အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးများ
2023.08.22

လက်ရှိအစိုးရကို အုပ်စုငယ်တစ်စုက ရုတ်တရက်အကြမ်းဖက်ဖြုတ်ချလိုက်တာဟာ အာဏာသိမ်းမှု ဖြစ်တယ်လို့ Britannica Encyclopedia ဗြိတိန်စွယ်စုံကျမ်းက အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ အာဏာသိမ်းရင် စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ တခြားစစ်ဘက်ဆိုင်ရာအဖွဲ့တွေအားလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို ချုပ်ကိုင်ရေးက အဓိကမရှိမဖြစ် လိုအပ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၆၂၊ ၁၉၈၈ နဲ့ ၂၀၂၁ အာဏာသိမ်းမှုအားလုံး စစ်တပ်က သိမ်းတာချည်းပဲမို့ အဓိက မရှိမဖြစ်တဲ့အရာက ပြည့်စုံပြီးသား ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုဟာ ခု ၂၀၂၃ ခုနှစ် ဇူလိုင် ၂၆ ရက် နိုင်ဂျာနိုင်ငံ အာဏာသိမ်းမှုနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ခေတ်အဆက်ဆက် စစ်တပ်က ကြီးစိုးလာပြီး ၂၀၁၆ ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပထမတစ်ကြိမ်မှာ အာဏာလွှဲအပ်ပေမဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရလို့ ၂၀၂၁ မှာ လွှတ်တော်မခေါ်ယူခင် စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။
နိုင်ဂျာနိုင်ငံမှာလည်း အရပ်သားသမ္မတတစ်ယောက်က နောက်တစ်ယောက်ကို ပထမဆုံးအကြိမ် ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြီးလို့ နှစ်နှစ်ကျော်အကြာမှာ အာဏာသိမ်းတာပါ။ အိမ်စောင့်အစိုးရကို ထည့်မတွက်ရင် စစ်တပ်က သုံးကြိမ်အာဏာသိမ်းတာဖြစ်ပြီး နိုင်ဂျာနိုင်ငံမှာ လေးကြိမ်မြောက် အာဏာသိမ်းတာပါ။
နိုင်ဂျာနိုင်ငံ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီအာဘော်သတင်းစာမှာ "အကြောင်းကြောင်းကြောင့် ဖြစ်လာရသော အာဏာသိမ်းမှုများနှင့် အပြောင်းအလဲမြန်သည့် အနောက်အာဖရိက ပထဝီနိုင်ငံရေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သြဂုတ် ၆ ရက်နေ့က ဖော်ပြပါတယ်။ လိုရင်းတိုရှင်းပြောရရင် ဒီမိုကရေစီထွန်းကားရေးနဲ့ ဖီလာဆန့်ကျင်တဲ့ စစ်အာဏာသိမ်းမှုကို စစ်ကောင်စီအာဘော်သတင်းစာက ပြတ်ပြတ်သားသား ထောက်ခံလိုက်တာပါ။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီက ပြောသလိုမျိုး ဒီပုတ်ထဲက ဒီပဲထုံးစံ နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင် Addourahamane Tchiani အဗ္ပဒူဟာမန် တီချနီကလည်း သုံးနှစ်အတွင်း ဒီမိုကရေစီလမ်းကြောင်းပြန်သွားမယ်လို့ သြဂုတ်လ ၁၉ ရက်နေ့က ပြောပါတယ်။
