အသက်နဲ့ရင်းပြီး နယ်မြေသစ်ရှာနေကြတဲ့ ရိုဟင်ဂျာများ
2022.12.29
ခိုကိုးရာမဲ့နေတဲ့ ရိုဟင်ဂျာတွေဟာ ဘဝသစ်ရှာဖို့ စက်လှေတွေနဲ့ ပင်လယ်ဖြတ်ပြီး နိုင်ငံရပ်ခြားကို ထွက်ခွာနေကြပါတယ်။ ပင်လယ်ပြင်မှာ စက်လှေပျက်လို့ ကယ်သူမဲ့ဘဝတွေလည်း ရောက်ရပြန် ပါတယ်။ နယ်မြေသစ်ရောက်ဖို့ အသက်နဲ့ လောင်းကြေးထပ် ခရီးနှင်ရင်း သေဆုံးရတဲ့သူတွေလည်း ရှိပါတယ်။
အသက် ၁၉ နှစ်အရွယ် ဖွာတိမာဟာ ခွဲခြားဆက်ဆံခံရမှု၊ ဖိနှိပ်မှုတွေကနေ ရုန်းထွက်ပြီး နိုင်ငံရပ်ခြား မှာ ပိုကောင်းတဲ့ ဘဝသစ်စမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ခရီးကြမ်းကို စက်လှေနဲ့ ဖြတ်သန်းလာတဲ့ ရိုဟင်ဂျာတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
"ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အဖြစ်နေရတာက ပညာရေးလည်း ကောင်းကောင်းမရ၊ အိမ်ထောင်လည်းမပြုရ၊ ကျွန်တော်တို့ အရမ်းဆင်းရဲတယ်"
အဲဒီစက်လှေပေါ်မှာ ဖွာတိမာလိုပဲ ဘဝသစ်စဖို့ မျှော်လင့်နေကြတဲ့ သူ့လိုဘဝတူရိုဟင်ဂျာ အယောက် ၂ဝဝ လောက်ပါပါတယ်။ ဒီလူတွေကို သယ်လာတဲ့ စက်လှေဟာ ရက်ပေါင်းများစွာ ကမ်းမမြင်လမ်းမမြင်ဖြတ်သန်းရမယ့် ခရီးကြမ်းအတွက် လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိကြတဲ့အခါ၊ စက်ပျက်ပြီး ပင်လယ်ပြင်မှာတစ်လခွဲနီးပါး ကြာအောင်မျောနေခဲ့ပါတယ်။
"ကျွန်မက ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ထွက်လာခဲ့တဲ့သူပါ။ ထွက်လာပြီး ငါးရက်လောက်ကြာတော့ ကျွန်မတို့ စက်လှေပျက်သွားတယ်၊ စက်လှေပျက်သွားတဲ့နောက် စားနပ်ရိက္ခာတွေ ရှားပါးလာတယ်၊ စားစရာမရှိသလို သောက်စရာလည်း မရှိတော့ဘူး"
ဖွာတိမာတစ်ယောက် ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခဲ့ပြီး အခုတော့ အင်ဒိုနီးရှားနိုင်ငံ အာချေး ပြည်နယ်မှာ ကမ်းတင်ခဲ့ပါတယ်။ ဖွာတိမာစီးလာတဲ့ စက်လှေထဲက လူအယောက် ၂ဝ ကျော် လမ်းခရီးမှာ သေဆုံးခဲ့ရပါတယ်။
"လှေပျက်ပြီး ရက်ပိုင်းလောက်ကြတော့ ကျွန်မတို့ ကမ်းကပ်နိုင်မယ့် နည်းလမ်းရှာရတော့တာပေါ့။ လှေပေါ်ပါလာတဲ့ အမျိုးသား ငါးယောက်လောက်က လှေပေါ်ကခုန်ဆင်းပြီး ဘေးဘယ်ညာကို ရေကူးကြည့်ပြီး အကူအညီရနိုင်မလားလို့ ရှာကြပါသေးတယ်။ ကျွန်မတို့ ဘယ်နားကို ရောက်နေမှန်းလည်း မသိဘူးလေ။ အဲဒီ ပထမဆုံး ရေထဲခုန်ဆင်းအကူအညီရှာကြတဲ့ အမျိုးသား ငါးယောက်လည်း နောက်ပိုင်းမှာ အစာငတ်သေသွားတယ်။ လှေပျက်ပြီး ၁၂ ရက်လောက်ကြာတော့ ရေတွေက လှေထဲ တစ်စတစ်စဝင်လာတော့တာပဲ။ အဲဒါနဲ့နောက်ထပ် လူတချို့လည်း ရေထဲကို ခုန်ချကြတယ်။ လှေမြုပ်သွားမှာကို ကြောက်ကြတယ်လေ။ အဲဒီခုန်ချသွားသူတွေရဲ့ အလောင်းတွေ ဟိုနားကပေါ်လာလိုက်၊ ဒီနားက ပေါ်လာလိုက်နဲ့ ကျွန်မတို့လည်း ဘာမှမတတ်နိုင် မလုပ်နိုင်ဘူးရှင်"
ဖွာတိမာစီးလာတဲ့ စက်လှေမှာ အမျိုးသမီး အယောက် ၇ဝ နဲ့ ကလေး ၃၂ ယောက် ပါပါတယ်။ အမျိုးသားအယောက် ၂ဝ ကျော်ကလွဲရင် ကျန်တဲ့ အမျိုးသမီးတွေနဲ့ကလေးတွေ အားလုံးအသက်ရှင်လျှက် ကမ်းကပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သူတို့အားလုံးဟာ တစ်လခွဲကြာ ပင်လယ်ခရီးကြမ်းကို အစာရေစာမလောက်ဘဲ ဖြတ်သန်းခဲ့ရလို့ ရေဓာတ်ခန်းခြောက်ပြီး အရေးပေါ် ဆေးကုသခံနေရပါတယ်။ သူတို့အားလုံးကို အာချေးပြည်နယ်အာဏာပိုင်တွေနဲ့ ကုလသမဂ္ဂဒုက္ခသည်ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကျန်းမာရေး စောင့်ရှောက်ပေးထားပါတယ်။
