးစက်ခံရသူ ၃၈၄ ဦးနဲ့ သေဆုံးသူ တစ်ဦး ရှိခဲ့တာပါ။
ဒါဟာ စစ်ကောင်စီရဲ့ ဆေးရုံဆေးခန်းတွေမှာ လာရောက်ပြသသူတွေထဲက စစ်ဆေးမှု ရလဒ်ဖြစ်ပြီး အပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ ပရဟိတလုပ်နေသူတွေက သုံးသပ်ပါတယ်။
ရန်ကုန်မြို့မှာ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တစ်ဦးကတော့ အခုရက်ပိုင်း ဆေးခန်း လာပြတဲ့ လူနာအများစုမှာ ကိုဗစ်ရောဂါ လက္ခဏာတွေ တွေ့ရလာပြီး တစ်ကျော့ပြန် မြင့်တက်လာပြီလို့ RFA ကို ပြောပါတယ်။
“အခုရက်ပိုင်းမှာ Mask တပ်တဲ့သူတွေနည်းလာပြီ။ ဆိုင်ထိုင်တာ၊ ဆိုင်ဖွင့်တာတွေလည်း များလာပြီလေ။ နောက်တစ်ခုက အခုဆိုရင် ဆီတန်းစီပြီး ဝယ်ရတာတို့၊ ပရဟိတမှာ တန်းစီတဲ့ လူအုပ်တွေနဲ့ ဘာတွေနဲ့ဆိုတော့ social distancing ကို မလိုက်နာတဲ့အပိုင်း တွေများလာတော့ ကိုဗစ်ကတော့ တစ်ကျော့ပြန်လာနေပါပြီ။ ကျနော်တို့ဆေးခန်းတွေ မှာလည်း ဖျားတဲ့လူနာတွေ များလာတယ်။ ဒါပေမဲ့ ကိုဗစ်က မျိုးရိုးဗီဇ ပြောင်းလာတော့ အနံ့ပျောက်တာမျိုးတို့ အောက်ဆီဂျင်ကျပြီး အသည်းအသန်ဖြစ်တာမျိုးတို့တော့ အရင် ထက်စာရင် နည်းလာပါတယ်။ ဒါပေမဲ့ ဖြစ်တဲ့နှုန်းကတော့ များလာတယ်။ စစ်မယ်ဆို ရင်တော့ အားလုံးနီးပါးမှာ တွေ့ရမယ့်သဘောမျိုး ဖြစ်နေတယ်”
အထွေထွေကုန်ဈေးနှုန်း အကျပ်အတည်းတွေကြောင့် ပြည်သူတွေဟာ ဈေးလျှော့ပေးတဲ့ စားသုံးဆီတွေကို တိုးဝှေ့ဝယ်ယူရတာ၊ အစားအသောက် အလှူပေးတဲ့နေရာတွေမှာ စုပြုံ တိုး တန်းစီနေရတာ၊ ဈေးဝယ်စင်တာတွေ စားသောက်ဆိုင်တွေမှာ လူစုလူဝေး များလာတာ တွေ တွေ့ရပြီး ဒီလိုအခြေအနေတွေကို မထိန်းချုပ်နိုင်ရင် ဒါမှမဟုတ် ကောင်းကောင်း စီမံခန့်ခွဲမှု မလုပ်နိုင်ရင် ကိုဗစ်ကူးစက်မှုက ပိုများလာနိုင်ဖွယ် ရှိတယ်တယ်လို့ သူက ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ကိုဗစ်ရောဂါထက် စားဝတ်နေရေးကို လုံးပန်းနေရတာကြောင့် ရောဂါကို သတိမမူမိကြဘဲ တစ်ကျော့ပြန်ကူးစက်မှုတွေက ဒီထက် များလာမှာကို စိုးရိမ်တယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
“အခုက လူတွေက ကိုဗစ်ကို သိပ်ပြီးတော့ သတိမထားကြဘူး။ မထားကြဘဲ လူတွေက ဝမ်းစာအတွက်ကို အဓိကထားပြီး လုပ်နေကြတဲ့အခါမှာ ကိုဗစ်က နောက်ဆက်တွဲ အခုဆိုရင် တော်တော်လေးကို ဖြစ်လာပြီလေ။ အခု လူတော်တော်များများက သူတို့ ကိုယ်သူတို့ ကိုဗစ်မှန်းတောင် မသိဘူးဖြစ်နေတယ်။ စစ်မှသာလျှင် ကိုဗစ်အဖြစ် ဖြစ်နေတာကို သွားတွေ့ရတယ်လေ။ အခြေခံလက်လုပ်လက်စားတွေက ကိုဗစ်လည်း သူတို့ ဂရုမစိုက်နိုင်ဘူး ဖြစ်နေကြတယ်။ စားဝတ်နေရေးအတွက်ကို ဦးစားပေးလုပ်နေ ကြတဲ့ အချိန်ကာလကြီး ဖြစ်နေကြတယ်။ တကယ်တော့ အခု ကိုဗစ်က အခုစနေပြီ။ ဒီထက်ပိုပွားများလာမှာလည်း အရမ်းစိုးရိမ်ရတယ်။ လက်ရှိလည်း လူသေဆုံးတဲ့အဆင့်ကို ရောက်လာပြီဆိုတော့ ဒါက စိုးရိမ်ရတဲ့အဆင့်ကို ရောက်လာပြီ”
