ဘင်္ဂလားဒေ့ရှ်က ရာဇဝတ်ဂိုဏ်းတွေရဲ့လုပ်ရပ်တွေကို ရိုဟင်ဂျာတွေထုတ်ဖော်ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.11.28
ဘင်္ဂလားဒေ့ရှ်က ရာဇဝတ်ဂိုဏ်းတွေရဲ့လုပ်ရပ်တွေကို ရိုဟင်ဂျာတွေထုတ်ဖော်ပြော အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်အတွင်း ယာယီခိုလှုံခွင့်ပေးထားသည့် အဆောက်အဦတွင် နေထိုင်နေကြသော ရိုဟင်ဂျာဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။
AFP

ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်တဲ့ မိုဟာမက် ရီဒိုအီနဲ့ မိသားစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းကနေ ရေလမ်းခရီးနဲ့ ၁၂ရက်ကြာ ပင်လယ်ပြင်ကို ဖြတ်သန်းပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ကမ်းခြေကို ရောက်လာပါတယ်။

ရိုဟင်ဂျာတစ်သန်းကျော်လောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာ ဒုစရိုက်ဂိုဏ်းတွေဟာ ရိုဟင်ဂျာတွေကို ပြန်ပေးဆွဲတာနဲ့ နှိပ်စက်ညှဉ်းပန်းနေတဲ့အတွက် မိသားစုလိုက် အခုလို ထွက်ပြေးလာရတာလို့ အင်ဒိုနီးရှားကို ရောက်လာသူတွေက ပြောပါတယ်။

 “အဓိကက ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာတွေကို အမြန်ဆုံး မြန်မာနိုင်ငံကို ပြန်စေချင်နေတာပါ။ ဒါကြောင့်ဒုက္ခသည်တွေကို စခန်းတွေထဲမှာ အလွန်မှ ဆင်းရဲဒုက္ခရောက်ရတဲ့ အခြေအနေမျိုးနဲ့ထားထားတာပါ"

မိုဟာမက် ရိုဒိုအီ ဟာဆိုရင် မကြာခင်က ရာဇဝတ်ဂိုဏ်းတစ်ခုကနေ ပြန်ပေးဆွဲခံခဲ့ရပြီး ဘင်္ဂလားဒေ့ရှ် တာကာငွေ ငါးသိန်းပေးမှ ပြန်လွှတ်ပေးမယ်လို့ အကျပ်ကိုင်ခဲ့တဲ့အကြောင်း ပြန်ပြောပြပါတယ်။

“လွန်ခဲ့တဲ့ တစ်လလောက်က ဖြစ်တာပါ။ အဖွဲ့တစ်ဖွဲ့က ကျွန်တော့်ကို ပြန်ပေးဆွဲသွားပြီး အဲဒီနောက် လူငါးယောက်က သတ်ဖို့ကြိုးစားပါတယ်။ ပြန်ပေးဆွဲတာက အာဆာအဖွဲ့ကပါ။ သူတို့က တာကာငွေ ငါးသိန်းတောင်းပါတယ်။ ကျွန်တော့်မှာ အဲဒီလောက်မရှိပါဘူး။ ဒါပေမဲ့ သုံးသိန်း ပေးလိုက်တော့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ပြန်လွှတ်ပေးပြီး တစ်ရက်ကြာတော့ လူငါးယောက်က ကျွန်တော့်ကို သတ်ဖို့ ကြိုးစားလာတာပဲ။”

မိုဟာမက် ရိုဒိုအီ ဟာ ပြန်လွတ်လာတဲ့နောက် မိသားစုကိုခေါ်ပြီး အင်ဒိုနီးရှားကို သွားမယ့်လှေနဲ့ လိုက်ခဲ့တာလို့ ပြောပါတယ်။

ရီဒိုအီ လိုပဲ အသက် ၁၉ နှစ်အရွယ် ရိုဟင်ဂျာမိန်းကလေး အိုင်ရှာ ဆိုရင်လည်း သူ့ခင်ပွန်းနဲ့ ကလေး နှစ်ယောက်နဲ့အတူ အာချေးပြည်နယ်ကို ဆိုက်ရောက်လာတဲ့ လှေငယ် တစ်ဦးပေါ်မှာ လိုက်လာကြတာပါ။