ဖွာတိမာတို့ စက်လှေကမ်းမကပ်ခင် နှစ်ရက်ကလည်း ရိုဟင်ဂျာအမျိုးသားချည်းပဲအယောက် ၆ဝ လောက်ပါတဲ့ စက်လှေတစ်စင်း အဲဒီအာချေးပြည်နယ်မှာပဲ ကမ်းကပ်ခဲ့ပါသေးတယ်။
ကမ်းတင်လာတဲ့သူတွေထဲက ရိုဟင်ဂျာအမျိုးသားတစ်ဦးဖြစ်တဲ့ ဆာမူဆာ ခါတွန် (SAMUSA KHATUN) က
"ကျွန်တော်တို့ဟာ မြန်မာပြည်ကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်ဖြစ်ရသူတွေပါ။ ကျွန်တော်တို့ ဘဝတွေကောင်းစားရေးအတွက် စက်လှေစီးပြီး ထွက်လာရတာဖြစ်ပါတယ်။ ကျွန်တော်တို့မိဘတွေလည်း သေကုန်ပြီဗျာ၊ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အဖြစ်နေရတာက ပညာရေးလည်း ကောင်းကောင်းမရ၊ အိမ်ထောင်လည်းမပြုရ၊ ကျွန်တော်တို့ အရမ်းဆင်းရဲတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ ကျွန်တော်တို့ထွက်လာတာ"
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေရော၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေရော စားဝတ်နေရေးအခက်အခဲ၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုနဲ့ လွတ်လွတ်လပ်လပ်သွားလာခွင့် မရှိတာတွေကြောင့် ပြည်ပနိုင်ငံတွေကို သွားဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြပါတယ်။
"ပထမဆုံး ရေထဲခုန်ဆင်းအကူအညီရှာကြတဲ့ အမျိုးသား ငါးယောက်လည်း နောက်ပိုင်းမှာ အစာငတ်သေသွားတယ်"
ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေဘက်ကို ထွက်ဖို့ကြိုးစားကြရင်း မြန်မာနိုင်ငံထဲမှာတင် ဖမ်းဆီးခံရတာတွေရှိသလို၊ ဖွာတိမာတို့လို စီးလာတဲ့ စက်လှေပျက်လို့ ပင်လယ်ထဲရက်အတန်ကြာ စီးမျောနေတဲ့ ဖြစ်ရပ်တွေလည်း မကြာခဏတွေ့နေရပါတယ်။
နိုဝင်ဘာနဲ့ ဒီဇင်ဘာနှစ်လထဲမှာတင် အာချေးပြည်နယ်ကို ကမ်းတင်လာတဲ့ ရိုဟင်ဂျာ အယောက် ၅ဝဝ ရှိပါတယ်။ သူတို့ကို ကူညီပေးနေတဲ့ အာချေးပြည်နယ်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တာဝန်ခံ မိုဟာမက်ရက်ဖခီက ဒီလူတွေကိုကူညီဖို့ နိုင်ငံတကာမှာ တာဝန်ရှိတယ်လို့ပြောပါတယ်။
"ပင်လယ်ပြင်မှာ ရိုဟင်ဂျာဒုက္ခသည်စက်လှေတွေ ဘယ်လောက်များများရှိနေသေးလဲ၊ ကျွန်တော်တို့ အကူအညီတွေ ဘယ်သူလိုအပ်နေသေးလဲလို့ တွေးမိပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းဘက်ကို ပြောချင်တာကတော့ ဒုက္ခသည်ခိုလှုံခွင့် asylum ရဖို့ဆိုတာ လူ့အခွင့်အရေးတစ်ရပ်ပါ။ သူတို့တွေ ခိုလှုံခွင့်ရဖို့ကူညီရမှာ ကျွန်တော်တို့တာဝန်ပါ"
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူနည်းစုရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ပိုတိုးလာတဲ့အတွက် ပြည်ပနိုင်ငံတွေကို အသက်စွန့်ပြီး ထွက်ခွာနေတဲ့သူတွေပိုများလာတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကပြောပါတယ်။
ခနော်နီခနော်နဲ့စက်လှေလေးတွေနဲ့ သက်စွန့်ဆံဖျားထွက်ပြေးကြရင်း ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတဲ့ စက်လှေတွေ ရှိနေနိုင်သေးတယ်လို့လည်း ခန့်မှန်းကြပါတယ်။