ရခိုင်က တစ်ကျော့ပြန်တိုက်ပွဲတွေနဲ့အတူ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး မျှော်လင့်ချက်

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2024.11.12
ရခိုင်က တစ်ကျော့ပြန်တိုက်ပွဲတွေနဲ့အတူ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး မျှော်လင့်ချက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ရခိုင်ပြည်နယ်မှာ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲခဲ့တာ ဒီနေ့ နိုဝင်ဘာလ ၁၃ မှာ တစ်နှစ်ပြည့်ပါပြီ။ ရခိုင်တစ်ပြည်နယ်လုံးကို သိမ်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကို AA ကသာ အလုံးစုံထိန်းချုပ်လိုက်နိုင်ရင် ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးဟာ ပိုပြီးနီးစပ်လာနိုင်ချေ ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ရိုဟင်ဂျာဒုက္ခသည်တချို့ဆီကနေ ကြားရပါတယ်။

AA က မောင်တောကို သိမ်းပိုက်နိုင်ပြီးနောက်ပိုင်းမှာ ရိုဟင်ဂျာတွေနဲ့ နေရပ်ပြန်ရေး စတင်စကားပြောလာနိုင်ချေရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းကို ၂၀၁၇ က ရောက်သွားတဲ့ အမည်မဖော်လိုတဲ့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“ ရိုဟင်ဂျာမပါဘဲ တိုးတက်မယ်ဆိုတာ ရခိုင်ပြည်နယ် ဘယ်တော့မှ မဖြစ်ဘူး။ သူတို့လည်း အမြော်အမြင် ရှိတယ်ဆိုတော့ကာ စစ်ကောင်စီလောက်တော့ ဆိုးလာမယ်မထင်ဘူး။ ထွန်းမြတ်နိုင်က နည်းနည်းတော့ တော်တယ်ဆိုတော့ နိုင်ငံတကာကို ထိုးဖောက်လို့ရအောင် သူတို့ မောင်တောကို သိမ်းနိုင်မယ်ဆိုရင် သူတို့က ရိုဟင်ဂျာတွေနဲ့ ဆွေးနွေးဖို့လုပ်မယ်ထင်တယ်”

တစ်ဖက်မှာလည်း AA ကို တရားဝင်အစိုးရအဖြစ် နိုင်ငံတကာကအသိအမှတ်မပြုရင် နေရပ်ပြန်မယ့်ကိစ္စ ပိုဝေးသွားနိုင်တယ်ဆိုတဲ့ အမြင်တွေလည်း ရိုဟင်ဂျာဒုက္ခသည်တွေကြား ရှိနေပါတယ်။

“အခုသိမ်းသွားရင်တော့ ရခိုင်ပြည်နယ်ကို ကျွန်တော်တို့ ပြန်နိုင်မဲ့ အခြေအနေက တော်တော်ဝေးသွားမယ်လို့ ထင်ပါတယ်။ UNHCR က တရားဝင်အဖွဲ့အစည်းမဟုတ်တဲ့အဖွဲ့ကို ကျွန်တော်တို့ကို လွှဲပြောင်းပေးမယ်မထင်ဘူး။ ၁၇ မြို့နယ်ကို သိမ်းသွားမယ်ဆိုရင် သူတို့က နိုင်ငံတကာကို အသိအမှတ်ပြုဖို့ အနည်းဆုံးနှစ်နှစ် သုံးနှစ်ကြာမယ်။ ချက်ခြင်းနိုင်ငံတကာက သူတို့ကို ရခိုင်နိုင်ငံတော်ဆိုပြီး အသိအမှတ်ပြုမယ် မထင်ဘူး”

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဦးကိုင်ရို ပြောသွားတာပါ။

AA ကို နိုင်ငံတကာကအသိအမှတ်ပြုမယ်ဆိုရင် ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို AA က ဖြေရှင်းနိုင်လိမ့်မယ်လို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက တွက်ဆထားပါတယ်။

“၂၀၂၅ မှာဆိုရင် ရခိုင်တစ်ပြည်နယ်လုံးမှာ စစ်ကောင်စီတပ်စခန်းတွေမရှိရဘူးဆိုတဲ့ စစ်ရေးရည်မှန်းချက် ရှိတယ်။ ဒါကအများကြီး ဖြစ်နိုင်တဲ့အနေအထားကို ရောက်သွားပြီပေါ့။ အာရက္ခတပ်တော်ကိုသာ ဖြေရှင်းနိုင်ဖို့ အခွင့်အရေးရလာပြီဆိုရင် ကျွန်တော်တို့ လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်လိမ့်မယ်။ ဘယ်အစိုးရမဆို UN ဖြစ်စေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရဖြစ်စေ၊ မွတ်စလင်အသိုင်းအဝိုင်းကဖြစ်စေ ပူးပေါင်းဆောင်ရွက်ဖို့ အသိအမှတ်ပြုဖို့တော့ လိုတာပေါ့”


