ဆိုဗီယက်ပြန် ရုရှားပြန်နဲ့ မြန်မာပြည်နေ ရုရှားများ

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.08.11
ဆိုဗီယက်ပြန် ရုရှားပြန်နဲ့ မြန်မာပြည်နေ ရုရှားများ ရုရှား-မြန်မာ သံတမန်ဆက်သွယ်ထူထောင်မှု ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် နေပြည်တော်တွင် ပြုလုပ်နေစဉ်။
Myanmar Military

မြန်မာနိုင်ငံမှာ တစ်ခေတ်တစ်ခါတုန်းက ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း၊ ဆိုဗီယက်ပြန် ဆပ်ကပ် ဦးမောင်မောင် စတဲ့သူတွေ ထင်ရှားခဲ့ပါတယ်။ ၁၉၉၁ ဒီဇင်ဘာမှာ ဆိုဗီယက်ပြည်ထောင်စု အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး နောက်ဆယ်စုနှစ်တွေအကြာမှာ ရုရှားပြန် မြန်မာစစ်အရာရှိတွေ ပေါ်ပေါက်လာပြန်ပါတယ်။

မြန်မာပြည်မှာ ရုရှားပြန်တွေရှိသလို ဒီနှစ် သြဂုတ် ၈ ရက် Asia News သတင်းအရဆိုရင် ၂၀၂၂ ယူကရိန်းစစ်ပွဲနောက်ပိုင်း မြန်မာနိုင်ငံကနေ ရေခြားမြေခြား လှမ်းအလုပ်လုပ်တဲ့ ရုရှားတွေ ရှိတယ်ဆိုပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ဆိုဗီယက်ပြည်ထောင်စုနဲ့ မြန်မာ ဆက်ဆံရေးမှာ နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်တာမျိုး၊ မြန်မာနိုင်ငံက ဆိုဗီယက်ကို ဆန်တင်ပို့တာမျိုး၊ ရုရှားဗိသုကာလက်ရာ အင်းလျားလိတ်ဟိုတယ်၊ ရန်ကုန်စက်မှုတက္ကသိုလ်၊ ကြက်မောက်တောင်ဆည်၊ စဝ်စံထွန်းဆေးရုံလို ဆောက်လုပ်တာမျိုးပဲရှိခဲ့ပြီး စစ်ရေးဆက်ဆံရေးက စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာ အစပျိုးပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၁၉၉၀ ပြည့်လွန်အစောပိုင်းကာလတွေက စလို့ မြန်မာစစ်အရာရှိနဲ့ စစ်တပ်နဲ့ ဆက်စပ်တဲ့ သိပ္ပံပညာရှင် ၇၀၀၀ ကျော် ရုရှားမှာ ပညာသင်ကြားလေ့လာတယ်လို့လည်း မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ Bertil Lintner က ဟောင်ကောင်အခြေစိုက် Asia Times သတင်းမှာ ၂၀၂၂ မတ်လက ရေးသားခဲ့ပါတယ်။

မော်စကိုမြို့မှာရှိတဲ့ ရုရှားလေတပ်အင်ဂျင်နီယာ စစ်တက္ကသိုလ်၊ Omsk Armour အင်ဂျင်နီယာတက္ကသိုလ်၊ the Nizhniy Novgorod Command Academy နဲ့ the Kazan Military Command Academy စစ်တက္ကသိုလ်တွေမှာ တက်ရောက်ကြပါတယ်။

အခုမြန်မာနိုင်ငံက တိုက်ခိုက်ရေးမှာ သုံးနေတဲ့ ရုရှားလုပ် လက်နက်ပစ္စည်းကိရိယာတွေသုံးတတ်အောင် ရုရှားလေတပ်မှာ မြန်မာစစ်အရာရှိတချို့ ဗိုလ်လောင်းအဖြစ် ဝင်ရောက်လေ့ကျင့်ကြတယ်လို့ Bertil Lintner ရဲ့ ဆောင်းပါးမှာပါရှိပါတယ်။

အခုလည်း ၂၀၂၁ အာဏာသိမ်းစစ်ခေါင်းဆောင်ကြိုးပမ်းနေတဲ့ နျူကလီးယား စီမံကိန်း ရုပ်လုံး ပီပီပြင်ပြင်ပေါ်လာဖို့ စစ်သည်နျူကလီးယား ပညာရှင်တွေ မွေးထုတ်မဲ့ သဘောရှိပါတယ်။ စစ်ကောင်စီနဲ့ ရုရှားအစိုးရပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom တို့ ပူးပေါင်းပြီး နျူကလီးယား နည်းပညာ သတင်းအချက်အလက်ဌာနကို ရန်ကုန်မြို့မှာ ဒီနှစ် ဖေဖော်ဝါရီ ၆ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။

