စစ်ကိုင်းတိုင်းမှာ နှစ်လခွဲအတွင်း အဆောက်အအုံ နှစ်သောင်းနီးပါး ပျက်စီးခဲ့

RFA Burmese
2023.01.25
စစ်ကိုင်းတိုင်းမှာ နှစ်လခွဲအတွင်း အဆောက်အအုံ နှစ်သောင်းနီးပါး ပျက်စီးခဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက မူးကမ်းကြီးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်တချို့အား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

စစ်ကိုင်းတိုင်းမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလဝက်အထိ နှစ်လခွဲအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အဆောက်အအုံပေါင်း နှစ်သောင်းနီးပါး ပျက်စီးခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ထုတ်ပြန်ပါတယ်။

အမှန်တကယ် ပျက်စီးဆုံးရှုံးတဲ့ဒီစာရင်းဟာ ဒီထက် ပိုနိုင်တယ်လို့ ISP Myanmar ရဲ့ အကြီးတန်းသုတေသီ ကိုကျော်ထက်အောင်က RFA ကို ပြောပါတယ်။

"အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေကိုယူ၊ ယူပြီးတော့ အိမ်တွေကိုမီးရှို့၊ အဲလိုပဲ လုပ်သွားတာတွေ။ နှစ်ကြိမ်ရှို့တာမှာ အကြီးအကျယ်ပါ တစ်ရွာလုံးပြောင်သွားတယ်"

“အဓိကရရှိတဲ့ အချက်အလက်တွေကတော့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့တစ်ဆင့် ဖော်ပြတဲ့ဟာတွေ၊ ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်ကို အခြေခံ ပြီးတော့ ကျနော်တို့ လက်လှမ်းမီသမျှ စုစည်းပြုစုထားတာ ဖြစ်ပါတယ်။ တကယ့် မြေပြင်မှာတော့ ကျနော်တို့ ဒီထက်အများကြီးတော့ ပိုပြီးတော့များနိုင်ပါတယ် ခင်ဗျ။ ဒါပေမဲ့ တစ်ဖက်မှာလည်း အချက်အလက် မှန်ကန်မှုရှိအောင် ကျနော်တို့မြေပြင်က အဖွဲ့အစည်းတွေနဲ့ အမြဲတမ်း ကျနော်တို့ တိုက်ဆိုင်စစ်ဆေးတာမျိုးတွေ ကျနော်တို့ အမြဲတမ်းလုပ်ပါတယ်"

အဲဒီအထဲမှာ နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ဘာသာရေးအဆောက်အအုံတွေပါ ပါဝင်ပြီး ဒီပဲယင်းမြို့နယ်က နေအိမ်အဆောက်အအုံ ၅၀၀၀ ကျော်နဲ့ အများဆုံးမီးရှို့ခံရသလို ရွှေဘိုမြို့နယ်မှာတော့ ၄၆၀၀ ကျော်နဲ့ ဒုတိယ အများဆုံးလို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့က ဒီပဲယင်းနဲ့ ရေဦးမြို့နယ်အစပ်က အိမ်ခြေ ၃၀၀ ကျော်နဲ့ လူဦးရေ ၁၀၀၀ ကျော်ရှိတဲ့ ဇေယျာဝတီရွာကို အင်အား ၈၀ ခန့်ပါစစ်ကြောင်း ဝင်ရောက်လာပြီး နေအိမ် ၆၀ ခန့် မီးရှို့သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဇေယျဝတီရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

Shwebo burn.jpeg
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်တချို့အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

"ရွာရဲ့ မိန်းလမ်းပေါ့ အဓိကကျတဲ့ လူမြင်ကွင်းကောင်းတဲ့နေရာတွေမှာ အိမ်ကြီး အိမ်ကောင်းတွေ အကုန် မီးရှို့သွားတာ။ ကိုယ့်နေရာတော့ ကိုယ်ပြန်နေရတာပေါ့။ ဘယ်သူ့ဆီကမှ ဘာအကူအညီမှ ရတာမှမဟုတ်တာ။ ဖျာတစ်ချပ်ပဲ တတ်နိုင်တတ်နိုင် ကျပ်ကျပ်တည်းတည်း နေနေရတယ်။ ကျနော်တို့ဘက်က ထန်းရွက်ရှိတော့ ထန်းရွက် ကာပြီး ဟိုတိုင်ခုတ်၊ ဒီတိုင်ခုတ်ပြီး နေနေရတာပေါ့။ ကျနော်တို့ရွာကို အဲဒီတုန်းကပဲ တစ်ခါဝင်တယ်။ ခါတိုင်းတော့ ရွာနားက ထွက်သွားတာရှိပေမယ့် မဝင်ဘူး၊ အဲဒီတစ်ခေါက်ပဲ မီးရှို့ခံရတယ်"

ဒီပဲယင်းမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲ မကြာခဏဖြစ်နေတာကြောင့် ဒေသခံအများစုဟာ စိုက်ပျိုးရေးမလုပ်နိုင်ဘဲ ဝင်ငွေမရှိဖြစ်ပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ထီးချိုင့်မြို့က အိမ်ခြေ ၄၈၀ ရှိတဲ့ အလယ်တောရွာကိုလည်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ နှစ်ကြိမ်ဝင်ရောက် မီးရှို့လို့ လက်ရှိ နေအိမ် ၆၀ နီးပါးပဲ ရှိတော့တယ်လို့ အလယ်တောရွာခံ ဒေါ်စိန်တင်က RFA ကို ပြောပါတယ်။

