ရုရှား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နှစ်နိုင်ငံလုံး အကျိုးမရှိနိုင်ကြောင်း NUG ပြော

မြန်မာနိုင်ငံမှာ ရုရှားရဲ့ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေဟာ နှစ်နိုင်ငံလုံးအတွက် အကျိုးမရှိစေနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က RFA ကို မတ်လ ၁၃ ရက်နေ့က ပြောပါတယ်။
စစ်ကောင်စီဟာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ တရားဝင်အစိုးရ မဟုတ်တာကြောင့် သူနဲ့ချုပ်ဆိုတဲ့ ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့လည်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
"ဒီ စီးပွားရေးရင်းနှီးမြှုပ်နှံဆိုင်ရာကိစ္စတွေကို လုပ်မယ်ဆိုရင် ဒါက ရေရှည် နှစ်နိုင်ငံအကျိုးစီးပွားအတွက် အကျိုးရှိမှာမဟုတ်ဘူးဆိုတာကို ဖော်ပြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့မှာ တော်လှန်ရေးကာလနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားရေးမူဝါဒတွေ၊ ရပ်တည်ချက်တွေ ရှိပြီးသားဖြစ်တယ်။ ဒါကိုလည်း ကျွန်မတို့ တရားဝင် လူသိရှင်ကြားပေါ့နော်၊ ကြေညာထားပြီးသားလည်းဖြစ်ပါတယ်"
ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားအစိုးရကို NUG က မတ်လ ၁၀ ရက်နေ့မှာ စာရေးသားပေးပို့ အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။
"ကျွန်မတို့မှာ တော်လှန်ရေးကာလနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားရေးမူဝါဒတွေ၊ ရပ်တည်ချက်တွေ ရှိပြီးသားဖြစ်တယ်။ ဒါကိုလည်း ကျွန်မတို့ တရားဝင် လူသိရှင်ကြားပေါ့နော်၊ ကြေညာထားပြီးသားလည်းဖြစ်ပါတယ်"
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အခုလဆန်း ရုရှားခရီးစဉ်မှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ဆယ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း စစ်ကောင်စီက မတ်လ ၅ ရက်နေ့က ကြေညာထားတာပါ။
ဒီသဘောတူညီချက်တွေထဲမှာ မြန်မာပြည်မှာ ရုရှားရဲ့ထောက်ပံ့မှုနဲ့ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ရေး အပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီချက်တွေလည်း ပါဝင်ခဲ့ပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းကလည်း ရုရှား- မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ ကုန်သွယ်မှုအရတော့ ကြီးကြီးမားမားဖြစ်မလာနိုင်ဘူးလို့ သုံးသပ်ပါတယ်။
"စီးပွားရေးအရတော့ ကျွန်တော်ထင်တယ်။ သိပ်ပြီးတော့ ကြီးကြီးမားမားဖြစ်လာမယ်လို့တော့ မထင်ဘူးပေါ့နော်။ နောက်တစ်ခုကကျတော့ ဘာဖြစ်လို့ပြောလဲဆိုတော့ ရုရှားနဲ့ ကျွန်တော်တို့ (မြန်မာနိုင်ငံ) နဲ့ ကုန်သွယ်မှုက နှစ်ဘီလီယံဒေါ်လာအောက်ပဲ ရှိတယ်ဗျ။ အဲလိုပြောကြေးဆိုလို့ရှိရင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ လေးဘီလီယံကျော်ရှိတယ်ဆိုတော့ အဲဒီရဲ့ တစ်ဝက်ပဲရှိတယ်။ အဲဒီတော့ ရုရှားနဲ့ကုန်သွယ်ရေး ဆိုတဲ့နေရာမှာ စစ်လက်နက်ပစ္စည်းတွေ တန်ဖိုးပါ ထည့်ပေါင်းထားလားပေါ့နော်"
