ပိုတိုးလာတဲ့ ရုရှား-မြန်မာဆက်ဆံရေး ပြည်သူအတွက်အကျိုးမရှိ
2023.02.24
စစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာ သူ့ကိုဆန့်ကျင်တဲ့ ပြည်သူတွေဖမ်းဆီးသတ်ဖြတ် ထောင်ချခံရတာတွေ၊ အိမ်တွေမီးရှို့ခံရတာတွေ များနေတဲ့အတွက် အကြမ်းဖက်မှုတွေ ရပ်ပြီး ဒီမိုကရေစီပြန်ဖော်ဆောင်ဖို့ ကမ္ဘာအရပ်ရပ်က တိုက်တွန်းဖိအားပေးနေပေမယ့်၊ ရုရှားအစိုးရကတော့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ချဉ်းကပ်မှုကိုလက်ခံပြီး သူတို့ဘက် ကနေ ပြောင်ပြောင်တင်းတင်းရပ်ပြီး အားပေးကူညီနေတဲ့သတင်းတွေ တွေ့နေရပါတယ်။
ကမ္ကာ့အင်အားကြီးနိုင်ငံတချို့ဟာ မြန်မာအပေါ်နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးအကျပ်ကိုင်တာ၊ အပြစ်ရှာ ဝေဖန်တိုက်ခိုက်တာ၊ ပိတ်ဆို့အရေးယူတာ၊ ပြည်တွင်းရေး ဝင်စွက်တာတွေ အစဉ်တစ်စိုက် လုပ်နေပေမယ့် ရုရှားကတော့ မိတ်ဆွေကောင်းပီသစွာ အမြဲဖေးမ ကူညီနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
"ဘယ်သူမှ အသိမှတ်မပြုတဲ့ သူတို့အချင်းချင်း အသိအမှတ်ပြုဖို့က အရေးကြီးနေတယ်ဗျာ"
ဖေဖော်ဝါရီ ၁၆ ရက်နေ့ကကျရောက်တဲ့ ရုရှား-မြန်မာ သံတမန်ဆက်သွယ်ထူထောင်မှု ရ၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် နေပြည်တော်မှာပြုလုပ်တဲ့ ချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်မှာ ပြောလိုက်တာပါ။ ရုရှားနဲ့ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းမဟာမိတ် နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်း ဆောင်ရွက်မယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါဟာ နိုင်ငံတကာအသိုက်အဝန်းက ဖယ်ကျဉ်ခံထားရတဲ့သူအချင်းချင်း အားယူတဲ့အနေနဲ့ အခုလို မကြာခဏ ထုတ်ပြောနေရတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရန်ကုန်တိုင်း ဒလမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။
“စစ်ကောင်စီက ဘာကြောင့်သူတို့ဘက်မှာ ရုရှားရှိတယ်ဆိုတာကို မကြာခဏ ထုတ်ဖော်ပြောကြားနေရသလဲဆိုတော့ အငုံ့စိတ်ပေါ့ဗျာ။ လူတစ်ယောက်က အမှားတွေလုပ်တယ်။ သူတို့အဖွဲ့တွေက အမှားတွေအများကြီး လုပ်ထားတယ်။ တရားမဝင် ဘောင်မဝင်တွေ အကုန်လုပ်ထားတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက သူတို့ကို ရှောင်ကျဉ်လာကြတယ်။ သူတို့မှားတယ်ဆိုတာ ထုတ်ပြောလာကြတယ်။ အဲဒီအချိန်မှာ သူတို့က သူတို့လုပ်နေတယ်ဆိုတဲ့ဟာ မှန်တယ်ဆိုပြီးတော့ အတင်းပြချင်တာပေါ့နော်။ အဲဒီအတွက်ကို သူတို့ဘက်က ဘယ်သူတွေ ရပ်တည်ပါတယ်ဆိုတာ မရှိရှိရာ ဆွဲထုတ်ပြရတာပေါ့နော် အဲဒီသဘောလို့ပဲ ယူဆပါတယ်”
