ဒီပဲယင်း၊ ကလေးနဲ့ ဆားလင်းကြီးမှာ စစ်တပ်ကြောင့် လူနှစ်သောင်းနီးပါး ထွက်ပြေး
2023.10.01
စစ်ကိုင်းတိုင်း ဒီပဲယင်း၊ ကလေးနဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ စက်တင်ဘာ ၃၀ က အောက်တိုဘာ ၁ ရက်အထိ စစ်ကောင်စီတပ်တွေကြောင့် လူနှစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ် ကျေးရွာ ၁၄ ရွာက ဒေသခံ တစ်သောင်းဝန်းကျင်၊ ဆားလင်းကြီးမြို့နယ် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ တစ်သောင်းနီးပါးနဲ့ ကလေးမြို့နယ် ကျေးရွာသုံးရွာက ဒေသခံ တစ်ထောင်ဝန်းကျင် ထွက်ပြေးခဲ့ရတာပါ။
"ပြည်သူတွေပဲ လတ်တလော တိမ်းရှောင်နေရတဲ့ အခြေအနေပဲ"
အင်အား ၁၀၀ နီးပါရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒီပဲယင်းမြို့ပေါ်ကဆင်းလာပြီး မြို့အနောက်ဘက်ခြမ်းရွာတွေကို စက်တင်ဘာလ ၃၀ ရက်မှာ စစ်ကြောင်းထိုးခဲ့ပါတယ်။
အဲဒီနောက် လက်တီးရွာက လူတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒီပဲယင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“လက်ရှိ နောက်ဆက်တွဲအခြေအနေက သူတို့က အေးသာယာရွာ (ပျံကျရွာ) မှာပဲ နေနေသေးတယ်ပေါ့ဗျာ။ အသတ်ခံရတဲ့ဟာကတော့ မနေ့က သူတို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးတာ့ လက်တီးရွာက ပြည်သူတစ်ယောက်ကို ခေါင်းဖြတ်သတ်ထားတဲ့ Dead Body (ရုပ်အလောင်း) တွေ့ရတယ်။ အဲဒါကတော့ အတည်ပြုလို့ရပါတယ်။ နောက်တစ်ခုက ပြည်သူနှစ်ယောက်ကို ဓားစာခံအနေနဲ့ ဖမ်းသွားတယ်။ သူတို့ နှစ်ယောက်ရဲ့ နောက်ဆက်တွဲ အခြေအနေကို မသိရသေးဘူး။ အရင်နေ့တွေက ပြည်သူတွေပဲ လတ်တလော တိမ်းရှောင်နေရတဲ့ အခြေအနေပဲ။ သူတို့ (စစ်ကြောင်း) ဆက်ပြီးဦးတည်နိုင်တယ်ဆိုရင်တော့ ဦးတည်တဲ့ရွာတွေက ထွက်ပြေးရဦးမှာပေါ့ဗျာ“
ဒီအပြင် မဲသယ်ရွာ၊ ယင်းဒွေး၊ လက်တီး၊ နဘဲလှ၊ နှောကုန်း၊ ခွန်တောင်း၊ ပုဂံ၊ ဝဘာ၊ အင်တန်း၊ တောကျောင်း၊ သပြေသာ၊ ငြိမ်းချမ်း၊ အောင်ချမ်းသာနဲ့ မှန်သာရွာတို့က ဒေသခံ တစ်သောင်းနီးပါး အောက်တိုဘာ ၁ ရက်အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပျံကျရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရုရှားနိုင်ငံထုတ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သူက ပြောပါတယ်။ အထိအခိုက်အသေအဆုံး မသိရသေးဘူးလို့ ဆိုပါတယ်။
ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ဆားလင်းကြီးမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ စစ်သင်္ဘော တစ်စီးနဲ့ ကုန်တင်သင်္ဘောရှစ်စီးက အနီးနားကျေးရွာတွေကို စက်တင်ဘာ ၃၀ ရက်က လက်နက်ကြီး ပစ်ခတ်ခဲ့ပါတယ်။
