ဆောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ခုနစ်ဦး သေဆုံး
2024.05.15
မကွေးတိုင်း ဆောမြို့နယ်၊ တောမရွာကို မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးနှစ်ဦးနဲ့ အမျိုးသမီးတွေအပါအဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး လေးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၇၈ နှစ်အရွယ် ဒေါ်မစန်း၊ ၇၅ နှစ်အရွယ် ဒေါ်ခင်စန်းအေး၊ ၅၅ နှစ်အရွယ် ဒေါ်ကြင်သန်း၊ ၃၇ နှစ်အရွယ် ကိုနေလင်းဇော်၊ ၄၂ နှစ်အရွယ် ဦအောင်ရွှေ၊ ၁၁ နှစ်အရွယ် မောင်အောင်ပြည့်ရွှန်းနဲ့ ရှစ်လသားအရွယ်တစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
"ကျေးရွာတွေလည်း စိုးရိမ်ရတဲ့အခြေအနေကို တော်တော်ကြီးကို ဆိုးရွားနေပါပြီ ကျွန်တော်တို့ ဆောမြို့နယ်ထဲမှာ"
ဆောမြို့နဲ့ ဆယ်မိုင်ခန့်ဝေးတဲ့ အဲဒီရွာထဲကို ဂျက်တိုက်လေယာဉ်နဲ့ဗုံးကြဲပြီး ပစ်ခတ်ခဲ့တာကြောင့် အခုလို ထိခိုက် သေဆုံးခဲ့တာလို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဘာမှ စစ်ကြောင်းတွေ ဘာတွေ ရှိတာမဟုတ်ဘဲနဲ့ တောမရွာလေးကို လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာ။ ကျေးရွာသူ၊ ကျေးရွာသား ခုနစ်ယောက်သေသွားတယ်။ ဂျက်ဖိုက်တာအပြာရောင်ပေါ့နော် ကျွန်တော်တို့ တွေ့လိုက်တယ်။ အသံတွေလည်း ကြားလိုက်တယ်။ ကျေးရွာတွေလည်း စိုးရိမ်ရတဲ့အခြေအနေကို တော်တော်ကြီးကို ဆိုးရွားနေပါပြီ ကျွန်တော်တို့ ဆောမြို့နယ်ထဲမှာ"
ဒီပစ်ခတ်မှုကြောင့် နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးသူတွေကို ညတွင်းချင်းသင်္ဂြိုဟ်ခဲ့ရသလို ဒဏ်ရာရသူတွေကို ဆေးဝါးကုသမှုပေးနေရတယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ ရွာခံတွေကို ဝေလချင်းအဖွဲ့က ကူညီထောက်ပံ့ဖို့ဆိုပြီး လူစုဝေးနေချိန် လာရောက်ပစ်ခတ်ခဲ့တာလို့ RFA ကို ပြောပါတယ်။
"ဝေလချင်းအဖွဲ့ကနေ ထောက်ပံ့ရေးတွေပေးတာပေါ့ ဆောမြို့နယ်၊ တောမရွာကို။ အဲဒါတွေက စစ်ဘေးသင့် ပြည်သူတွေကို အဓိကထားပြီးတော့မှ ဝေတာ။ ဝေတဲ့အချိန်မှာ ဘာသတင်းရလို့ ပစ်တာလဲတော့မသိဘူး အပစ်ခံရတာ။ လူစုလူဝေး ဖြစ်သွားတဲ့အချိန်မျိုး ဖြစ်သွားတာပေါ့လေ"
ကာကွယ်ရေးအဖွဲ့တွေအားကောင်းတဲ့ ဒီဒေသမှာ မြို့သိမ်းတိုက်ပွဲလုပ်လာမှာကို မလိုလားတာကြောင့် အခုလို လေကြောင်းနဲ့ပစ်ခတ်နေတာလို့ ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စည်းရုံးရေးတာဝန်ခံက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်ဆိုတဲ့ ဂန့်ဂေါခရိုင် သုံးမြို့နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ဆိုပြီးမှ ကြိုးစားနေတယ်။ စစ်ကောင်စီကလည်း ဒါတွေကို လုံးလုံးမကျေနပ်ဘူး။ ဒါကြောင့်မို့ PDF စခန်းတွေ၊ PDF တွေ၊ ပကဖတွေ၊ ပအဖတွေ စည်းဝေးတဲ့နေရာတွေကို လူစုတဲ့နေရာတွေကို လိုက်လံပြီးမှပစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်"
အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ တိုက်ခိုက်တာဟာ စစ်စည်းကမ်း၊ စစ်ဥပဒေနဲ့ မညီတာကြောင့် ဒီအပေါ် ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။
ဆောက ဒေသခံတစ်ဦးကလည်း ကျေးရွာတွေကို မကြာခဏ လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် စိုးရိမ်ကြောက်လန့်နေရတယ်လို့ RFA ကို ပြောပါတယ်။
"အဲဒီလိုသာ သူတို့ စစ်ရေးတိုက်ခိုက်မှုမရှိဘဲနဲ့ ရွာတွေကို ချတဲ့အတွက်ကတော့ ပြည်သူတွေအနေနဲ့ကတော့ လေယာဉ်သံကြားရင်ကို ထိတ်လန့်ချောက်ချားနေတော့တာပေါ့။ စိုးရိမ်မှုအားများတာပေါ့။ ဘယ်အချိန်များ ကိုယ့်ကိုချမလဲဆိုတဲ့ သဘောလေးနဲ့ စိုးရိမ်စိတ်တွေ များတာပေါ့"
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
မေလ ၉ ရက်နေ့ကလည်း ဆောမြို့နယ် အကြည်ပန်းပလွန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၁၆ ဦးသေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအထိ သေဆုံးသူစုစုပေါင်း ၃၉၇ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၈၈၉ ဦးရှိပါတယ်။