စစ်ကိုင်းနဲ့ မကွေးမှာ စစ်ကြောင်းထိုးလို့ သုံးရက်အတွင်း အရပ်သား ၁၄ ဦး သေဆုံး

RFA Burmese
2023.09.17
စစ်ကိုင်းနဲ့ မကွေးမှာ စစ်ကြောင်းထိုးလို့ သုံးရက်အတွင်း အရပ်သား ၁၄ ဦး သေဆုံး မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ထန်းဘုန်းတောရွာ မီးရှို့ခံထားရသည်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
Myaing Villages Revolution Front

စစ်ကိုင်းတိုင်း ကလေးဝ၊ ထီးချိုင့်၊ အင်းတော်၊ စစ်ကိုင်းမြို့နယ်တွေနဲ့ မကွေးတိုင်း ဂန့်ဂေါ၊ မြိုင်မြို့နယ်တွေကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၄ ရက်ကစလို့ နယ်မြေရှင်းလင်းရေး လုပ်နေပါတယ်။

စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတဲ့အခါ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်သလို စီးနင်းခံရတဲ့ ရွာတွေက အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ခဲ့တာကြောင့် စက်တင်ဘာ ၁၄ ရက်ကနေ ၁၆ ရက်အထိ သုံးရက်အတွင်း အရပ်သား ၁၄ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီထဲမှာ လက်နက်ကြီးကြောင့် အရပ်သား ခြောက်ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တာပါ။ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ခြောက်ဦး သေဆုံးပြီး လေကြောင်းတိုက်ခိုက်မှု ကြောင့် နှစ်ဦး သေဆုံးခဲ့ပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ဟံသာဝတီရွာအနီးမှာ စက်တင်ဘာ ၁၆ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် ညနေပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အနီးအနား မြင်သားရွာက ဒေသခံသုံးဦး သေဆုံးခဲ့ပြီး ကိုးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများကူညီရေးကော်မတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။

"ညပိုင်း ၇ နာရီလောက်ဖြစ်မယ်ဗျ။ အားလုံးပေါင်း ၁၂ ယောက် ထိတာ သုံးယောက် သေဆုံးတယ်ဗျ။ စစ်ဘေးရှောင်ကတော့ များတယ်ဗျ။ နှစ်ရွာပေါင်းဆိုတော့ ၁၀၀၊ ၁၅၀ လောက်တော့ ရှိမယ်ဗျ။ ရွှေဘိုနဲ့ သင်တောကဗျ။ မြင်သားကတော့ အရှေ့ဘက် အခြမ်းကိုပဲ ပြေးမှာဗျ။ မြင်သားကတော့ ကျွန်တော် အတိအကျ မသိသေးဘူးဗျ"

ဒီပစ်ခတ်မှုကို မြင်သားရွာနဲ့ မြောက်ဘက် ငါးမိုင်ခန့်အကွာ မြောက်ခင်ရန်းရွာက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ပျူစောထီးဆိုသူတွေက ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို မကွေးတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ ဦးသန်းဆွေဝင်းကို တယ်လီဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ပျူစောထီးရွာ ခုနစ်ရွာက ပြည်သူ့စစ်အင်အား ၁၀၀ ကျော် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအကြား စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ စက်တင်ဘာ ၁၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြင်းဆည်ရွာကို အင်အား ၈၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်စီးနင်းပြီး အရပ်သားလေးဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အိမ်ဝင်းတွေထဲမှာပဲ သတ်ထားခဲ့တာ။ ကျေးရွာထဲကို ဝင်စီးပြီး အိမ်ဝင်းထဲမှာပဲ သတ်ထားခဲ့တာ"

သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုတော့ စစ်ကောင်စီတပ်သားတွေ ပြန်ထွက်ပြီး နှစ်ရက်အကြာ စက်တင်ဘာ ၁၆ ရက်မှာ တွေ့ရတာလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

"ပ.က.ဖ ဘက်က စစ်ကြောင်းပြန်ထွက်သွားမှ ရွာကိုဝင်ရှင်းတဲ့ အချိန်မှာ အလောင်းတွေ့တာ။ ပထမတော့ ဒီလိုပဲ ပြေးနေရ ရှောင်နေရတာ။ နှစ်ရက်လောက် ကြာသွားမှ ကျေးရွာကို ပြန်ဝင်ရတော့ ပုံတွေက ပျက်နေပြီလေ။ တော်တော်လေး ဆိုးဆိုးရွားရွား ပုံစံဖြစ်နေပြီ။ အိမ်ဝန်းတွေထဲမှာပဲ သတ်ထားခဲ့တာ။ ကျေးရွာထဲကို ဝင်စီးပြီး အိမ်ဝင်းထဲမှာပဲ သတ်ထားခဲ့တာ"