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရုရှားနိုင်ငံဟာ အရေးကြီးပြီး ယုံကြည်အားထား ရတဲ့ မိတ်ဖက်နိုင်ငံအဖြစ် အစဉ်အမြဲ မှတ်ယူကြောင်း၊ နိုင်ငံတကာမျက်နှာစာမှာ မြန်မာ နိုင်ငံရဲ့ ခက်ခဲတဲ့ ကာလတွေမှာ အစဉ်တစိုက် ထောက်ခံပေးမှုအပေါ် တန်ဖိုးထား ကျေးဇူးတင်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ထပ်မံပြောဆိုခဲ့ပါတယ်။
ရုရှား-မြန်မာ သံတမန် ဆက်သွယ်ထူထောင်မှု ၇၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင် ဆီပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
ရုရှားသမ္မတ ဗလာဒီမာပူတင် ပြန်ပို့တဲ့သဝဏ်လွှာမှာတော့ ရုရှား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အမြင့်ကိုတက်လှမ်းနေပြီး ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အာရှပစိဖိတ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက်လည်း အထောက်အကူဖြစ်ဖို့ ယုံကြည်တယ်လို့ ဆိုပါတယ်။
ဒီလိုပြောပေမယ့် ကိစ္စရပ်တိုင်းမှာတော့ မြန်မာစစ်ကောင်စီဘက်ကနေ ရုရှားအနေနဲ့ ရပ်တည်မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“ရုရှားကလည်း သူတို့က အခြေအနေကြည့်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက နိုင်ငံတကာက ဖယ်ကျဉ်နေတာဖြစ်တော့ ဗမာကိစ္စမှာလည်း သူကသတိထားပြီး ဆက်ဆံမှာပဲ။ စစ်ကောင်စီ ဘာလုပ်လုပ်ထောက်ခံမယ်လို့ မထင်ဘူး။ ဟိုတလော ကလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာပဲ ကြည့်ပါလား ရုရှားက ကြားနေလိုက် တာပဲ ဗီတိုမှသုံးမပေးတာ။ အဲလောက်ပြောနေရတာကိုက သူက ရုရှားကို သိပ်စိတ်မချ လို့ဖြစ်မယ်။ အဲဒါကြောင့် သူဟာသူ အားပေးပြီး ရုရှားကြီး ရှိပါတယ်လို့ လုပ်နေရတာ။ ရုရှားကလည်း နိုင်ငံတကာအင်အားကြီးတစ်ခု ဖြစ်တာကိုး။ သူက နိုင်ငံရေးအရ တွက်ချက်ပြီးတော့ သိပ်စစ်ကောင်စီ ရုပ်ပျက်ဆင်းပျက် ဖြစ်လာရင်တော့ ဘာမဆို မျက်စိမှိတ်ပြီး ထောက်ခံမယ်တော့ မထင်ဘူး”
မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က မဲခွဲဆုံးဖြတ်ချိန်မှာ ရုရှားနိုင်ငံက ဗီတိုအာဏာသုံးပြီး ပယ်ချတာမျိုးမလုပ်ခဲ့ပါဘူး။
စစ်ကောင်စီလက်ထက်မှာ ရုရှား-မြန်မာ နှစ်နိုင်ငံ စစ်တပ်ကြား အရင်ထက် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့သလို ကာကွယ်ရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ကုန်သွယ်ရေးနဲ့ အခြားကဏ္ဍ ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို အရင်ထက်ပိုပြီး မြှင့်တင်နိုင်ခဲ့တယ်လို့ နှစ်ဖက်လုံးက ပြောထားပါတယ်။
နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း အထီးကျန်နိုင်ငံချင်း ကျောချင်းကပ်ပြီး ပူးပေါင်းကြလိမ့်မယ်လို့ သုံးသပ်ပြောဆိုပါတယ်။
