ရိုဟင်ဂျာအရေးဆွေးနွေးပွဲ ဝါရှင်တန်ဒီစီမှာ ပြုလုပ်
2022.09.14
စက်တင်ဘာလ ၁၄ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဂျော့ချ်တောင်း တက္ကသိုလ်က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေရဲ့သမိုင်းကြောင်းနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမုန်းတီးရေး စိတ်ဓာတ်တွေ ကြီးထွားလာပုံအကြောင်း သုတေသန ပြုခဲ့တဲ့ သြစတြေးလျသုတေသီ ရိုနန်လီက ခေတ်အဆက်ဆက်က အာဏာရှင်အစိုးရတွေက ပြည်သူတွေအကြားမှာ ရိုဟင်ဂျာ မုန်းတီးရေးစိတ်ဓာတ်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့တာကြောင့် လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေအထိ ဦးတည်ခဲ့တာ ဖြစ်တဲ့အကြောင်း သူ့ရဲ့သုံးသပ်ချက်တွေကို ဆွေးနွေးတင်ပြခဲ့ပါတယ်။
“ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့ရဲ့ မြို့လယ်ခေါင်မှာ ရိုဟင်ဂျာတွေ နေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက်ရှိပါတယ်။ ကျွန်တော် ၂၀၁၅ ခုနှစ်က သွားရောက်ခဲ့စဉ်က လူငါးထောင်လောက် နေထိုင်ကြပါတယ်။ သူတို့ဟာ ၂၀၁၂ခုနှစ်ထဲက ဒီရပ်ကွက်ထဲကနေ အပြင်ထွက်ခွင့်မရပဲ ပိတ်မိနေကြတာပါ။ ဒီ Ghetto - (ပိတ်လှောင်ထားတဲ့ရပ်ကွက်) လို ပုံစံ ရပ်ကွက်ထဲမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေဟာ အလုပ်အကိုင်နဲ့ ဝင်ငွေတွေ မရှိဘဲ သူတို့ကို ဒီလိုအခြေအနေ ရောက်အောင် လုပ်ထားတဲ့ အစိုးရနဲ့ ပြင်ပကလူတွေ ပေးကမ်းတာကိုပဲ မှီခိုပြီး နေခဲ့ကြရတာပါ။ သူတို့ဟာ အစိုးရက လာပေးနေတဲ့ အစားအသောက်တွေ ဘယ်အချိန်မှာ ရပ်လိုက်မလဲ ဆိုတဲ့ အကြောက်တရားနဲ့ နေထိုင်နေကြရတာပါ။ ဒီရပ်ကွက်က စစ်တွေဆေးရုံကြီးနဲ့ မြို့မဈေးတွေကနေ မီတာအနည်းငယ်ပဲ ဝေးပေမယ့် သွားလို့ မရပါဘူး။ နေထိုင်မကောင်းလို့ ဆေးကုသခံချင်ရင်တောင် ခွင့်ပြုချက်ရဖို့ အဆင့်ဆင့်တောင်းခံရပါတယ်။ ရိုဟင်ဂျာတွေ ပိုင်ဆိုင်ခဲ့တဲ့ ဈေးဆိုင်တွေမှာ ရိုဟင်ဂျာမုန်းတီးရေး ဂရပ်ဖ်ဖတီ ရုပ်ပုံတွေ ဆွဲထားမြင်ရတာဟာ ဒုတိယကမ္ဘာစစ်အတွင်းက အဆိုးဆုံး ဖြစ်ရပ်တွေကို ပြန်သတိရစရာပါပဲ”
“ကျွန်တော် အဲဒီလို အခြေအနေတွေကို မြင်ခဲ့ရတဲ့ အချိန်ကတည်းက အခုဖြစ်နေတာဟာ လူမျိုးတုံးသတ်ဖြတ်မှု Genocide ဖြစ်တယ်ဆိုတာ အသေအချာ သိလိုက်ပါတယ်။ ဒါတွေကို မြန်မာအာဏာပိုင်တွေက ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ခဲ့တာပါ။ မြန်မာစစ်တပ်နဲ့ အရပ်သားတွေ နှစ်ဖက်လုံးက ဒီလူအုပ်စုကို လုံးဝပျောက်ကွယ်သွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ထားတာဆိုတာ သေချာပါတယ်။ အောင်မင်္ဂလာရပ်ကွက်က ရိုဟင်ဂျာတွေ ကြောက်လန့်နေတာ သဘာဝကျပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်နှစ်နှစ်အကြာ ၂၀၁၇ ခုနှစ်မှာပဲ ရိုဟင်ဂျာအများစု မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ နယ်မြေရှင်လင်းရေး စစ်ဆင်ရေးတွေ ဖြစ်လာခဲ့ပါတယ်“