နောက်ရက်ပိုင်းအကြာ သြဂုတ် ၂၂ ရက်နေ့မှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပါတီစုံဒီမိုကရေစီစနစ်ဆိုတဲ့ စကားရပ်ကို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်ပြည့်စုံစွာ ကျင်းပနိုင်ရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့ ဆောင်ရွက်ပြီးစီးရင် အထွေထွေရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်အာဏာလွှဲအပ်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”
နိုင်ဂျာအာဏာသိမ်း စစ်ခေါင်းဆောင်က နိုင်ဂျာပြည်သူတွေရော သူ့အာဏာသိမ်းစစ်တပ်ကပါ စစ်ကို မလိုလားဘဲ စေ့စပ်ဆွေးနွေးရေး တံခါး ဖွင့်မြဲဖွင့်တယ်လို့ ပြောပါတယ်။ စစ်ကောင်စီကလည်း တစ်ဖက်မှာ ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ စကားစထားပါတယ်။ တစ်ဖက်မှာလည်း အကြမ်းဖက်မှုတွေ ရှိနေတယ်လို့ အကြောင်းပြပြီး အရေးပေါ်ကာလ သက်တမ်းခြောက်လထပ်တိုးပြီး ဒီသြဂုတ်လထဲမှာပဲ စစ်ကောင်စီက ထိုးစစ်တွေ ပြင်းပြင်းထန်ထန်ဆင်နွှဲနေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

အရင်က နယ်မြေအေးချမ်းတဲ့ ဒေသတွေမှာပါ တိုက်ပွဲတွေရှိပြီး ဒီတိုက်ပွဲတွေဟာ စစ်အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာရတာကလည်း လူထုက ငြိမ်မခံတော့ဘဲ ပြန်လည်တွန်းလှန်တော်လှန်တဲ့အတွက်လည်း ဖြစ်ပါတယ်။ ဒါဟာ အာဏာသိမ်းလိုက်တဲ့အတွက် အလွန်တရာအရင်းအနှီးကြီးမားလှတဲ့ တော်လှန်ရေးတစ်ရပ် ပေါ်ထွန်းလာတာပဲ ဖြစ်ပါတယ်။
နိုင်ငံရေးသဘောတရားအရ အုပ်ချုပ်သူကိုဖြစ်ဖြစ်၊ အုပ်ချုပ်ရေး အသွင်သဏ္ဍာန်ကိုဖြစ်ဖြစ် တစ်မုဟုတ်ချင်း အကြမ်းဖက်ပြီး ပြောင်းလဲရင် တော်လှန်ရေးတစ်ရပ် ပေါ်ထွန်းပါတယ်။ အကြမ်းဖက်တာက အဓိက မဟုတ်ပေမဲ့ တော်လှန်ရေးတစ်ရပ်မှာ အင်္ဂါရပ်တစ်ရပ်ဖြစ်ပါတယ်။။
စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲပေါ်ပေါက်လာတဲ့ တော်လှန်ရေးနဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသူ စိုင်းထွန်းအောင်လွင်ပြောတာကတော့ ....
“စစ်သဘောတရားအရ တော်လှန်ရေးက အချိန်ကြာတတ်တယ်။ အမျိုး၊ ဘာသာ၊ သာသနာနဲ့ စည်းရုံးတာကလည်း အလုပ်မဖြစ်တော့ဘူး။”
ကမ္ဘာမှာ အရေးတကြီး ဖြေရှင်းရမယ့် ဒီမိုကရေစီထွန်းကားရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေးနဲ့ ပတ်ဝန်းကျင်သာယာရေး သုံးရပ်ရှိတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းက သွေဖီပြီး စစ်အာဏာသိမ်းလိုက်တဲ့နောက် ဆင်းရဲမှုတိုက်ဖျက်ရေး အလှမ်းဝေးသွားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အားကောင်းတဲ့ ဒေသတွေနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီ အုပ်ချုပ်ရေးက လက်လှမ်းမမှီတဲ့အတွက် သဘာဝသယံဇာတတွေ ထုတ်ယူချင်တိုင်း ထုတ်ယူနေတဲ့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးက စာရွက်ပေါ်မှာပဲ ရှိနေပါတယ်။
တစ်ချိန်တည်းမှာ စစ်အာဏာသိမ်းတာ နှစ်နှစ်ခွဲရှိနေပေမဲ့ တော်လှန်ရေးအရှိန်အဟုန် မီးတောက်ကို လက်နက်နဲ့ ငြှိမ်းသတ်လို့ မရနိုင်ဘဲ ရှိနေပါတယ်။