ဝင်းနိမ္မိတာရုံဆရာတော် ပစ်သတ်ခံရမှု မြို့နယ်လေးခုက သံဃာတွေသပိတ်မှောက်

RFA Burmese
2024.06.26
ဝင်းနိမ္မိတာရုံဆရာတော် ပစ်သတ်ခံရမှု မြို့နယ်လေးခုက သံဃာတွေသပိတ်မှောက် ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး စစ်ကောင်စီကို သပိတ်မှောက်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ သံဃာတော်များအား ၂ဝ၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခဲ့ပြီးနောက် လေးရက်အတွင်းမှာ မြို့နယ်လေးခုက သံဃာတော်တွေ ပါဝင်လာပါတယ်။ ဇွန်လ ၂၃ ရက်နေ့ကနေ ဇွန်လ ၂၆ ရက်ဒီနေ့အထိ ချောင်းဦး၊ ဒီပဲယင်း၊ ဆားလင်းကြီးနဲ့ တန့်ဆည်မြို့နယ်က သံဃာတော်တွေ ပါဝင်လာကြတာပါ။

သပိတ်လှုပ်ရှားမှုမှာ ပါဝင်တဲ့ ချောင်းဦးဆရာတော်က စစ်ကောင်စီဟာ သံဃာတော်တွေအပေါ် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာတွေကြောင့် ကံဆောင်သပိတ်မှောက်တာလို့ RFA ကို မိန့်ပါတယ်။

"ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်တပ်က မဆင်မခြင် အကြမ်းဖက် သတ်ဖြတ်တဲ့အတွက်ကြောင့် ဦးဇင်းတို့ ကံဆောင် သပိတ်မှောက်ရခြင်း ဖြစ်ပါတယ်။ မြန်မာသိ ကမ္ဘာသိဆရာတော်ကြီးမို့ အားလုံးက သိကြတာလေ။ သူတို့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တဲ့ဟာတွေက အများကြီးပဲကိုး။ ဦးဇင်းတို့ မြို့နယ်မှာလည်း အဲဒီလိုပဲ ကိုရင်တွေလည်း လူဝတ်လဲပြီး ထောင်ချတာတွေ အများကြီးပဲပေါ့။ ဒီဆရာတော်ကြီးမို့သာ အားလုံးက သိကြတာ။ မသိဘဲနဲ့ ပျံလွန်တော်မူသွားတဲ့ဟာတွေလည်း အများကြီးပဲ။ ဒါအတွက်ကြောင့် ဦးဇင်းတို့က ကံဆောင်သပိတ်မှောက်ကြရတာ"

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ပစ်သတ်ခံရပြီး ငါးရက်မြောက်နေ့ဖြစ်တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ ချောင်းဦးမြို့နယ်က သံဃာတော် ဆယ့်ငါးပါးခန့်က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို စတင်ခဲ့တာပါ။

ဇွန်လ ၂၄ ရက်နေ့မှာတော့ ဒီပဲယင်းမြို့နယ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းပေါင်း သုံးဆယ်က သံဃာအပါး သုံးဆယ်ကျော် ပါဝင်ခဲ့ကြပါတယ်။ ဇွန်လ ၂၅ ရက်နေ့မှာတော့ ဆားလင်းကြီးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်က သံဃာတော်တချို့လည်း ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှာ ပါဝင်လာကြတာပါ။

သံဃာတော်တွေအပေါ် စစ်ကောင်စီက ကျူးလွန်ခဲ့တာတွေကို တာဝန်ယူတာမရှိသရွေ့ ကံဆောင်သပိတ်လှုပ်ရှားမှု ဆက်ရှိနေမယ်လို့ ဒီပဲယင်းမြို့နယ် သပိတ်ဦးဆောင် ဆရာတော်တစ်ပါးက RFA ကို မိန့်ပါတယ်။

"သူတို့ ဘာသာ သာသနာအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ အထူးသဖြင့် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးလိုပေါ့။ ဆရာတော် သံဃာတော်တွေ အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအပေါ်မှာ သံဃာထု ကျေနပ်အောင် ပြည်သူထု ကျေနပ်အောင် တာဝန်ယူဆောင်ရွက်မှု မရှိမချင်း အဲဒါ ဦးဇင်းတို့က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ဆက်လက်ဆောင်ရွက်သွားမှာ"

၂ဝ၂၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က သံဃာတော်များ စစ်ကောင်စီကို သပိတ်မှောက်ခဲ့ကြစဉ်။ (Citizen Photo)
၂ဝ၂၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က သံဃာတော်များ စစ်ကောင်စီကို သပိတ်မှောက်ခဲ့ကြစဉ်။ (Citizen Photo)

ပတ္တနိက္ကုဇ္ဇန ကံဆောင်နိုင်တဲ့ အချက်ရှစ်ချက်ရှိပြီး အဲဒီအထဲမှာ ဘုရား၊ တရား၊ သံဃာရဲ့ ဂုဏ်ကျေးဇူးကို ကဲ့ရဲ့ပြောဆိုတာ၊ သံဃာချင်း ဂိုဏ်းကွဲအောင်ပြုလုပ်တာ၊ သံဃာကိုဆဲဆိုတာ၊ အကျိုးမဲ့ ဖြစ်အောင်လုပ်တာ၊ နေမြဲကျောင်းကန်မှာ မနေနိုင်အောင်လုပ်တာ၊ သံဃာတွေကို လဘ်မရအောင်လုပ်တာ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒီရှစ်ချက်ထဲက တစ်ခုခုကိုကျူးလွန်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဆီက ဘယ်အလှူ၀တ္ထုကိုမှ လက်မခံတော့ဘဲ တခြားသံဃာထုကိုလည်း ဒီသတင်းစကားပို့ထားတာကို သပိတ်မှောက်ကံဆောင်တာလို့ အခုလှုပ်ရှားမှုမှာပါဝင်တဲ့ သံဃာတော်တွေက ပြောပါတယ်။

