ရခိုင်ပြည်နယ်ကို ဆေးသယ်ခွင့်ပိတ်ထားလို့ မသေသင့်ဘဲ သေဆုံးသူတွေများလာ

RFA Burmese
2024.10.09
ရခိုင်ပြည်နယ်ကို ဆေးသယ်ခွင့်ပိတ်ထားလို့ မသေသင့်ဘဲ သေဆုံးသူတွေများလာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ ဆေးဆိုင်တစ်ခုကို ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းက စစ်ဆေးမှုများ လုပ်နေစဉ်။
MOI Photo

လူဦးရေ သုံးသန်းကျော်နေထိုင်တဲ့ ရခိုင်ပြည်နယ်ကို စစ်ကောင်စီတပ်က ဆေးဝါးတင်သွင်းခွင့် ပိတ်ထားလို့ အချိန်မီဆေးမရတဲ့အတွက် မသေသင့်ဘဲ သေဆုံးတာတွေ များနေတယ်လို့ ဆရာဝန်တွေနဲ့ ဒေသခံတွေ က RFA ကို ပြောပါတယ်။

"ဆေးဆိုတာနဲ့ လုံးဝကို မရတာ။ လေဆိပ်မှာကတည်းက စစ်တယ်"

နာတာရှည်ရောဂါသည်တွေမှာ သောက်နေကျဆေး မရလို့သေဆုံးရတဲ့အပြင်၊ အရေးပေါ်လူနာတွေနဲ့ ကလေးတွေ သေဆုံးတာလည်း များနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက RFA ကို ပြောပါတယ်။

“ဆေးဝါးပြတ်လို့ သေဆုံးတဲ့ လူတွေကတော့ ပြောမယ်ဆိုရင် အများကြီးပေါ့ဗျာ။ HIV ရောဂါသမားတွေ၊ တီဘီ ရောဂါသမားတွေ၊ ရောဂါကြီးနဲ့ ဆေးဝါးအကြာကြီး သောက်နေရတဲ့သူတွေ အခု ဆေးသောက်နိုင်ဖို့ မလွယ်ဘူးပေါ့နော်။ ဆေးဝါးပြတ်လပ်မှုဒဏ်ရယ်၊ နောက်ပြီးတော့ နာတာရှည်ရောဂါကြီးတွေပေါ့။ ကျောက်ကပ်၊ နှလုံးရောဂါသမားတွေက ပုံမှန်မပြနိုင်ဘူးပေါ့။ ဆိုတော့ နာတာရှည်ရောဂါသမားတွေကတော့ တဖြည်းဖြည်းနဲ့ အသက်ဆုံးရှုံးသွားတာတွေကတော့ အများကြီးပေါ့နော်”

ဘယ်မြို့နယ်မှာ ဘယ်နှစ်ယောက် သေဆုံးတယ်ဆိုတာကိုတော့ စစ်ဖြစ်နေတဲ့အချိန်ဖြစ်လို့ အတိအကျ မပြောနိုင်ပေမဲ့ သေဆုံးတဲ့အရေအတွက် အတော်များတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဆေးရုံတွေ တော်တော်များများ ပျက်စီးသွားသလို၊ ဆေးတွေရော၊ ဆေးရုံသုံးပစ္စည်းတွေပါ ပျက်စီးတဲ့အတွက် ကုသဖို့ခက်ခဲနေတယ်လို့လည်း ပြောပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မွေးကင်းစကလေးတွေလည်း ကာကွယ်ဆေးတွေ မထိုးနိုင်တော့လို့ စိုးရိမ်စရာကောင်းနေပြီလို့ ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

ရခိုင်တင်ပို့မဲ့ စားသုံးကုန်တွေကို စစ်ကောင်စီ ပစ်မှတ်ထား ဖမ်းဆီးနေ

စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုကြောင့် ပလက်၀နဲ့ ဆမီးမြို့ခံတွေ မြို့ကိုစွန့်ခွာ

စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးပြတ်လပ်မှုဒဏ် ဆိုးရွားစွာ ရင်ဆိုင်နေရ


ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲစဖြစ်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ ပြည်မနဲ့ ဆက်သွယ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာပါ။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ဦးလှသိန်းကို RFA က တယ်လီဖုန်းဆက်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်တွေ၊ ကျောက်ဖြူ သွားမယ့်ခရီးသည်တွေကို ရန်ကုန်လေဆိပ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး ဆေးဆိုရင် ယူခွင့်မပေးတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။

