ရုရှား-မြန်မာဆက်ဆံရေး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ ပိုအားကောင်းလာ

2022.08.28
ရုရှား-မြန်မာဆက်ဆံရေး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ ပိုအားကောင်းလာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်
Photo: HANDOUT / RUSSIAN FOREIGN MINISTRY / AFP

၂၀၂၂ စစ်ရေးစွမ်းရည်ညွှန်းကိန်းအရ ကမ္ဘာ့ ၁၄၂ နိုင်ငံမှာ ဒုတိယလိုက်တဲ့ ရုရှားနဲ့ ၃၉ နေရာ မှာရှိတဲ့ မြန်မာစစ်တပ်တို့ စစ်ရေးဆက်ဆံရေးဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပိုလို့ ထင်ပေါ်လာ၊ ပိုလို့လည်း ခြေလှမ်းသွက်လာပါတယ်။

ရုရှားစစ်လေယာဉ်တွေ အားကိုးတဲ့ စစ်ကောင်စီဟာ ဝေဟင်က အသာစီးယူနိုင်ပြီး လက်နက်မဲ့ ကိုယ့်တိုင်းသူပြည်သားတွေပါလားလို့ နှလုံးမသွင်းနိုင်ဘဲ ဆိုင်သူရော၊ မဆိုင်သူကိုပါ ရတဲ့နည်းနဲ့ တိုက်ခိုက်နှိမ်နင်းပါတယ်။

ဥပမာ ဒီရက်ပိုင်း သြဂုတ် ၂၃ ရက်မှာ PDF နဲ့ တိုက်ပွဲဖြစ်ပွားပြီး အဲဒီနေ့ ညဘက်ရောက်မှ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် သုံးစင်းနဲ့ လာရောက်တိုက်ခိုက်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် သေဆုံးရတဲ့ ဖြစ်ရပ်မျိုးပါ။ ဒါကို ကောလင်းဒေသခံတယောက်က

"ည ၁၁ နာရီ ၂၀ မိနစ်မှာပေါ့နော်၊ တိုက်လေယာဉ် သုံးစင်းနဲ့ ဗုံးလာကြဲတယ်။ ပြည်သူ လေးယောက် သေဆုံးသွားတယ်။ ဒီကောင်တွေဘက်က ၄၀ ကျော်ကျတယ်။ ပြီးရင် အရာရှိ သုံးယောက် ဖမ်းမိတယ်ပေါ့နော်၊ လက်နက်မျိုးစုံ သိမ်းရတယ်ပေါ့။ အဲဒါကြောင့် မနိုင်တဲ့အဆုံးမှာ လေယာဉ်နဲ့ ဗုံးလာကြဲတာဗျ။ လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ကျသွားတဲ့ အထဲ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်လည်းပါတယ်ဗျ"

မြေပြင်တိုက်ပွဲတွေမှာ အထိနာတိုင်း စစ်ကောင်စီဟာ လေကြောင်းအားကိုးနဲ့ တိုက်ခိုက် နိုင်တာကလည်း Global Firepower က သတ်မှတ်တဲ့ စွမ်းရည်သုံးရပ်ထဲက စစ်လက်နက် စွမ်းရည်ရှိနေတဲ့အတွက်လည်း ဖြစ်ပါတယ်။

"လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ကျသွားတဲ့အထဲ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်လည်းပါတယ်ဗျ"

ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေရဲ့ ပစ်ခတ်နိုင်တဲ့ စွမ်းရည်တွေ၊ ပိုင်ဆိုင်တဲ့ စစ်လက်နက် ပစ္စည်း စွမ်းရည်တွေ၊ လူ့စွမ်းရည်တွေပေါ် အခြေခံပြီး Global Firepower က ညွှန်းကိန်း အဆင့် သတ်မှတ်တဲ့အခါ နိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်ပေမယ့် တိုင်းပြည်က သယံဇာတတွေ ထုတ်ယူရောင်းချထားလို့ ဓနအင်အားတောင့်တင်းပြီး လက်နက်အင်အား ဖြည့်ထားနိုင်တဲ့အတွက် တပ်ပြေးတွေရှိနေလည်း မြန်မာစစ်တပ်က အဆင့် ၃၉ မှာ ရှိနေပါတယ်။

ကမ္ဘာမှာ အမေရိကန်ပြည်ထောင်စုရဲ့ Global Firepower က အဆင့် ၁ မှာရှိပြီး သူ့နောက်မှာ ရုရှားက ဒုတိယနဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့က တတိယနဲ့ စတုတ္ထလိုက်ပါတယ်။