“ပင်လယ်ပြင်ကို ဖြတ်ပြီး လာရတာ အန္တရာယ်များတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဒုက္ခသည်စခန်းထဲမှာ နေရတာက၊ ပင်လယ်ပြင်မှာထက် ပိုပြီး အန္တရာယ်များပါတယ်။ သေရင်လဲ ပင်လယ်ထဲမှာပဲ အသေခံမယ်ဆိုပြီး ထွက်လာခဲ့တာပါ”

လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ ကြေညာထားတဲ့ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ်က စစ်ဆင်ရေးရှင်းလင်းရေးတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေဟာ အခုတော့ မိုင်ပေါင်း ၁၁ဝဝ ကျော် ဝေးတဲ့ အင်ဒိုနီးရှားနိုင်ငံဆီကို ပြည့်ကျပ်နေတဲ့ လှေငယ်တွေစီးပြီး ရက်ပေါင်းများစွာကြာအောင် ခရီးနှင်ပြီး လာရောက်နေကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်ကတည်းက ရိုဟင်ဂျာဒုက္ခသည်တွေပါလာတဲ့ လှေခြောက်စီးထပ်မနည်း အာချေးပြည်နယ်ကမ်းခြေကို ရောက်လာပြီး ဒီထက်မက ထပ်ရောက်လာဖို့ ရှိသေးတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။ ဒါက အာချေးဒေသခံအချို့က ရောက်လာတဲ့ လှေတွေကို ပင်လယ်ထဲ ပြန်လွှတ်ပြီး ကမ်းကပ်လို့မရအောင် စောင့်ကြပ်နေတဲ့အထဲက ရောက်လာကြတာပါ။

၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်​မြောက်ပိုင်းကို ကမ်းကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (Photo: Reuters)
၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်​မြောက်ပိုင်းကို ကမ်းကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (Photo: Reuters)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေရတာ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ မီးရှို့တာတွေ ဖြစ်နေလို့ မြန်မာနိုင်ငံနဲ့ ဘာမှမထူးတဲ့အကြောင်း၊ ဒုစရိုက်သမားတွေရဲ့ ရန်ကို ကြောက်လို့ တာကာငွေ နှစ်သိန်းအကုန်ခံပြီး အခုလို အင်ဒိုနီးရှားကို သွားမဲ့လှေနဲ့ ထွက်လာခဲ့တာလို့ ရိုဟင်ဂျာဒုက္ခသည်မိန်းကလေး အိုင်ရှာ က ပြောပါတယ်။

“ကျွန်မတို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကို ရောက်ကာစက အကူအညီတွေ ရပါတယ်။ ပထမ နှစ်လ၊ သုံးလလောက် တော်တော်လေး အဆင်ပြေပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အစားအသောက်ပေးတာ မလောက်မငှ ဖြစ်လာပါတယ်။ တစ်ယောက်ကို တစ်လ ရှစ်ဒေါ်လာနှုန်းပဲ ပေးနိုင်တော့ လူကြီးတစ်ယောက်အတွက် ဘယ်လိုမှ စားလို့မလောက်တော့ပါဘူး။ ဒီကြားထဲမှာ မသမာတဲ့သူတွေကလဲ ငွေညှစ်ပါတယ်။ မပေးနိုင်ရင် ကျွန်မ ယောကျာ်းကို လာဖမ်းပါလိမ့်မယ်။ နေရတာ မလုံခြုံတော့ဘူး။ စခန်းထဲမှာ ညဘက်ဆိုရင် ကောင်းကောင်း မအိပ်ရဲတော့ပါဘူး။ ဒါကြောင့်လဲ ကျွန်မတို့အတွက် လုံခြုံစိတ်ချရမယ့် နေရာကို ရှာတာ။ အင်ဒိုနီးရှားမှာတော့ လုံခြုံတယ်လို့ ကြားရလို့ ဒီကိုလာဖို့ ဆုံးဖြတ်ခဲ့တာပါ။”

အခုအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းထဲမှာ ရိုဟင်ဂျာတွေဟာ ရာဇဝတ်ဂိုဏ်းတွေနဲ့ အစ္စလာမ်မစ်အစွန်းရောက်အုပ်စုတွေ လာပြီး ပြန်ပေးဆွဲမှာ၊ ရန်ပြုတိုက်ခိုက်မှာ ကြောက်ရွံ့လို့ ညဘက်ဆိုရင် အထိတ်တလန့်နဲ့ နေထိုင်နေကြရတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ HRW က အစီရင်ခံစာ ထုတ်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်ကို အမြန်ဆုံးပြန်စေချင်တဲ့အတွက် သူတို့ထွက်သွားအောင် ဒုက္ခသည်စခန်းတွေထဲမှာ အလွန်ဆင်းရဲဒုက္ခရောက်ရတဲ့ အခြေအနေမျိုးနဲ့ထားထားတာလို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်တွေဟာ တိုက်ခိုက်ခံနေရပါတယ်။ ပြန်ပေးဆွဲတာလဲခံနေရပါတယ်။ သူတို့ကို ချုပ်နှောင်ထားပြီး၊ ပြန်ပေးငွေပေးမှ လွှတ်ပေးတယ်။ ဒီကြားထဲ နှိပ်စက်ညှဉ်းပန်းခံရတယ်။ အချို့လဲ အသတ်ခံနေရပါတယ်။ ဒီလိုဖြစ်နေတာကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဂရုမစိုက်ပါဘူး။ အဓိကက ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာတွေကို အမြန်ဆုံး မြန်မာနိုင်ငံကို ပြန်စေချင်နေတာပါ။ ဒါကြောင့်ဒုက္ခသည်တွေကို စခန်းတွေထဲမှာ အလွန်မှ ဆင်းရဲဒုက္ခရောက်ရတဲ့ အခြေအနေမျိုးနဲ့ထားထားတာပါ။ ရလဒ်ကတော့ ဒုက္ခသည်တွေဟာ အလွန်အန္တရာယ်များတဲ့ ပင်လယ်ပြင်ခရီးကို လှေငယ်တွေနဲ့ ဖြတ်သန်းနေကြတာပါ။ ရိုဟင်ဂျာတွေဟာ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်း အလုပ်နဲ့ လွတ်လပ်စွာ သွားလာခွင့် မရှိတဲ့အခြေအနေတွေကြောင့် အခုလိုပင်လယ်ပြင်ကို ထွက်လာဖို့ တွန်းပို့လိုက်တာပါ”

၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ကို ကမ်းကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (Photo: Reuters)
၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ကို ကမ်းကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (Photo: Reuters)

ဒုက္ခသည်စခန်းထဲက ရာဇဝတ်ဂိုဏ်းတွေဟာ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲ သတ်ဖြတ်လေ့ရှိသလို လူကုန်ကူးတာနဲ့ မူးယစ်ဆေးမှောင်ခိုကုန်ကူးသန်းတာလို လုပ်ငန်းတွေလည်း လုပ်လေ့ရှိပါတယ်။

အခုနှစ်မှာ ရိုဟင်ဂျာ ၆၀ လောက် အသတ်ခံခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတွေက ပြောထားပြီး ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ အခုနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့လောက် တွေ့ထားတယ်လို့ ပြောထားပါတယ်။ ဒါကာမြို့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အစိုးရဟာ ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ ထိထိရောက်ရောက် လုပ်မပေးဘူးလို့ ဝေဖန်ထားပါတယ်။

အာချေးပြည်နယ်ကို ရောက်လာတဲ့ မိုဟာမက် ရီဒိုအီ ကတော့ အင်ဒိုနီးရှားမှာ အလုပ်လုပ်ခွင့်မရရင်နေပါစေ။ အစားအသောက် အကူအညီလေး နည်းနည်းပါးပါးရပြီး လုံလုံခြုံခြုံနေရရင် တော်ပါပြီလို့ ပြောပါတယ်။

ဒါပေမဲ့လည်း အင်ဒိုနီးရှားနိုင်ငံဟာ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လက်ခံထားဖို့ ကတိပြုထားတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက် ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံဖို့ တာဝန်မရှိကြောင်း ပြောထားပါတယ်။ အခြားအိမ်နီးချင်းနိုင်ငံတွေကလည်း ရိုဟင်ဂျာတွေကို လက်ခံမှာမဟုတ်ကြောင်း ပြောထားတဲ့အတွက် သူတို့မှာ ရွေးစရာအခြားနည်းလမ်းမရှိဘဲ ဖြစ်နေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။