ဆက်နွှယ်သောသတင်းများ

ရိုဟင်ဂျာဒုက္ခသည်သစ်တွေ အကူအညီမဲ့နေကြောင်း AI သုတေသီပြော

အပစ်ရပ်ရေးပျက်တဲ့အတွက် ရိုဟင်ဂျာနေရပ်ပြန်ပို့ရေး နှောင့်နှေးရ

ရိုဟင်ဂျာအရေး ပါဝင်ဖြေရှင်းပေးဖို့ တရုတ်ကို ဘင်္ဂလားဒေ့ရှ်တောင်းဆို


ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ပတ်သက်လို့ အာရက္ခတပ်တော် AA ရဲ့ သဘောထားကို သိနိုင်ဖို့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

AA အနေနဲ့ ရိုဟင်ဂျာအရေးကို အာရုံစိုက်နေသလို၊ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေက AA ကို တိုက်ခိုက်မယ်လို့ ပြောတဲ့သတင်းတွေကိုလည်း ကြားရတဲ့အကြောင်း၊ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်လို့ရမဲ့သူအားလုံးနဲ့ ပူးပေါင်းပြီး လက်ခံသင့်တဲ့သူအားလုံးကို လက်ခံသွားမယ်လို့ AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောထားပါတယ်။

ဆွေးနွေးဖို့အတွက် ရိုဟင်ဂျာတွေမှာလည်း နိုင်ငံရေးအရ ခိုင်မာတဲ့စုဖွဲ့မှုတွေလိုအပ်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဒု-ဝန်ကြီး ဦးအောင်ကျော်မိုးက RFA ကို ပြောပါတယ်။

“ရိုဟင်ဂျာတွေက နိုင်ငံရေးအရ အားကောင်းမောင်းသန်ရှိတဲ့ အစုအဖွဲ့ရှိဖို့လိုတယ်။ ကျွန်တော်တို့ မျှော်လင့်ရတာက ဒီမိုကရေစီဘက်တော်သားတွေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ ပါဝင်နေတဲ့အစုအဖွဲ့တွေဆီကပဲ မျှော်လင့်ရမယ်"

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များမှ လူမျိုးတုံးသတ်ဖြတ်မှု (၆) နှစ်မြောက်နေ့ အထိမ်းအမှတ်အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ကျင်းပစဉ်။ (Photo : AFP)
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များမှ လူမျိုးတုံးသတ်ဖြတ်မှု (၆) နှစ်မြောက်နေ့ အထိမ်းအမှတ်အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ကျင်းပစဉ်။ (Photo : AFP)

အာရက္ခတပ်တော် (AA) က တစ်နှစ်အတွင်းမှာ ချင်းပြည်နယ်ထဲက ပလက်ဝအပါအဝင်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ သံတွဲနဲ့ ရမ်းဗြဲမြို့တွေကို သိမ်းခဲ့ပါတယ်။ AA သိမ်းဖို့ကျန်နေတဲ့ မြို့တွေကတော့ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူ အပါအဝင် ဂွ၊ တောင်ကုတ်၊ မာန်အောင်၊ အမ်း၊ စစ်တွေနဲ့ မောင်တောမြို့နယ်တွေပါ။ မောင်တောမြို့ကိုတော့ ၉၀ ရာခိုင်နှုန်းကျော် သိမ်းပိုက်ထားပြီး စစ်ကောင်စီရဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲ နခခ (၅) စခန်းတစ်ခုပဲ သိမ်းဖို့ကျန်တော့တယ်လို့ AA က ပြောထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်တိုက်ပွဲတွေအပါအဝင် စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့် အခုနှစ် ဩဂုတ်လထဲကစလို့ ဘူးသီးတောင်၊ မောင်တောက ရိုဟင်ဂျာလူဦးရေ ငါးသောင်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားကြသလို နောက်ထပ်လည်း ထွက်ပြေးဖို့ ကြိုးစားနေတဲ့သူတွေ ရှိနေပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ စာရင်းအရ ၂၀၁၇ ခုနစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေအပါအဝင် စုစုပေါင်း ဒုက္ခသည် တစ်သန်းကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။