တကယ်လို့ ကိုဗစ်ရောဂါ ကူးစက်ခံရမယ်ဆိုရင်လည်း စားဝတ်နေရေး ရုန်းကန်နေရချိန် ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်နေတဲ့ ဆေးဖိုးပါ ထပ်ကုန်မယ်ဆိုရင် ပြည်သူတွေဘ၀ ပိုကျပ်တည်းလာဖို့ပဲရှိတယ်လို့ သူက ဆိုပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပွားခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာလည်း ကျန်းမာရေး ဝန်ထမ်းတွေ အာဏာဖီဆန်ရေး CDM လုပ်ရှားမှုမှာ ပါဝင်နေတာ စစ်ကောင်စီရဲ့ စီးပွား ရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ဆေးဝါးနဲ့ အောက်ဆီဂျင် မလုံလောက်မှုအပြင် ဈေးနှစ်ဆမြင့်တက်မှု၊ ဆေးရုံတွေမှာ ဆေးဝါးနဲ့ ဆရာဝန် မလုံလောက်မှုတွေကြောင့် မြန်မာပြည်သူတွေဟာ ကိုဗစ်တတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို အပြင်းအထန် ခံစားခဲ့ရ ပါတယ်။
တတိယလှိုင်းတုန်းကတော့ ကိုဗစ်ရောဂါကူးစက်ခံရသူတွေအတွက် စွမ်းစွမ်းတမံ ကူညီနိုင်ခဲ့ပေမယ့် ဒီကာလမှတော့ လောင်စာဆီကြီးမြင့်မှုက လူမှုကူညီရေးလုပ်ငန်း တွေအတွက် အခက်အခဲဖြစ်လာတယ်လို့ မန္တလေး အခြေစိုက် လူမှုကူညီရေးအသင်းဖြစ်တဲ့ ပရဟိတမင်းခေါင် ကွန်ရက် ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ပြောပါတယ်။
“ကာကွယ်ရေးပစ္စည်းကတော့ တတိယလှိုင်းမှာကတည်းက စုဆောင်းထားတာတွေ ရှိတယ်လေ။ အဓိက ကျနော်တို့ အခက်အခဲကတော့ ဆီဈေးတက်တယ်။ အခုက ပြည်သူတွေမှာလည်း အခက်အခဲလေးတွေရှိတော့ လက်ရှိဆောင်ရွက်နေတာဆိုရင် အခမဲ့လေးတွေချည်းပဲ ပို့နေရတာပေါ့။ ပို့နေတဲ့အခါကျတော့ ကျနော်တို့ စုဆောင်း ထားတဲ့ အကာကွယ်ပစ္စည်းလေးတွေ ပြတ်သွားရင်တော့ ကျနော်တို့လည်း နည်းနည်း ခက်ခဲလာမယ်ပေါ့။ ဒါက ကာကွယ်ပစ္စည်းပေါ့။ နောက်တစ်ချက်က ဆီကလည်း ကြီးမြင့်တဲ့အခါကျတော့ ကျနော်တို့လည်း ကိုယ်နိုင်တဲ့ဝန်နဲ့ နိုင်သလောက် ကူညီ ပေးမှာပေါ့။ အဆင်မပြေတဲ့အချိန်ကျမှပဲ ကျနော်တို့ ရပ်နားရင် ရပ်နားမယ်။ လောလော ဆယ်ကတော့ ပြည်သူတွေအတွက် နိုင်တဲ့ဝန်နဲ့ နိုင်သလောက် ထမ်းရွက်သွားမယ်”
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံရတဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ၈၀ ရာခိုင်နှုန်းက ကာကွယ်ဆေးလုံး၀ မထိုးထားသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ကာကွယ်ဆေးထိုးနှံထားသူတွေက ကိုဗစ်ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံးမှုကို လျှော့ချနိုင်တဲ့အတွက် ကာကွယ်ဆေးကို မပျက်မကွက်လိုက်နာကြဖို့နဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်းတွေကို လိုက်နာကြဖို့ ဆော်သြထားပါတယ်။