ဒီနောက် ဂျပန်နဲ့တောင်ကိုရီးယားက ညွှန်းကိန်း ၅ နဲ့ ၆ မှာ ရှိပါတယ်။ မြန်မာစစ်တပ်ဟာ Global Firepower အဆင့်တစ် အမေရိကန်ကလွဲလို့ ထိပ်ဆုံးမှာရှိနေတဲ့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့နဲ့ ထဲထဲဝင်ဝင် ဆက်ဆံနေတာပါ။ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနဲ့ မြန်မာစစ်တပ် ဆက်ဆံရေး ကောင်းပြီး ပထဝီအရ အလှမ်းဝေးတဲ့ ရုရှားနဲ့လည်း ဆက်ဆံမပျက် ရှိခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး တစ်လလောက်အကြာ ၁၉၄၈ ဖေဖော်ဝါရီကစလို့ ရုရှား-မြန်မာ သံတမန် ဆက်ဆံရေး စတင်လာပြီး ရန်ကုန်စက်မှုတက္ကသိုလ်၊ အင်းလျားလိတ်ဟိုတယ်၊ တောင်ကြီး စပ်စံထွန်းဆေးရုံ၊ ကြက်မောက်တောင်ဆည်တွေကို ရုရှားက တည်ဆောက် ပေးပါတယ်။ ဒီလို စစ်ရေးနဲ့ မဆိုင်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ၂၀၀၀ ပြည့်နှစ်ပိုင်းတွေကမှ နှစ်နိုင်ငံ စစ်ရေးဆက်ဆံရေးစတင်ရာက ၂၀၂၁ စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာ ပိုလို့ အားကောင်းလာပါတယ်။

တရုတ်လက်နက်ချည်း အားကိုးနေရာက ရုရှားလက်နက်ရယူဖို့ စိတ်ဓာတ်စစ်ဆင်ရေး ကျွမ်းကျင်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လမ်းခင်းပေးခဲ့တာက စစ်အာဏာသိမ်းလို့ ပေါ်ပေါက်လာတဲ့ PDF တွေကို နှိမ်နင်းဖို့ ကြိုတင်လမ်းခင်းပေးထားသလိုလည်း ဖြစ်ရပါတယ်။

မြန်မာစစ်တပ်အတွက် ရုရှား လက်နက်ဝယ်ပေးတဲ့ ကြားပွဲစားတွေရှိပြီး လက်ရှိ စစ်ခေါင်းဆောင်ကတော့ လက်နက်ရောင်းနေတဲ့ ရုရှားကို ကိုယ်တိုင်သွားရောက်ပါတယ်။

ဒီနှစ် ဇူလိုင်လမှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားကိုသွားတဲ့အခါ လည်း အရင့်အရင်တုန်းကလို ရုရှားခေါင်းဆောင် ပူတင်နဲ့ မတွေ့ရရုံမက ဧည့်သည်တော် အဖြစ်တောင် ရုရှားက မသတ်မှတ်ဘဲ အလွတ်သဘောခရီးအဖြစ်သာ ရည်ညွှန်းပါတယ်။

ဒါပေမဲ့ ပြည်ပရန်အတွက်မဟုတ်ဘဲ ပြည်တွင်းရန်ကို ရတဲ့နည်းနဲ့ ချေမှုန်းချင်နေတဲ့ မြန်မာစစ်တပ်ကို ရုရှားက လက်နက်ရောင်းချနေရုံသာမက လောင်စာဆီပါ မကြာခင် ရောက်လာပါတော့မယ်။

international-business-forum.jpeg
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာကျင်းပသည့် နိုင်ငံတကာ စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ၂၀၂၂ ခုနှစ် ဇွန်လမှာ တွေ့ရစဥ် (Photo: Myanmar Military)

ယူကရိန်းကျူးကျော်စစ်ကြောင့် ကမ္ဘာ့မျက်နှာစာမှာ မျက်နှာပန်းမလှတဲ့ ရုရှားနဲ့ ကမ္ဘာမှာ မရှိသင့်တဲ့ စစ်အာဏာသိမ်းမှုအပြင် ဆန့်ကျင်သူတွေကို အကြမ်းဖက်နှိမ်နင်းနေတဲ့ မြန်မာစစ်တပ်ဟာ ဓာတ်တူနာမ်တူချင်း အလွမ်းသင့်တာမို့ အာဏာရှင်ချင်း ပေါင်းစည်းတဲ့ သဘောလည်း သက်ရောက်ပါတယ်။ အာဏာရှင်နိုင်ငံတွေ တူရာတူရာ စုလေ့ရှိတယ်လို့ နိုင်ငံရေးလေ့လာသူ စိုင်းထွန်းအောင်လွင်က ရှုမြင်တာပါ။