ရုရှား-မြန်မာ သံတမန်ဆက်သွယ်ထူထောင်မှု ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် နေပြည်တော်မှာပြုလုပ်သည့် ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ ( Photo : Myanmar Military )
ရုရှား-မြန်မာ သံတမန်ဆက်သွယ်ထူထောင်မှု ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် နေပြည်တော်မှာပြုလုပ်သည့် ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ ( Photo : Myanmar Military )

ဒါဟာ အဆင့်တစ်ဆင့်ဖြစ်ပြီး ဒီ နျူကလီးယားရည်မှန်းချက်ပြည့်မှီဖို့ နောက်ထပ်ရုရှားပြန် သိပ္ပံပညာရှင်တွေ၊ နျူကလီးယားသိပ္ပံပညာရှင်တွေ ပေါ်ပေါက်လာစရာ အကြောင်းရှိပါတယ်။ ရုရှားပညာတော်သင်တွေနဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာသိပ္ပံပညာရှင် တစ်ဦးရှုမြင်တာက

“ရုရှားက ပိုက်ဆံလိုချင်လို့ training သင်တန်းခေါ်ပေးတဲ့ပုံစံပဲရှိမယ်။ တကယ့်တကယ်တော့ သေချာသင်ပေးမှာ မဟုတ်ဘူး။ ရုရှားက သင်ပေးလိုက်လို့ ဖြစ်ဖြစ်မြောက်မြောက် တတ်မြောက်တဲ့ ပညာရှင်ဆိုတာ ဗမာပြည်မှာ တစ်ယောက်မှ မရှိဘူးလို့ ထင်တာပဲ။ နာမည်ပျက်တွေနဲ့ပဲ ရှိကြတဲ့ ပညာရှင်တွေပေါ့၊ ကျွန်တော်တို့ဆီမှာ၊ ရုရှားကပြန်လာတဲ့ သူအတော်များများက သုံးမရတဲ့ လူတွေ၊ technician တွေကို လေ့ကျင့်ပေးတာ၊ အင်ဂျင်နီယာတွေကို လေ့ကျင့်ပေးတာ၊ သိပ္ပံပညာရှင်တွေကို လေ့ကျင့်ပေးတာ၊ ဒီဟာလောက်ပဲရမှာ၊ အဲဒါ တိုင်းပြည်ပိုက်ဆံ အများကြီးကုန်မဲ့ကိစ္စ။ ”

ရုရှားက သင်ပေးလိုက်လို့ ဖြစ်ဖြစ်မြောက်မြောက် တတ်မြောက်တဲ့ ပညာရှင်ဆိုတာ ဗမာပြည်မှာ တစ်ယောက်မှ မရှိဘူးလို့ ထင်တာပဲ၊ ရုရှားကပြန်လာတဲ့ သူအတော်များများက သုံးမရတဲ့ လူတွေ

အကျိုးကျေးဇူးမရှိနိုင်ဘူးဆိုပေမဲ့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့

“ တကယ်တမ်းက နျူကလီးယားနည်းပညာကို ကောင်းကောင်းလေ့လာနိုင်ခြင်းအားဖြင့် ဆေးပညာဆိုင်ရာ သုတေသနတွေအတွက် အကျိုးအမြတ် အများကြီးရှိနိုင်တယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ လျှပ်စစ်ကဏ္ဍဆိုင်ရာ တိုးတက်မှုအတွက်လည်း အများကြီး အကျိုး ရှိပါတယ်။ ဒီပလိုမစ်တစ်အရ သိပ်မျက်နှာချင်းဆိုင်လို့ ကောင်းကောင်းမရတဲ့ နိုင်ငံမျိုးက နျူကလီးယားဆိုင်ရာ နည်းပညာ ဒါအကြောင်းပြချက်နဲ့ ပေါ့နော်။ နျူကလီးယားလက်နက်ပိုင်သွားရင် ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းမျိုးနဲ့ လုပ်ကြတာမျိုး။ တကယ်တမ်းတော့ အနောက်နိုင်ငံကပညာရှင်တွေ သူတို့ သဘောပေါက်ပြီးသားပဲ။ မြန်မာနိုင်ငံအနေနဲ့ လုပ်နိုင်စွမ်းရှိလား၊ မရှိဘူးလားဆိုတာ။ အကြောင်းပြချက် ပေးချင်တဲ့အခါကျတော့ ဒါကိုထောက်ပြပြီးတော့ ဒီလိုဖြစ်နေတယ်ဆိုတာကို ပြောတာပါပဲ"