ရုရှားနဲ့ စစ်ကောင်စီတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံကုန်သွယ်ရေးပမာဏ ၄၀ ရာခိုင်နှုန်းခန့် တိုးမြှင့်ခဲ့ပြီး တန်ဖိုး ဒေါ်လာ သန်း နှစ်ထောင်ခန့် ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံ လောင်စာဆီစျေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရုရှားနိုင်ငံကဖြစ်တယ်လို့လည်း ရုရှားအစိုးရက မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တာဝန်ရှိသူတစ်ဦးကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုက တိုင်းပြည်အတွက် အကျိုးရှိလိမ့်မယ်လို့ RFA က ပြောပါတယ်။
"နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကတော့ တိုင်းပြည်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်လေ နိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရတာပေါ့နော်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုကတော့ ကိုယ့်တိုင်းပြည်မှာ တကယ်လိုအပ်နေတဲ့နယ်ပယ်မှာ လာရောက်ရင်းနှီးမြှုပ်နှံတာကတော့ ကောင်းတာပေါ့၊ တိုင်းပြည်အတွက်"
အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေနဲ့ စီးပွားရေးဆုတ်ယုတ်လာတဲ့ မြန်မာနိုင်ငံမှာ ရုရှားက စက်မှုနဲ့ စွမ်းအင်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်လာတာ ဖြစ်ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း စီးပွားရေးအကျပ်အတည်းဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုက အထိုက်အလျောက်တော့ ပြေလည်နိုင်တယ်လို့ RFA ကိုပြောပါ တယ်။
"လောလောဆယ် ခက်ခဲကျပ်တည်းနေတဲ့အချိန်မှာ စီးပွားရေးကြမ်းခင်းကြီးကတော့ လုပ်နိုင်တဲ့သူကို ဦးစားပေးရမှာပေါ့။ အခုချိန်မှာ ဓာတ်မြေဩဇာတွေ ဘာတွေကအစ အရမ်းအခက်အခဲဖြစ်နေတဲ့အချိန်မှာ ဓာတ်မြေဩဇာ ထုတ်ပေးနိုင်မယ်။ ရေနံကိစ္စ ရေနံကူညီနိုင်မယ်ဆိုရင်တော့ ဒါတိုင်းပြည်ရဲ့ စီးပွားရေးအကျပ်အတည်း၊ အခက်အခဲကိုတော့ အထိုက်အလျောက်တော့ ပြေလည်သွားအောင်ရှိမယ်လို့တော့ မှန်းတယ်။ နောက် လျှပ်စစ်ကဏ္ဍမှာလည်း လျှပ်စစ်မီးတွေထုတ်ပေးနိုင်ရင်တော့ ဒါရင်းနှီးမြှုပ်နှံလာရင်တော့ ဘာပဲပြောပြော တိုင်းပြည်ရဲ့ အခြေခံ အဆောက်အအုံလေးတွေတော့ ပြန်ပြည့်နိုင်ရင် ကောင်းတာပေါ့ဗျာ"
ဆက်နွှယ်သောသတင်းများ
စစ်ခေါင်းဆောင်အတွက် ရုရှားခရီးစဉ်ကနေ ဘာတွေ အကျိုးရှိခဲ့သလဲ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတကို ရန်ကုန်မှာ ဆန္ဒပြ
ရုရှားနဲ့ အကောင်အထည်ဖော်မဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်
စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) စာရင်းတွေအရ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဟာ ဆိုးဆိုးရွားရွား ဆက်တိုက် ကျဆင်းခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ ဒေါ်လာ သန်း ၆၆၀ ကျော်သာ ရှိခဲ့ပါတယ်။
စစ်တပ်က ဖြုတ်ချတာခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀၂၀ ခုနှစ်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏဟာ ဒေါ်လာ သန်း ၄၈၀၀ ကျော်ထိ ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့ နိုင်ငံ ၅၃ နိုင်ငံထဲမှာတော့ ရုရှားနိုင်ငံက အရင်းအနှီးပမာဏ အဆင့် ၂၂ မှာ ရှိနေပြီး ရင်းနှီးမြုပ်နှံမှု အများဆုံး အဆင့်တစ်က စင်ကာပူနဲ့ အဆင့်နှစ်က တရုတ်နိုင်ငံတို့ ဖြစ်ပါတယ်။