"အာဏာရှင်တွေ သက်ဆိုးရှည်ဖို့ နောက်ဆုံး အာဏာရှင်နိုင်ငံတွေအချင်းချင်း တူရာ စုတာပေါ့နော်။ သူတို့အားကို ကိုယ်လိုတယ်ဆိုတဲ့ အမြင်မျိုးရှိတာပေါ့။ အဲဒီတော့ ဆီးရီးယားခေါင်းဆောင် ဘာရှာအာဆတ်ပဲကြည့်ကြည့်၊ ဘာပဲကြည့်ကြည့် သူတို့နောက် မှာ ရုရှားရှိတယ်။ အဲဒါတော့ မဆန်းပါဘူး၊ (သူ- မြန်မာစစ်ခေါင်းဆောင်) သုံးတဲ့နည်း တစ်ခါတလေ ကျွန်တော်ထင်တယ်။ ဆီးရီးယားမှာ သုံးတာမျိုး။ စစ်ဆင်ရေးတွေ ဆင်နွှဲတဲ့နေရာမှာ မြို့ကြီးတွေကို ရှင်းအောင်လုပ်လိုက်တယ်။ ဆီးရီးယားမှာကြည့်လေ၊ မြို့ငယ်လေးတွေ အတော်များများ အတိုက်အခံတွေက သိမ်းတယ်။ ဒါပေမဲ့ မြို့ကြီးတွေ မှာ ခြေကုပ်ရထားတဲ့ အာဆတ်က မြို့တွေပျက်တာတို့၊ လူတွေ ဒုက္ခသည်တွေ သန်းနဲ့ချီ ရှိတာတို့ ရှိလည်း ဆက်ထိန်းထားနိုင်တယ်။ အဲဒီပုံစံမျိုးများ ယူသလားလို့ မပြောတတ် ဘူး"

ဆီးရီးယားမှာ ၂၀၀၁ မတ်က ဒီမိုကရေစီရေး ဆန္ဒပြတောင်းဆိုသူတွေကို အင်အားသုံး ချေမှုန်းတဲ့အတွက် အာဆတ် နုတ်ထွက်ပေးဖို့ နိုင်ငံတစ်ဝန်း ဆန္ဒပြတဲ့အခါ ပိုဖိနှိပ် လာပါတယ်။ အတိုက်အခံတွေကို အားပေးသူတွေ လက်နက်ကိုင်စွဲတိုက်ခိုက်ရာက အကြမ်းဖက်မှု အားကြီးလာပြီး ပြည်တွင်းစစ်ဘက် ဦးတည်သွားပါတယ်။

ဆီးရီးယားအာဏာရှင်နဲ့ မြန်မာ စစ်အာဏာရှင်တို့ဟာ မိမိပြည်သူကို မိမိ မငဲ့ကွက်တဲ့ နေရာမှာ အသွင်တူပါတယ်။

ဆီးရီးယားမှာ ၂၀၂၁ ဇွန်ထိ လူငါးသိန်းနီးပါး သေဆုံးရတယ်လို့ မှတ်တမ်းရှိပြီး နိုင်ငံက လည်း ကျဆုံးနိုင်ငံ (Failed State) ဖြစ်သွားခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီနှစ်သြဂုတ် ၂၃ ရက်ထိ လူ ၂၂၃၃ ယောက် သေဆုံးရပြီလို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စာရင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြရာက အကြမ်းဖက် နှိမ်နင်းလို့ မြန်မာနိုင်ငံသားတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး အကြမ်းမဖက် နည်းလမ်းကနေ ခုခံကာကွယ်နိုင်တဲ့ လက်နက်ကိုင် ပြန်လည်တိုက်ခိုက်ရေးလမ်းကြောင်းကို ဦးတည်လို့ အရင်က တည်ငြိမ်တဲ့နေရာတွေမှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ဒီအတွက် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စတင်ရွေးချယ်ရယူတဲ့ အာဏာရှင် ရုရှားနိုင်ငံလုပ် စစ်လက်နက် တွေ၊ တိုက်လေယာဉ်၊ တိုက်ရဟတ်ယာဉ်တွေနဲ့ တိုက်ခတ်ချေမှုန်းနေတာပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။