စစ်ကိုင်းတိုင်းထဲမှာ စစ်ကြောင်းထိုးနေလို့ တစ်သောင်းကျော် ထွက်ပြေးနေရ

RFA Burmese
2024.11.17
စစ်ကိုင်းတိုင်းထဲမှာ စစ်ကြောင်းထိုးနေလို့ တစ်သောင်းကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဥ်။
ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး

စစ်ကိုင်းတိုင်းထဲက ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တွေကို နိုဝင်ဘာ ၁၆ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် အရပ်သား တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတွေက RFA ကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ကန့်ဘလူ၊ ဇီးကုန်းမြို့မှာရှိတဲ့ လက်ဆယ်ရွာက နေအိမ်တွေကို မီးရှို့သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“မီးရှို့ခံရတဲ့ ရွာက လေးရွာ၊ လက်ဆယ်ရယ်၊ သပြေသာရယ်၊ ကျောင်းကုန်းရယ်၊ ဖိုလ်ကုန်းရယ်၊ လက်ဆယ်ကတော့ နှစ်ခါ ဝင်ရှို့တယ်။ သပြေသာလည်း နှစ်ခါ ဝင်ရှို့တယ်။ နှစ်ခါ ဝင်ရှို့တယ်ဆိုတော့ နောက်တစ်ခါက ဘယ်လောက် ဝင်ရှို့တယ်ဆိုတာ မသိရသေးဘူး။ တိုက်ပွဲကတော့ မရှိဘူးဗျ၊ သူတို့က အဓိက ဇီးကုန်းမြို့ကနေပြီး အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးတာတွေ၊ မသင်္ကာတဲ့သူတွေ အမျိုးသားတွေကို ဖမ်းဆီးတာ၊ ရိုက်နှက်စစ်ဆေးတာတွေ၊ အဲ့ဒါတွေက အမြဲတမ်း ရှိတယ်။ မြို့ရဲ့ အနီးတစ်ဝိုက် ကျေးရွာတွေကိုလည်း အကုန်လုံး မီးရှို့ဖျက်ဆီးတာပေါ့။ အဲဒီလိုမျိုးပေါ့”

စစ်ကောင်စီတပ်တွေ ရှိနေသေးတာကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ အရေအတွက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

“စစ်ကောင်စီ စစ်ကြောင်းဟာ တန့်ဆည်မြို့နယ် ခပေါင်းကြိုင်ရွာကိုလည်း မီးရှို့သွားပါတယ်”

စစ်ဘေးဒုက္ခသည်တွေဟာ ဘေးလွတ်ရာ ကျေးရွာတွေနဲ့ တောတောင်တွေထဲ တိမ်းရှောင်နေရတာကြောင့် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“တဲတိုက်တွေဘာတွေ မီးရှို့တယ်။ ဝင်စီးတဲ့အခါကျ ထွက်ပြေးနေရတယ်။ ရွာတွေ ဘာတွေလည်း လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတော့ ရွာတွေထဲလည်း မနေရဲဘူး။ ဒရုန်းတွေနဲ့ချတဲ့အခါကျတော့ ထွက်ပြေးနေရတယ်။ ဆောင်းရာသီဆိုတော့ အနွေးထည်တို့၊ ဘာတို့ အကုန်လုံး ကျန်းမာရေးကအစ၊ အခုကျတော့ ရာသီတုပ်ကွေးကလည်း ဖျားနေတာပေါ့။ အဲဒီလိုဆို ဂွကျတာပေါ့။ ကျန်းမာရေးစောင့်ရှောက်မှုတွေကလည်း အစ်မတို့ဆီက အားနည်းတယ်လေ။ ရွာထဲ စစ်ကြောင်းအေးတဲ့အခါ ပြန်ဝင်လိုက်၊ စစ်ကြောင်းထိုးတဲ့အခါတော့ ပြန်ထွက်လိုက်ပေါ့”

မနေ့က တစ်ရက်တည်းမှာပဲ စစ်ကောင်စီ စစ်ကြောင်းဟာ တန့်ဆည်မြို့နယ် ခပေါင်းကြိုင်ရွာကိုလည်း မီးရှို့သွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

အဲဒီရွာကို မီးရှို့ပြီးထွက်လာတဲ့ အင်အား ငါးဆယ်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ကန့်ဘလူမြို့နယ်၊ ကာဘိုးဘက်ကလာတဲ့ စစ်ကြောင်းပေါင်းလိုက်ပြီး အင်အား ၁၈၀ ခန့်ဟာ ရေဦးမြို့နယ်က ရွာပုကြီးနဲ့ ကြို့ထိမ်းကျေးရွာမှာ နှစ်နေရာခွဲပြီး အထိုင်ချထားတယ်လို့ ရေဦးအခြေစိုက် People’s Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။

“မနေ့က ကျွန်တော်တို့ ရေဦးနယ် မြောက်ဘက်ခြမ်းကို အင်အား ၁၈၀ ပါ စစ်ကြောင်းက ရွာပုကြီး၊ ဆီဆုံရွာမှာ တပ်စွဲပြီးတော့ ဒီနေ့မနက် ရွာပုကြီး၊ ကြို့ထိမ်းရွာ နောက်ပြီးတော့ တန့်ဆည်နယ် ကလဇင်ရွာသုံးရွာကို ဒီနေ့ မနက် ခုနစ်နာရီလောက်စပြီး သုံးရွာကို အဖွဲ့ခွဲပြီး ဆက်တိုက်မီးရှို့နေတယ်လို့ သိရတယ်။ နှစ်မြို့နယ် ချုပ်စပ်က ကျေးရွာတွေလည်း ဖြစ်တယ်။ ရွာချင်းကပ်ရက်က ရွာတွေလည်း ဖြစ်တယ်ဗျ။ အခုလက်ရှိတော့ ရွာပုကြီးရွာရော၊ ကြို့ထိမ်းရွာရောမှာ သူတို့ အဖွဲ့ခွဲပြီး တပ်စွဲထားကြတယ်ဗျ”

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတာနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။


ဆက်နွှယ်သောသတင်းများ

ကန့်ဘလူမှာ ဒေသခံတစ်ရာကျော် ဖမ်းဆီးခံရပြီး နေအိမ်ရှစ်ရာခန့် မီးရှို့ခံရ

စစ်ကိုင်းတိုင်းမှာ အရပ်သားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရ

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း အိမ်တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရ


ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာ မြေပြင်စစ်ကြောင်းထိုးမှု၊ နယ်မြေရှင်းလင်းရေးနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၁၂ သိန်းကျော် ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။