ဒီအတွက် ကျေးရွာ ၁၀ ရွာက လူတစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မြစ်ကမ်းနား နံဘေးရွာတွေပေါ့။ တော်တော်များများကတော့ သူတို့ လက်နက်ကြီး လှမ်းထုလို့။ ခန့်မှန်းခြေ ၁၀ ရွာ ကျော်ကျော်လောက်ပေါ့။ ပြီးတော့ သူတို့ ထုတဲ့လက်နက်ကြီး Range (အကွာအဝေး) ကလည်း ကျယ်တယ်ဆိုတော့ တခြား မနီးတဲ့ရွာတွေအထိပါ ရောက်တယ်။ စစ်ကြောင်းလာရင်တော့ ကျွန်တော်တို့ အကုန်ရှောင်ရတာပဲဗျ။ ဘာလို့လဲဆိုတော့ မရှောင်လည်း မရှောင်တဲ့သူကို လူလိုသတ်တာမှ မဟုတ်တာ။ သူတို့ကို တိုက်တာက PDF ဒါပေမဲ့ သူတို့ သတ်တာက ကျွန်တော်တို့ မိတဲ့ပြည်သူကိုပဲ သတ်တာ“
စစ်ကောင်စီ ရေယာဉ်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။စစ်ကောင်စီက ဒီရေယာဉ်တွေကို အသုံးပြုပြီး စစ်သည်၊ ရိက္ခာ၊ သစ်နဲ့ ကျောက်မျက်၊ တွင်းထွက် သယံဇာတတွေကို သယ်ယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ သင်္ဘောတွေ ထွက်ခွာသွားတဲ့အတွက် မြစ်ကမ်းနံဘေး ကျေးရွာတွေက ဒေသခံချို့ နေရပ်ပြန်နေကြတယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ်မှာလည်း စက်တင်ဘာ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မွန်ထာရွာ၊ အင်ဒိုင်းကုန်းရွာ၊ စက္ကန့်ရွာတို့က ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်ကတော့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ စစ်ရေးရည်မှန်းချက်နဲ့ နေ့စဉ်နဲ့အမျှ အကြမ်းဖက်မှုတွေကို ကျုးလွန်နေတာလို့ ဝေဖန်ပါတယ်။
"စစ်ကိုင်းတိုင်းက စစ်ကောင်စီကို ခုခံတွန်းလှန်တဲ့ နေရာမှာ ရှေ့ဆုံးကပါတယ်။ တက်တက်ကြွကြွရှိတယ်။ ဦးဆောင်ပြီးတော့ တွန်းလှန်နေတာလည်းရှိတော့ ခုခံတွန်းလှစ်စစ်ကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ စစ်ရေးရည်မှန်းချက် သူတို့ရှိတယ်။ ဖြတ်လေးဖြတ် စစ်ဆင်ရေးလိုမျိုးတွေ အကောင်အထည်ဖော်တာတွေရှိတယ်။ ဖမ်းဆီးရမိတဲ့ ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာမျိုးတွေ တရစပ်လုပ်နေတာရှိတယ်။ တစ်ဖက်က ဘာပြန်ကြည့်လဲဆိုတော့ ဒီလိုမျိုး စစ်ကောင်စီကို တွန်းလှန်တိုင်တာက လူထုရဲ့ ထောက်ခံအားပေးမှု အများဆုံးပါတယ်လို့ သူတို့ ယူဆတယ်။ ဒါကြောင့် စစ်ဆင်ရေးနဲ့ တိုက်ရိုက်မပတ်သက်တဲ့ အရပ်သားတွေ အပေါ်မှာ PDF တွကို စားနပ်ရိက္ခာတို့၊ ငွေကြေး စသဖြင့် မထောက်ပံ့နိုင်အောင် NUG ရဲ့ အုပ်ချုပ်ရေး ယန္တရား ကျန်းမာရေး၊ ပညာရေး အခြေမမကျနိုင်အောင် ဒါမျိုးလုပ်တယ်လို့ ကျွန်တော် မြင်တယ်"
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ ၁ ဒသမ ၆ သန်းကျော်ရှိလာပါပြီ။ အဲဒီထဲက နေရပ်စွန့်ခွာသူ ရှစ်သိန်းကျော် (၈၁၃,၂၀၀ ဦး) ဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။