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ဒီမိုကရေစီအစိုးရဖြစ်တဲ့ ဦးနုအစိုးရဟာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံတွင်းက လူမျိုးစုတစ်ခုအဖြစ် လက်ခံခဲ့တဲ့ သာဓက ရှိခဲ့တဲ့အကြောင်း၊ ၁၉၆၂ မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ အခြေအနေပြောင်းလဲသွားပြီး၊ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်မှုကို ဖျက်သိမ်းခဲ့ပြီး တရားမဝင် ဝင်ရောက်လာသူတွေအဖြစ် စတင်ပြီး ဝါဒဖြန့်ချိခဲ့တာဖြစ်ကြောင်း သုတေသီ ရိုနန်လီက သုံးသပ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကို တားဆီးခြင်း၊ အားလျော့ဖို့ တောင်းဆိုခြင်းတွေ မလုပ်ခဲ့တာဟာ စစ်တပ်ကို နိုင်ငံရေး နယ်ပယ်ထဲက အပြီးထုတ်ပယ်နိုင်ဖို့ ဆန္ဒရှိသူအားလုံးအတွက် အခွင့်အလမ်းတစ်ခု ဆုံးရှုံးသွားတာဖြစ်တယ်လို့ သုတေသီ ရိုနန် လီက သုံးသပ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ အရပ်သားခေါင်းဆောင်တစ်ယောက်အနေနဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကို အားလျော့အောင် တောင်းဆိုဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ သူသာ ရိုဟင်ဂျာတွေကို စစ်တပ်က အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့မယ်ဆိုရင် နိုင်ငံတကာက အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ထောက်ခံမှုကို ရမှာ သေချာပါတယ်။ ဒါပေမဲ့ သူက ဒီလိုမလုပ်ဘဲ စစ်တပ်က ဒီလိုရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာ သံသယရှိတဲ့ သဘော ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်က စစ်တပ်ကို ဝင်ရောက်ဟန့်တားခဲ့လို့သာ အာဏာသိမ်းတာဖြစ်ခဲ့ရင် နိုင်ငံတကာရဲ့ တုံ့ပြန်မှုက တစ်မျိုးဖြစ်မှာပါ။ ဒါကြောင့် ဒီအခွင့်အရေးကို ဆုံးရှုံးသွားတာ ရိုဟင်ဂျာတွေအတွက်တင် မဟုတ်ပါဘူး၊ စစ်တပ်ကို နိုင်ငံရေးနယ်ပယ်က ဖယ်ရှားဖို့ ကြိုးစားနေသူ အားလုံးအတွက်လည်း ဆုံးရှုံးမှု တစ်ခုဖြစ်ပါတယ်”
သုတေသီ ရိုနန်လီက မွတ်စလင်ဆန့်ကျင်ရေး ဘုန်းတော်ကြီး ဦးဝီရသူက သူ့ရဲ့ယုံကြည်ချက်တွေဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အယူအဆတွေနဲ့ဆင်တူကြောင်း နှိုင်းယှဉ်ပြီးတာနဲ့ ရိုဟင်ဂျာတွေဟာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရပြီးတဲ့နောက် ဆယ်စုနှစ်တစ်ခုအတွင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံခဲ့ရတာတွေကို ထောက်ပြပြီး၊ ဒီလို အဖြစ်မျိုး ဘယ်နိုင်ငံမှာမဆို ဖြစ်လာနိုင်တာကို မမေ့သင့်တဲ့အကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။