နျူကလီးယားနည်းပညာကို ကောင်းကောင်းလေ့လာနိုင်ခြင်းအားဖြင့် ဆေးပညာဆိုင်ရာ သုတေသနတွေအတွက် အကျိုးအမြတ် အများကြီးရှိနိုင်တယ်။အထူးသဖြင့်တော့ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ လျှပ်စစ်ကဏ္ဍဆိုင်ရာ တိုးတက်မှုအတွက်လည်း အများကြီး အကျိုး ရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်အကြာမှာ ရုရှားက ၂၀၂၂ ဖေဖော်ဝါရီမှာ ယူကရိန်းကျူးကျော်စစ် စတင်ဆင်နွှဲပါတယ်။ ဒီစစ်ကြောင့် အနောက်နိုင်ငံတွေက ရုရှားကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့အခါ စစ်အာဏာသိမ်းမှုကြောင့် သူ့လိုပဲ ဒဏ်ခတ်ခံရတဲ့ စစ်ကောင်စီနဲ့ ပိုလို့နီးစပ်လာပါတယ်။

တစ်ကိုင်းတည်းနားကြတဲ့ အာဏာရှင်နှစ်နိုင်ငံဟာ နယ်နိမိတ်ချင်း တစ်ထိတစ်စပ်တည်းမဟုတ်ဘဲ ရေခြား၊ မြေခြား၊ သမုဒ္ဒရာခြားနေပြီး နယ်စပ်ကနေ လွယ်လွယ်ကူကူ ဝင်ရောက်မလာနိုင်တဲ့အတွက် မြန်မာနိုင်ငံသားတွေ လူပြစရာမလိုဘဲ အခုသြဂုတ် ၁ ရက်ကစ အီလက်ထရွန်းနစ်ဗီဇာနဲ့ ရုရှားကို ပြည်ဝင်ခွင့် လျှောက်ထားနိုင်ပြီလို့ Asia News သတင်းကဖော်ပြပါတယ်။ နှစ်နိုင်ငံရွှေလမ်းငွေလမ်းခင်းနိုင်ဖို့ စစ်ကောင်စီကလည်း Novosibirsk နဲ့ St Petersburg မြို့တွေမှာ ကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ကျင်းပသည့် နျူကလီးယား နည်းပညာသတင်းအချက်အလက်စင်တာဖွင့်ပွဲမှာ တွေ့ရစဉ်။ (Photo : Myanmar Military)
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ကျင်းပသည့် နျူကလီးယား နည်းပညာသတင်းအချက်အလက်စင်တာဖွင့်ပွဲမှာ တွေ့ရစဉ်။ (Photo : Myanmar Military)

ဗီဇာကလွယ်တာမို့ ယူကရိန်းစစ်စတင်ကတည်းက ရုရှားအတော်များများ မြန်မာနိုင်ငံမှာ လာရောက်ကွန်းခိုကြတယ်လို့လည်း Asia News ကရေးသားပါတယ်။ ပြည်ပအားကိုး ပုစိန်ရိုး သစ္စာဖောက်တွေလို့ ရုရှားအာဏာပိုင်တွေက ခေါ်ဝေါ်သမုတ်တာက ရှောင်လွှဲနိုင်အောင် မိတ်ဆွေမြန်မာနိုင်ငံမှာ နေထိုင်ကြတာလည်းဖြစ်ပါတယ်။

ဒီလို လာရောက်နေထိုင်သူတွေထဲ မြန်မာနိုင်ငံကို ၂၀၁၀ က ပထမဆုံးအကြိမ်ရောက်လာခဲ့ဖူးတဲ့ Vladislav Kokorin ဆိုသူလည်းပါဝင်ပါတယ်။ ယူကရိန်းကျူးကျော်စစ်စပြီး မကြာခင် ၂၀၂၂ မေလမှာ ရန်ကုန်ကို သူပြောင်းလာပါတယ်။ ရုရှားနဲ့ မိုင်ပေါင်းများစွာဝေးတဲ့ မြန်မာနိုင်ငံကနေ ကွန်ပျူတာနဲ့ လှမ်းအလုပ်လုပ်ပါတယ်။ တကယ်တော့ သူခိုလှုံနေတဲ့ တိုင်းပြည်ဟာ လုံခြုံရေးအရ ရာနှုန်းပြည့် အာမမခံနိုင်ပေမဲ့ Kokorin ကတော့ မြန်မာပြည်မှာ ပျော်ရွှင်နေပါတယ်။ သတင်းမှာတော့ မြန်မာနိုင်ငံမှာ ရုရှားဘယ်နှစ်ယောက် လောလောလတ်လတ်နေထိုင်နေသလဲဆိုတာ ဖော်ပြမထားပါဘူး။

မြန်မာစစ်တပ်ကစေလွှတ်တဲ့ ရုရှားပြန်ဦးရေနဲ့ ယှဉ်ရင် နည်းပါးကောင်းနည်းပါးမှာဖြစ်ပေမဲ့ ယူကရိန်းစစ်ကြီး တစ်ချိန်ချိန်မှာ ပြီးဆုံးသွားလို့ သူ့နိုင်ငံသူပြန်ကြရင် မြန်မာပြန်ရုရှားတွေလည်း ပေါက်ပေါက်လာပါလိမ့်မယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။