“ဇတ်လမ်းက ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး ဇတ်လမ်းပါဗျ။ ရုရှားကလည်း တစ်ကမ္ဘာလုံးမှာ မဟာမိတ်မရှိသလောက်ဖြစ်၊ စစ်ကောင်စီကို တစ်ကမ္ဘာလုံးက အသိအမှတ်မပြုတဲ့ အနေအထားဖြစ်နေတာကိုး။ အဲဒီအခါကျတော့ သူတို့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတာပေါ့။ ဘယ်သူမှ အသိမှတ် မပြုတဲ့ သူတို့အချင်းချင်း အသိအမှတ်ပြုဖို့က အရေးကြီးနေတယ်ဗျာ။ အားနည်းချက် ရှိတဲ့ နိုင်ငံနှစ်နိုင်ငံအချင်းချင်း ကျောချင်းကပ်ရပ်တည်ဖို့ လိုအပ်နေတဲ့အချိန်ဖြစ်တဲ့ အတွက် မင်းအောင်လှိုင်က ရုရှားကို အကြိမ်ကြိမ်သွား၊ ရုရှားနဲ့ သဘောတူစာချုပ်တွေ ချုပ်၊ ချုပ်ပြီးတော့ သူတို့တွေရဲ့ မတရားတဲ့ အုပ်စိုးမှုကို ကာကွယ်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်”
မြန်မာက ရုရှားကို အရေးပေးဆက်ဆံမှုတွေကြောင့် ရုရှားကလည်း မြန်မာအပေါ် ထိုက်သင့်သလောက်တော့ အကာကွယ်ပေးလိမ့်မယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
နှစ်ဖက်စလုံးက ကမ္ဘာပေါ်မှာနာမည်ဆိုးနဲ့ကျော်တဲ့ စစ်အာဏာရှင်တွေဖြစ်လို့ ဒီလိုပူးပေါင်း ဆောင်ရွက်မှုတွေက ပြည်သူအတွက်အကျိုးမရှိဘဲ အကြမ်းဖက်မှုတွေသာ ပိုဖြစ်လာလိမ့် မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
“သူတို့အနေနဲ့ ဘက်ပေါင်းစုံ ပူးတွဲဆောင်ရွက်တယ်ဆိုတာ ပြသနေချင်ပေမယ့် အဓိကကတော့ ပြည်သူတွေရဲ့ နိုင်ငံတော်အတွက် အကျိုးရှိမယ့်အရာ လုံးဝမဖြစ်နိုင် ပါဘူး။ ဘာကြောင့်လဲဆိုတော့ အကြမ်းဖက် စစ်ကောင်စီဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား တစ်ခုတည်းသာကြည့်တာ နိုင်ငံရဲ့ အကျိုးစီးပွားကို ကြည့်တာမဟုတ်ဘူး။ တိုင်းရင်းသား ပြည်သူလူထုတွေရဲ့ အကျိုးစီးပွားကို ကြည့်တာမဟုတ်ဘူး။ ဒါကြောင့် ရုရှားနဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ လုပ်ကိုင်ချက်တွေဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား သူတို့အာဏာကို ဆုပ်ကိုင်နိုင်ဖို့အတွက် ပြည်သူလူထုကို အကြမ်းဖက်မှုတွေ ဆက်လက်ပြီး လုပ်နိုင်ဖို့အတွက်ကိုပဲ အကျိုးဖြစ်ဖို့အတွက် သူတို့ရည်ရွယ်ပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်”
စစ်အာဏာသိမ်း နှစ်နှစ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌဟာ ရုရှားနိုင်ငံကို သုံးကြိမ် သွားရောက် ခဲ့ပြီး ရုရှားထုတ် ခေတ်မီဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူခဲ့ပါတယ်။ မြန်မာပြည်ထဲမှာ အသေးစား နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက် ဖို့လည်း သဘောတူ စာချုပ်ချုပ်လိုက်ပြီး အချက်အလက် နည်းပညာရှာဖွေမှုတွေ စလုပ်နေပါပြီ။
စစ်ကောင်စီ လက်ထက်မှာ ရုရှား-မြန်မာ စစ်ခေါင်းဆောင်တွေ နှစ်နိုင်ငံ ကူးလူးဆက်ဆံမှု အရင်ထက် ပိုများလာခဲ့ပြီး စစ်ကောင်စီဟာ သံတမန်ရေးရာ အထောက်အပံ့နဲ့ နျူကလီးယား အပါအဝင် စစ်ဘက်ဆိုင်ရာ အကူအညီတွေရရှိဖို့ ရုရှားကို အရင်ကထက်ပိုပြီး ချဉ်းကပ်လာတာလို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။