စစ်ကောင်စီကို အရေးယူပေးဖို့ ILO ကို တော်လှန်ရေးအင်အားစုတွေ တောင်းဆို

RFA Burmese
2025.03.13
စစ်ကောင်စီကို အရေးယူပေးဖို့ ILO ကို တော်လှန်ရေးအင်အားစုတွေ တောင်းဆို စစ်ကောင်စီ ဖိနှိပ်မှုများကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ညီလာခံမှာ အရေးယူပေးဖို့အတွက် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ထိုင်းနိုင်ငံ နေရာအချို့တွင် ဆန္ဒပြ တောင်းဆိုကြစဉ်။
Facebook/Ye Min

အဓမ္မ စစ်မှုထမ်းခိုင်းတာ၊ အလုပ်သမား အခွင့်အရေးတွေကို ဆိုးဆိုးရွားရွား ဖိနှိပ်ပိတ်ပင်တာတွေ လုပ်နေတဲ့စစ်ကောင်စီကို နိုင်ငံတကာ အလုပ်သမား စံနှုန်းတွေကို မလိုက်နာမှုပုဒ်မ ၃၃ နဲ့ အရေးယူဖို့ အလုပ်သမားတွေနဲ့ တော်လှန်ရေး အင်အားစုတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကို တောင်းဆိုနေကြပါတယ်။

ရန်ကုန်၊ စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ကချင်၊ ကရင်၊ ရှမ်းပြည်နယ်တို့အပြင် ထိုင်းနိုင်ငံမှာပါ လူထုလှုပ်ရှားမှုတွေ လုပ်ပြီး တောင်းဆိုနေကြတာပါ။

“ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို ILO ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက ကြားသိဖို့လိုအပ်ပါတယ်”

အဓမ္မ စစ်မှုထမ်းခိုင်းတာ၊ အလုပ်သမားတွေကို အသင်းဖွဲ့စည်းခွင့်နဲ့ စည်းရုံးခွင့်တွေ ပိတ်ပင်နေတာကြောင့် တောင်းဆိုကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ရာနှုန်းပြည့် အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ ရန်ကုန်မြို့မှာဆိုရင် အန္တရာယ်ကြားထဲကပဲ လူထုလှုပ်ရှားမှု လုပ်ခဲ့ရတယ်လို့ ရန်ကုန်တော်လှန်ညီနောင် လေးဖွဲ့ (Yangon 4 Brothers) သတင်းပြန်ကြားရေးတာဝန်ခံ သရဝဏ်က RFA ကို ပြောပါတယ်။

“တရားမျှတပြီးတော့ အရေးယူနိုင်မဲ့ ဥပဒေတစ်ခုကို မျှော်လင့်တယ်။ အရေးယူနိုင်မယ်လို့လည်း ထင်တယ်။ ရန်ကုန်မြို့မှာ ဒီလိုမျိုးအခြေအနေ လုပ်တယ်ဆိုတာ ညီမတို့အတွက် အန္တရာယ်များတယ်။ အသက်အန္တရာယ်ကို လောင်းကြေး ထပ်ထားရတယ်။ ညီမတို့ ရရာကဏ္ဍကနေပြီး ရသလိုနည်းနဲ့ တော်လှန်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အစွန်းဆုံးအထိ ရန်ကုန်မြို့ကနေ တော်လှန်မြဲ တော်လှန်ဆဲပါပဲ”

စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးတာ၊ အလုပ်သမားတွေကို စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲတာအပြင် အလုပ်ရှင်တွေကလည်း အလုပ်သမားတွေရဲ့ လုပ်အားခတွေကို ခေါင်းပုံဖြတ်တာ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ဆက်သွယ်ရေးတာဝန်ခံ မဖောင်ရိုးက ပြောပါတယ်။

ILO က ပုဒ်မ ၃၃ အရ အရေးယူလိုက်မယ်ဆိုရင် စစ်တပ်အတွက် အကျပ်ရိုက်စေမှာဖြစ်ပြီး ဒါဟာ အလုပ်သမား ပြည်သူတွေရဲ့ ဆန္ဒဖြစ်တယ်လို့ မဖောင်ရိုးက ဆိုပါတယ်။

“အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ဟာဆိုရင် အေးချမ်းသာယာမှု မရှိသလို ခေတ်သစ် ကျွန်ပြုစနစ်သာ ဖြစ်နေခြင်းဖြစ်ပါတယ်။ ILO က ပုဒ်မ ၃၃ အရ မြန်မာစစ်အာဏာရှင်ကို အမြန်ဆုံးအရေးယူဖို့ အလုပ်သမား ပြည်သူတွေရဲ့ဆန္ဒ ဖြစ်တယ်။ အလုပ်သမား ပြည်သူတွေက တောင်းဆိုတာဖြစ်တယ်”

ILO က ပုဒ်မ ၃၃ အရ အရေးယူလိုက်မယ်ဆိုရင် စက်မှုကဏ္ဍက အလုပ်သမားတွေ ထိခိုက်နစ်နာမှု ရှိမယ်ဆိုပြီး စစ်ကောင်စီကို အရေးယူဖို့လုပ်တဲ့ ILO အစည်းအဝေးတွေတိုင်းမှာ တရုတ်၊ ရုရှားနဲ့ ဘီလာရုဇ်နိုင်ငံတို့က ထောက်ပြနေကြပါတယ်။ ဒါဟာ စစ်ကောင်စီကို အကာအကွယ်ပေးနေတဲ့ သဘောသာဖြစ်ပြီး လက်ရှိမှာလည်း အလုပ်သမားတွေဟာ ဖိနှိပ်မှုများစွာရှိနေတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြရတယ်လို့ သူက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ILO ဆုံးဖြတ်ချက် စစ်ကောင်စီကို အထိနာနိုင်

စစ်ကောင်စီကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က အရေးယူနိုင်မလား

စစ်ကောင်စီထုတ်ပြန်တဲ့ အလုပ်သမားအဖွဲ့စာရင်း ဝေဖန်ခံနေရ


ဒီအတောအတွင်းမှာပဲ ရန်ကုန် သပိတ်အင်အားစုတွေကလည်း ဖိနှိပ်မှုတွေ ပိုပြီးဆိုးရွားလာတဲ့ စစ်ကောင်စီကိုအရေးယူဖို့ ဥရောပသမဂ္ဂနဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေကို မတ် ၁၂ ရက်နေ့မှာ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ မတ် ၁၀ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပနေတဲ့ ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ ILO အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနဲ့ပတ်သက်တဲ့ တောင်းဆိုချက် ခြောက်ချက်ကို ဆုံးဖြတ်ပေးဖို့ တောင်းဆိုတာလို့လည်း အိတ်ဖွင့်စာထဲမှာ ဖော်ပြထားပါတယ်။

“နိုင်ငံတကာမှာ စစ်ကောင်စီ တရားဝင်မှု မရအောင်နဲ့ စစ်တပ်ရဲ့ ဝင်ငွေရလမ်းတွေကို ရပ်တန့်ဖို့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်”

အဲဒီအချက် ခြောက်ချက်ထဲမှာ စစ်ကောင်စီနဲ့ ILO၊ EU ကိုယ်စားလှယ်တွေ ဆက်ဆံရေး ပြုလုပ်နေတာကို ပြန်လည်သုံးသပ်ပြီး ရပ်တန့်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ တရားဝင် ထိတွေ့ဆက်ဆံဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

စစ်ကောင်စီကို ဘယ်လိုပုံစံမျိုးနဲ့ အရေးယူရမလဲ အရေးကြီးအခြေအနေ ဖြစ်နေတဲ့အတွက် ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို ILO ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက ကြားသိဖို့လိုအပ်တယ်လို့ ILO အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မဖြိုးစန္ဒာစိုးက RFA ကို ပြောပါတယ်။

“အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံက ဒီကနေ လုပ်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို Endorse လုပ်ပေးတဲ့အဆင့်ပဲ။ ဒီဆုံးဖြတ်ချက်တွေက အရမ်းအရေးကြီးတယ်။ ပါသွားမဲ့ဟာတွေပေါ့။ အဓိက အမာခံပြောတာတော့ ရုရှားနဲ့ တရုတ်က ပြောတာ။ ကျန်တဲ့ အစိုးရတွေကတော့ အကြမ်းဖက်စစ်တပ် ကျူးလွန်နေတာတွေကို သိတယ်။ ပြည်သူကို မထိခိုက်ဘဲ၊ အလုပ်သမားကို မထိခိုက်ဘဲ ဘယ်လိုအရေးယူရမလဲဆိုတာကိုပဲ သုံးသပ်နေတဲ့အနေအထား ဖြစ်ပါတယ်”

မတ် ၁၃ ရက်နေ့မှာ အလုပ်သမား အစုအဖွဲ့တွေက စစ်ကောင်စီကို အရေးယူနိုင်မဲ့နည်းလမ်းကို ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ ဒီနည်းလမ်းတွေကို မတ် ၁၉ ရက်နေ့မှာ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို လာမဲ့ဇွန်မှာ ကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ မဲခွဲဆုံးပြီး အတည်ပြုမှာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဖိနှိပ်မှုများကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ညီလာခံမှာ အရေးယူပေးဖို့အတွက် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ရန်ကုန်မြို့တွင် ဆန္ဒပြ တောင်းဆိုကြစဉ်။ (Facebook/ Owl Community Photo)
စစ်ကောင်စီ ဖိနှိပ်မှုများကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ညီလာခံမှာ အရေးယူပေးဖို့အတွက် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ရန်ကုန်မြို့တွင် ဆန္ဒပြ တောင်းဆိုကြစဉ်။ (Facebook/ Owl Community Photo)

ဒီဆုံးဖြတ်ချက် အတည်ဖြစ်ရင် နိုင်ငံတကာမှာ စစ်ကောင်စီ တရားဝင်မှု မရအောင်နဲ့ စစ်တပ်ရဲ့ ဝင်ငွေရလမ်းတွေကို ရပ်တန့်ဖို့ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ မဖြိုးစန္ဒာစိုးက ပြောပါတယ်။

စစ်ကောင်စီကို ILO ညီလာခံက အရေးယူနိုင်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ ပြန်လည် မဖြေကြားပါဘူး။

မြန်မာနိုင်ငံဟာ ILO မှာ သဘောတူလက်မှတ် ရေးထိုးထားတဲ့ အဓမ္မခိုင်းစေမှု ပပျောက်ရေးနဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ပြဋ္ဌာန်းချက်တွေကို မလိုက်နာတဲ့အတွက်၊ စစ်ကောင်စီကိုအရေးယူဖို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာက ကျင်းပခဲ့တဲ့ ILO အုပ်ချုပ်မှုကော်မတီ အစည်းအဝေးက အတည်ပြုခဲ့တာပါ။

အဲဒီဆုံးဖြတ်ချက်ကို အခုနှစ် ဇွန်မှာကျင်းပမဲ့ ILO ညီလာခံကနေ အတည်ပြုမှာ ဖြစ်တာကြောင့် လက်တွေ့ အကောင်အထည်ဖော်၊ အတည်ပြုနိုင်ရေး ဆန္ဒပြပွဲတွေလည်း တိုင်းနဲ့ ပြည်နယ်တချို့မှာ ဆက်ရှိနေတာလည်း ဖြစ်ပါတယ်။

ပုဒ်မ ၃၃ နဲ့ အရေးယူမှုဟာ နိုင်ငံတကာ အလုပ်သမား စံနှုန်းတွေကို လုံးဝမလိုက်နာတဲ့ အခြေအနေမှာသာ အသုံးပြုတာဖြစ်ပြီး ILO က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို အရေးယူခဲ့သလို ၂၀၂၃ ခုနှစ်မှာ ဘီလာရုဇ် (Belarus) နိုင်ငံကို အရေးယူခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံက အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရ သုံးပွင့်ဆိုင် ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ စစ်တပ်က အာဏာသိမ်းချိန်ကတည်းက ILO က မြန်မာနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်ပြီး စစ်ကောင်စီကို နည်းပညာအရရော ငွေကြေးအရပါ ကူညီပံ့ပိုးမှု ရပ်ဆိုင်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။