“မလောင်တဲ့အိမ်တွေကလည်း ရိုက်ဖျက်ခဲ့ပြီးတော့မှကို ယူသွားကြရတော့။ အဲတော့ မလောင်တဲ့ အိမ်တွေကလည်း ဒုက္ခတစ်မျိုး၊ လောင်တဲ့အိမ်ကလည်း ဒုက္ခတစ်မျိုး ဒုက္ခသည်တွေကြီးပဲဖြစ်နေတာ အကုန်လုံး။ အကုန်လုံးကို သူတောင်းစားတွေလားကျလို့ ဟိုကတောင်း၊ ဒီကတောင်းနဲ့ တချို့တွေများ ကလေးတွေများ ဝတ်စရာတောင် မရှိဘူး။ အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေကိုယူ၊ ယူပြီးတော့ အိမ်တွေကိုမီးရှို့၊ အဲလိုပဲ လုပ်သွားတာတွေ။ နှစ်ကြိမ်ရှို့တာမှာ အကြီးအကျယ်ပါ တစ်ရွာလုံးပြောင်သွားတယ်"

Tigyaing_Ahleltaw Village.jpg
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ထီးချိုင့်မြို့နယ် အလယ်တောရွာမှ မီးရှို့ခံရသည့် နေအိမ်အချို့အား တွေ့ရစဉ်။ (Photo: Tigyaing Revolution -TR)

စစ်ကြောင်းပြန်ထွက်သွားပေမယ့် ဒေသခံတွေကတော့ ရွာကိုမပြန်ရဲသေးဘဲ နီးစပ်ရာရွာ တွေနဲ့ တောင်ယာတွေထဲမှာပဲ ဖြစ်သလို နေရတယ်လို့ ဆိုပါတယ်။

နေအိမ်တွေမီးရှို့ခံရတဲ့အပေါ် စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေး ဝန်ကြီး ဦးအေးလှိုင်ကတော့ လတ်တလော ဖြစ်နေတဲ့ လုံခြုံရေးကိစ္စတွေကို မသိသေးဘူး လို့ RFA ကို ဇန်နဝါရီလ ၂၅ ရက်မှာ ပြောပါတယ်။

စစ်ကောင်စီကတော့ NUG အပါအဝင် KIA နဲ့ PDF တွေဟာ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီးနေပြီး စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၂၂ ရွာက နေအိမ် ၁၁၂၂လုံးကို (၂၃) ကြိမ် မီးရှို့ခံရတယ်လို့ ဇန်နဝါရီလ ၂၄ ရက် နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ စွပ်စွဲမှုသာဖြစ်ပြီး ကာကွယ်ရေးတပ်တွေက ဒေသခံတွေ အိုးမဲ့အိမ်မဲ့ ဖြစ်အောင် ဘယ်တော့မှ မလုပ်ဘူးလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန် ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ပျဉ်ထောင်အိမ်တွေက လောင်စရာရှိတဲ့အိမ်တွေဆိုတော့ တန်းရှို့တယ်။ အုတ်တိုက်တွေ၊ အာစီတိုက်တွေဆို သူတို့ ပစ္စည်းတွေ ထည့်ရှို့တယ်။ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ကို အပုံလိုက်ပုံထားပြီးတော့၊ ယမ်းကို အတွဲလိုက်ကြီးတွေ ထည့်ပြီးတော့ ရှို့တယ်။ ပေါက်ကွဲစေတတ်တဲ့ဟာတွေက အာစီဆိုပြိုကျသွားတာပေါ့။ နောက်တစ်ချက်က သူတို့ ပြန်ထွက်တဲ့အချိန်မှာ နင်းမိုင်းတွေထောင်ထားခဲ့တာ။ အခုဆို ပြည်သူတွေ လုံး၀မိနေပြီ နင်းမိုင်းတွေ။ KIA ၊ PDF တစ်ယောက်ကမှ မီးရှို့တာ၊ ဖျက်ဆီးတာမရှိဘူး။ ပြည်သူလူထု ပေါ်မှာ ခြိမ်းခြောက်တာ၊ ငေါက်ငမ်းတာ အဲဒါတောင်မရှိဘူး။ ကျနော်တို့ဟာ ပြည်သူနဲ့ တစ်သားတည်းဖြစ်နေတယ်။ စကစဘက်ကသာ မီးရှို့နေတာဖြစ်တယ်"

စစ်ကိုင်းတိုင်းအတွင်းမှာ တပ်မ -၃၃၊ ဖောင်းပြင်အခြေစိုက် ခမရ-၃၆၇၊ ခမရ-၃၆၈ တို့ အများဆုံးလှုပ်ရှားပြီး တစ်ရွာဝင်တစ်ရွာထွက် ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်မှာတော့ လတ်တလော စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ် တွေ အပြန်အလှန် စောင့်ကြည့်နေတဲ့ အခြေအနေရှိနေပြီး တိုက်ပွဲငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းအရ အာဏာသိမ်းချိန် ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။