ရွှေလီနဲ့ ကျယ်ဂေါင်မှာ အထောက်အထားမဲ့ မြန်မာတွေ ဆက်တိုက်ဖမ်းဆီးခံနေရ
2025.03.13

တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်မြို့မှာ အထောက်အထားမဲ့ နေထိုင်နေသူတွေနဲ့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲတပ်ဖွဲ့က နေ့စဉ်ဖမ်းဆီးနေတယ်လို့ အဲဒီမြို့တွေမှာ အလုပ် လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လဆန်းပိုင်းမှာ ခပ်စိပ်စိပ် ဖမ်းဆီးလာပြီး တစ်ရက်ကို မြန်မာနိုင်ငံသား အနည်းဆုံး အယောက် သုံးဆယ် နီးပါး ဖမ်းဆီးခံရနိုင်တယ်လို့ ဆိုပါတယ်။
အဖမ်းခံရသူတွေကို ရွှေလီနဲ့ ရင်ကျန်းမြို့က အကျဉ်းထောင်တွေဆီ ပို့ဆောင်နေပြီး တချို့ကို နှစ်အကန့်အသတ်နဲ့ ပြည်နှင်ဒဏ်ပေးနေတာကြောင့် စိုးရိမ်နေရတာလို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။
“အဖမ်းအဆီးကတော့ နေ့တိုင်းလိုလိုကို ရှိနေတာဗျ။ တအားကြမ်းတာနဲ့ မကြမ်းတာပဲကွာတာ။ အရင် စောစောရက်ပိုင်းတွေတုန်းကဆို တအားဖမ်းတယ်ဗျ"
နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် သက်တမ်းကုန်နေချိန်ဖြစ်လို့ စက်ရုံထဲကနေ အပြင်မထွက်ရဘူးလို့ စစ်ကိုင်း တိုင်း၊ ပုလဲမြို့ကနေ ရွှေလီမြို့မှာရှိတဲ့ အရုပ်စက်ရုံမှာ အလုပ်လုပ်နေသူ ကိုဝင်းနိုင်က RFA ကို ပြောပါတယ်။
“အဖမ်းအဆီးကတော့ နေ့တိုင်းလိုလိုကို ရှိနေတာဗျ။ တအားကြမ်းတာနဲ့ မကြမ်းတာပဲကွာတာ။ အရင် စောစောရက်ပိုင်းတွေတုန်းကဆို တအားဖမ်းတယ်ဗျ။ ကျွန်တော်တို့ကတော့ စက်ရုံထဲနေတာဆိုတော့ စက်ရုံထဲကတော့ တအား မကြောက်ရဘူးပေါ့ဗျာနော်။ ဒါပေမဲ့ အပြင်လုံးဝထွက်လို့မရဘူး။ ထွက်လို့ရှိရင် တရုတ်ရဲကဖမ်းမှာ။ တရားဝင်တော့ ကျွန်တော်တို့မှာ ပတ်စ်ပို့မရှိဘူး။ ဒီလိုပဲ ကြည့်နေရတာပေါ့ဗျာ”
ကိုဝင်းနိုင်ဟာ ပုလဲမြို့ဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ အလုပ်အကိုင်အဆင်ပြေတာကြောင့် ရွှေလီမှာ အလုပ်လုပ် ဖို့ ဇနီးနဲ့ သားသမီး သုံးယောက်ကိုခေါ်ပြီး မူဆယ်ဘက်ကိုထွက်လာတာ တစ်နှစ်နီးပါးရှိပြီလို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းမှာ ရွှေလီက အရုပ်စက်ရုံတစ်ခုမှာ အလုပ်ရတာကြောင့် ဇနီးနဲ့ သားသမီးတွေကို မူဆယ်မြို့မှာထားခဲ့ပြီး တစ်ခါသုံးနယ်စပ်ဖြတ်သန်းခွင့်ကတ်နဲ့ အလုပ်ကို အသွားအပြန်လုပ်ပါတယ်။