ပတ္တနိက္ကုဇ္ဇနကံဆောင်တာကို အနည်းဆုံး သံဃာလေးပါးနဲ့ စတင်နိုင်ပြီး တခြားသော သံဃာတွေလည်း ဒီသတင်းစကားကို ကြားသိတဲ့အခါ မဖြစ်မနေ လိုက်နာရတယ်လို့ တန့်ဆည်မြို့နယ်က သပိတ်ဦးဆောင်တဲ့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။

"အနည်းဆုံး သံဃာလေးပါးကနေမှ ပတ္တနိက္ကုဇနကံကို ပြုလိုက်တာနဲ့ တစ်ပြိုင်နက် ကျန်တဲ့ ဦးဇင်းတို့ရဲ့ ထေရဝါရဗုဒ္ဓဘာသာ သာသနာအတွင်းမှာ ရှိနေတဲ့ ရဟန်းတွေအားလုံးက လိုက်နာကြရတယ်။ မလိုက်နာလို့ကို မရဘူး။ ဒါက မြတ်စွာဘုရားရှင် ခွင့်ပြုထားတဲ့အတွက် လိုက်ကို လိုက်နာရတယ်။ တကယ်လို့ မလိုက်နာဘူးဆိုလို့ရင် မြတ်စွာဘုရားရဲ့ အာဏာပါတိမောက်ကို ချိုးဖြတ်ရာ ရောက်တယ်။ အဲဒီအတွက် အာပတ်သင့်တယ်။ အာပတ်သင့်တဲ့ရဟန်းသည် ဒုသီလရဟန်းအဖြစ်နဲ့ ဦးဇင်းတို့က သတ်မှတ်လို့ရတယ်ပေါ့"

သံဃာတော်တွေ ကံဆောင်သပိတ်မှောက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

"အာဏာသိမ်းမှုဖြစ်စဉ် မဖြစ်ခဲ့ဘူးဟေ့ဆိုရင် ဆရာတော်ကြီးကလည်း ပျံလွန်တော်မူစရာ အကြောင်းမရှိဘူး။ တခြားသော သံဃာတော်တွေလည်း အကျဉ်းထောင်တွေထဲမှာ ဘာအပြစ်မှမရှိဘဲနဲ့ နှိပ်စက်ခံနေရသေးတယ်"

စစ်ကိုင်းတိုင်းက စတင်လိုက်တဲ့ သပိတ်မှောက်လှုပ်ရှားမှုမှာ တစ်နိုင်ငံလုံးက သံဃာတော်တွေအားလုံး ပူးပေါင်းဝင်လာဖို့ မျှော်လင့်တယ်လို့ ရွှေဝါရောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က မိန့်ပါတယ်။

"သံဃာသုံးသိန်းကျော် အားလုံး ပူးပေါင်းပါဝင်ကြတယ်ဆိုရင်တော့ ထိရောက်မှုအများကြီးရှိပါမယ်။ ဒီဟာရဲ့အပေါ်မှာတော့ ပြည်သူတွေက အားလုံးဝန်းရံကြရမှာပေါ့လေ။ ယနေ့ အာဏာသိမ်းမှုဖြစ်စဉ် မဖြစ်ခဲ့ဘူးဟေ့ဆိုရင် ဆရာတော်ကြီးကလည်း ပျံလွန်တော်မူစရာ အကြောင်းမရှိဘူး။ တခြားသော သံဃာတော်တွေလည်း အကျဉ်းထောင်တွေထဲမှာ ဘာအပြစ်မှမရှိဘဲနဲ့ နှိပ်စက်ခံနေရသေးတယ်။ ဒါကြောင့် ဒါတွေကို အမြန်ဆုံး လွတ်မြောက်ဖို့ ဒီဟာတွေကနေ ပြီးမြောက်ဖို့ဆိုရင် စစ်အာဏာရှင်အောက်က အမြန်ဆုံး လွတ်မြောက်မှပဲဖြစ်မှာပါ"

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီးဟာ ဇွန်လ ၁၉ ရက်နေ့က မန္တလေး တံတားဦးလေဆိပ်က အထွက်မှာ ကားကိုသေနတ်နဲ့ ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့တာပါ။ ဒီကိစ္စကို စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ပစ်ခတ်ခဲ့တာလို့ ကနဦး ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ကားပေါ်မှာ ဆရာတော်ကြီးနဲ့အတူ ပါလာတဲ့ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသက ဒီပစ်ခတ်မှုကို စစ်ကောင်စီတပ်သားတွေ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဇွန်လ ၂၀ ရက်မှာ သံဃာထုကို မိန့်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာမှ စစ်ကောင်စီက သူတို့ရဲ့ ပစ်ခတ်မှုကို ဝန်ခံခဲ့ပြီး ပြန်လည်စိစစ်အရေးယူမဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခဲ့တာကို အလေးအနက် တောင်းပန်ကြောင်း ရေးသားထားတဲ့စာကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင်က တစ်ဆင့် ဆရာတော် ဈာပနကို ဦးစီးဆောင်ရွက်နေတဲ့ သံဃာတော်ကြီးတွေဆီ ဇွန်လ ၂၄ ရက်နေ့မှာ လျှောက်ထားခဲ့ပါတယ်။

ဒီကံဆောင်သပိတ်မှောက်မှုမှာ ဦးဆောင်ပါဝင်တဲ့ သံဃာတော်တွေကတော့ စစ်ကောင်စီကျူးလွန်နေတဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။