သတ်ဖြတ်ခံရ သူတွေဟာ အသက် ၄၀ အရွယ်တွေဖြစ်တဲ့ ကိုသိန်းဇော်၊ ကိုဇော်မင်း၊ ကိုတေဇောနဲ့ ကိုကျော်ထွန်းနိုင်တို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ အဲဒီစစ်ကြောင်းက သုံးလင့်၊ မြစ်သာ၊ မြင်းဆည်၊ ကင်းတော်၊ ကိုင်းပြင်၊ လက်ပန်တော၊ ဥယျာဉ် စတဲ့ရွာတွေကို ဆက်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးနေရပါတယ်။

စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းက စစ်ရေးကိစ္စတွေကို သူမသိပေမယ့် တိုက်ပွဲတွေကြောင့် သေဆုံးထိခိုက်တဲ့ အရပ်သားတွေကိုတော့ ထောက်ပံ့ကူညီမှုတွေ လုပ်ပေးနေတယ်လို့ ပြောပါတယ်။

"တိုက်ပွဲမှာ ဒဏ်ရာရတယ်ဆိုရင် ဒဏ်ရာရသလောက် ငွေကြေးလည်း ထောက်ပံ့ပေးတယ်။ ဆေးဝါးကုသပေးတယ်။ ဆေးရုံမှာခေါ်ပြီး ကုသပေးတယ်။ ပျောက်တဲ့အထိ တာဝန်ယူပေးတယ်။ တကယ်လို့ အသက်ဆုံးရှုံးသွားတယ်ဆိုရင်လည်း အသက်ဆုံးရှုံးသွားလို့ ကရုဏာကြေး ထောက်ပံ့ပေးတယ်"

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကိုလည်း အခြေခံစားသောက်ကုန်တချို့နဲ့ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးသလို အသက်မွေးဝမ်းကျောင်း သင်တန်းတွေလည်း ပေးနေတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေအများစုကတော့ စစ်ကောင်စီရဲ့ အထောက်အပံ့တွေ လက်တွေ့ မရရှိဘူးလို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီစစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေရသူများအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း တွေ့ရစဥ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီစစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေရသူများအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း တွေ့ရစဥ်။ (Photo: Citizen Journalist)

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကိုင်ခုခံမှုတွေကို အရှိန်မြှင့် နှိမ်နင်းလာတာကြောင့် အရပ်သားသေဆုံးထိခိုက်မှုတွေ တိုးလာပါတယ်။ RFA က ပြုစုထားတဲ့ စာရင်းတွေအရ စက်တင်ဘာ ပထမ နှစ်ပတ်အတွင်းမှာပဲ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၂ ဦး သေဆုံးပြီး ၉၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီတပ်က နယ်မြေ ရှင်းလင်းရေး လုပ်တဲ့အခါ ဒေသခံတွေအကြောက်တရားဝင်အောင် တမင် လုပ်ဆောင်နေတာလို့ ပြောပါတယ်။

"သူက အကြမ်းဖက်ရင် ကြောက်သွားလိမ့်မယ်။ အကြမ်းဖက်တဲ့ နေရာမှာ ကလေးရော၊ လူကြီးရော အရွယ်သုံးပါးမရွေး အကုန်လုံးကို ပစ်ခတ်သတ်ဖြတ်ပြီးတော့ ခြောက်လှန့်နေတယ်။ ဒါပေမဲ့ သူရဲ့ အဲဒီလိုအကြောက်တရားနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေက သူ့ကိုဆန့်ကျင်တဲ့အင်အားစုတွေ မွေးထုတ်ပေးနေတယ်ဆိုတာ သူသဘောမပေါက်သေးပါဘူး"

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှာက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် ပစ်ခတ်ဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်းက အရပ်သား လေးထောင်ကျော် (၄,၀၇၈ ဦး) သေဆုံးခဲ့တယ်လို့ စက်တင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ကုသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရလည်း အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၁ ဒသမ ၆ သန်းကျော် တိုးလာတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။