“စစ်တွေဘက်ကိုတောင် ဆေးတွေသယ်လို့မရဘူး။ ကလေးဒိုင်ပါ (အောက်ခံဘောင်းဘီ) တွေလည်း မရဘူး။ ဆေးဆိုတာနဲ့ လုံးဝကို မရတာ။ လေဆိပ်မှာကတည်းက စစ်တယ်။ ဆေးတွေတွေ့ပြီဆိုရင် နောက်ကြောင်းတွေစစ်တယ်။ ဘာလုပ်လဲ။ ဒါက ဘာအတွက်လဲ။ တင်လို့မရဘူးဆိုတာ မသိဘူးလား အဲဒီလိုမျိုး စစ်တာတွေရှိတာပေါ့”

ကျောက်တော်မြို့နယ်၊ ထိပ်ဝပြင်ရွာမှာဆိုရင် ဒီရက်ပိုင်းအတွင်းမှာပဲ နှစ်လအရွယ် ကလေးတစ်ယောက်နဲ့ နှလုံးရောဂါသည်တစ်ယောက် ဆေးမရလို့ သေဆုံးသွားတယ်လို့ ရွာခံအမျိုးသမီး တစ်ဦးက RFA ကို ပြောပါတယ်။

“ဟိုတလောကတောင် ရွာကလူကြီးတစ်ယောက် သေဆုံးသွားတယ်။ သူက နာတာရှည်ရောဂါသည်။ ဆေးပြတ်ပြီး သေဆုံးသွားတာပေါ့။ ပြီးရင် မွေးကင်းစ ကလေးတစ်ဦးလည်း မွေးတုန်းကတော့ အကောင်းပေါ့။ နှစ်လလောက်ကြာတော့ ကလေးက နေမကောင်းဖြစ်တယ်။ မျက်နှာက ပြာနှမ်းပြီး ဖြစ်လာတယ်။ ဆေးရုံကိုရောက်တော့ အောက်ဆီဂျင်က ချက်ချင်းရှာလို့ မရဘူး။ အဲဒီလိုမျိုး အခြေအနေမှာ အသက်ဆုံးရှုံးသွားတယ်”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ အဆက်မပြတ် ပြင်းထန်နေတဲ့အပြင်၊ လူသားချင်းစာနာမှု အကူအညီ ပေးခွင့်တွေ တားမြစ်ကန့်သတ်ခံနေရတဲ့အတွက် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောဒေသတွေမှာ လုပ်ငန်းတွေ ရပ်နားထားမယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF က ဇွန်လ ၂၇ ရက်နေ့မှာ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကနေ အခုနှစ် မတ်လအထိ လေးလအတွင်း ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနဲ့ သန္ဓေသားသေဆုံးမှု ၉ ခုရှိခဲ့တယ်လို့ MSF က ဇွန်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဆေးဝါးနဲ့ စားသောက်ကုန်ပစ္စည်းတွေ ပြတ်လပ်နေတာ အတော့်ကို စိုးရိမ်စရာကောင်းတာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ရတဲ့လမ်းကြောင်းကနေ အကူအညီပေးဖို့ လိုအပ်နေတယ်လို့ ဆရာဝန်တွေနဲ့ ရခိုင်ဒေသခံတွေက ထောက်ပြပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံ။ (RFA Photo)
၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံ။ (RFA Photo)

အခုလို ပိတ်ဆို့နေတဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ဟာ ရာဇဝတ်မှုဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့ လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ထောက်ပြပါတယ်။

“စစ်ကောင်စီကတော့ သူတို့ကို ဆန့်ကျင်တဲ့လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လက်အောက်မှာ ရှိနေတဲ့ အရပ်သား ပြည်သူတွေကို ဖိအားတစ်ခုပေးတဲ့ သဘောဖြစ်တာပေါ့နော်။ ပြည်သူတွေကို အခုလိုမျိုး ဖိအားပေး၊ ကျူးလွန်တဲ့အရာကတော့ ဘယ်လိုမှ လက်ခံလို့ရတဲ့အရာ မဟုတ်ဘူး။ ဒါက ရာဇဝတ်မှုဖြစ်တယ်။ အခုလို ဆေးဝါးတွေပြတ်လပ်ရင် လူ့အသက်တွေ မသေသင့်ဘဲ သေကြရမှာပေါ့”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတာ ဆယ်လလောက် ရှိနေပြီဖြစ်ပါတယ်။ ဒီကာလအတွင်း ရခိုင်ပြည်နယ်မှာရှိတဲ့ ၁၇ မြို့နယ်ထဲက ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ်ထဲက ပလက်၀မြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။ မောင်တော၊ ဂွနဲ့ အမ်းမြို့နယ်တွေမှာလည်း တိုက်ပွဲတွေရှိနေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်ရဖို့ လိုအပ်တာတွေ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်နေ့ တောင်ကြီးမြို့ ခရီးစဉ်မှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။