လက်ရှိ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှုတွေကို သိနိုင်ဖို့ စစ်ကောင်စီ၊ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကို RFAက ဆက်သွယ်ပေမယ့် အကြောင်း မပြန်ပါဘူး။
ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်ရောဂါ ကူးစက်မှုအခြေအနေတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြောင်းနဲ့ အခုရက်ပိုင်းတွေမှာ လူစုလူဝေးများတဲ့ သင်တန်းကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ရုံးဌာနအချို့တွေမှာ အစုလိုက် ပိုးကူးစက် မှုတွေ တွေ့လာရတယ်လို့ စက်တင်ဘာလ ၁၅ ရက် ဒီနေ့ စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ Viber Group ကနေတစ်ဆင့် မီဒီယာတွေကို ဖြေဆိုပါတယ်။
စာအုန်းဆီ စီတန်းရောင်းချမှုတွေအပါအဝင် လူစုလူဝေးဖြစ်တဲ့နေရာတွေမှာ ကိုဗစ် စည်းကမ်းတွေကို လိုက်နာဖို့ နဲ့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်လုပ်ငန်းတွေကို သက်ဆိုင်ရာဌာနတွေက ကြီးကြပ်ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းနေတယ်လို့လည်းဆိုပါတယ်။
အခုကာလမှာတော့ ပြည်သူတွေဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး ကျန်းမာ ရေးအတွက်ပါ စရိတ်တွေ အကုန်အကျများလာရင် ပိုပြီးခက်ခဲနိုင်တာကြောင့် ခပ်ခွာခွာ နေတာ၊ Mask တပ်တာနဲ့ လက်ဆေးတာ စတဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေကို မဖြစ်မနေ လုပ်ဆောင်ကြဖို့ CDM ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Olivia က တိုက်တွန်း ပါတယ်။
“အခုအချိန်ကာလမှာ အခြေခံစားသောက်ကုန်ကစပြီးတော့ မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးတွေထိ ကုန်ဈေးနှုန်းတွေက တက်နေတယ်။ တက်နေတဲ့အခါကျတော့ ပြည်သူ တွေက မဖြစ်မနေလိုအပ်တဲ့ အခြေခံစားသောက်ကုန်အပြင်ကို ကိုယ့်ရဲ့ ကျန်းမာရေး ထိခိုက်လာလို့ရှိရင် ထပ်ပြီးတော့ ကုန်ကျမယ့် စရိတ်စကက မသေးဘူး။ ဆိုတော့ အရင်ကထက် နှစ်ဆ သုံးဆ ပိုပြီး ဂရုစိုက်ကြပါ။ ကိုဗစ်နဲ့ပတ်သက်လို့ ရိုးရှင်းလွယ်ကူ တဲ့ ကာကွယ်ရေးနည်းလမ်းတွေကိုလည်း မဖြစ်မနေ လုပ်ဆောင်ပေးကြပါလို့ မှာချင်ပါ တယ်”
မြန်မာနိုင်ငံတစ်ဝန်းမှာ ကိုဗစ်ကပ်ရောဂါ စတင်ကူးစက်တဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းကနေ အခု ၂၀၂၂ စက်တင်ဘာလ ၁၄ ရက် ည ၈ နာရီအထိ ကိုဗစ်ကူးစက်ခံရသူ ၆၁၇,၇၃၉ ဦး ရှိပြီး ၁၉,၄၄၄ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။
မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးပြီးသူ ၁၈ နှစ်နဲ့အထက် သန်း ၃၀ ကျော် (၃၀,၄၆၁,၀၆၃) နဲ့ ၁၈ နှစ်အောက် ခြောက်သန်းကျော် (၆,၅၁၅,၅၂၂) စုစုပေါင်း ၃၆ သန်းကျော် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။