ဆက်နွှယ်သောသတင်းများ
တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်မှာ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ
ဆုပ်လည်းစူး စားလည်းရူးဖြစ်နေတဲ့ တရုတ်ပြည်သွားဖို့မျှော်လင့်နေတဲ့ မြန်မာလူငယ်များ
တရုတ်ပြည်မှာအလုပ်လုပ်ဖို့ မူဆယ်မှာ စောင့်နေသူတွေကို ပြန်လွှတ်နေ
အဲဒီစက်ရုံမှာ တစ်လကို တရုတ်ယွမ် ၁၅၀၀ ( ကျပ်ငွေကိုးသိန်းခန့်) ရနေပြီး မိသားစုအတွက် အဆင်ပြေနေတာ ကြောင့် အခုအချိန်မှာ အဖမ်းခံရမှာကို စိုးရိမ်တယ်လို့ ကိုဝင်းနိုင်က ပြောပါတယ်။
မြန်မာအများစုရှိတဲ့ ထိုက်လီဈေးနဲ့ ဝှဖုန်းစျေးအပါအဝင် နေရာအများအပြားမှာ နေ့စဉ်ဖမ်းဆီးနေတာလို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ခံ ကိုဒီဒီး က RFA ကို ပြောပါတယ်။
“ရပ်ကွက်တော်တော်များများမှာ စစ်နေတာပဲ။ ဗမာတွေနေတဲ့နေရာဆို ပိုစစ်တယ်။ မြန်မာနိုင်ငံသားတွေက တစ်ပတ်ကတ်ရယ် ပြီးရင်စာအုပ်အဟောင်းလေ၊ တံဆိပ်တုံးထုရတဲ့ စာအုပ်အနီအဟောင်းတွေ ကိုင်ကြတာများတယ်။ အဲကျတော့ လမ်းသွားလမ်းလာတွေ အိမ်တွေမှာဝင်စစ်တယ်။ ပြီးကျရင် အိမ်တွေမှာစစ်တယ်။ စက်ရုံ အနီးအနား ပတ်ဝန်းကျင်မှာဆိုရင် စက်ရုံက QR ကုတ်ပါတဲ့ ထောက်ခံစာပေးထားတယ်။ QR ကုတ်မပါရင် တန်းပြီးတော့ ဆွဲပြီးတော့မှ ဗမာပြည်ပြန်ပို့တာပေါ့။ တစ်ရက် တစ်ရက်ကို သုံး လေးဆယ်လောက်တော့ ရှိမယ် ထင်တယ် သုံး လေးဆယ်လောက်တော့ သူတို့ဖမ်းနေတာပဲ”
တစ်ခါသုံး နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဟာ တရုတ်နိုင်ငံထဲမှာ ခြောက်ညအိပ် ခုနစ်ရက်သာ နေထိုင်ခွင့်ရှိပြီး သက်တမ်းကုန်ရင် မူဆယ်မြို့ကိုပြန်ပြီး လက်မှတ်အသစ်လုပ်ရပါတယ်။
တရုတ်နိုင်ငံထဲဝင်ဖို့ မူဆယ်နယ်စပ်မှာ လူဦးရေတစ်သောင်းနီးပါး နေ့စဉ်စောင့်ဆိုင်းနေပြီး နှစ်နိုင်ငံစလုံးက တစ်ရက်ကို လူဦးရေ ခုနစ်ရာနီးပါးသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးကြတာပါ။
ကျယ်ဂေါင်မြို့က စက်ရုံတွေမှာလည်း အလှည့်ကျဝင်ဖမ်းနေသလို လမ်းပေါ်မှာသွားနေတဲ့ မြန်မာတွေပါ ဖမ်းဆီးခံရတာရှိတယ်လို့ ကျယ်ဂေါင်မြို့က စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါ တယ်။
“ရဲကားတွေက ပတ်သွားနေတာ ဈေးဘက်တွေ ဘာတွေမှာ ပတ်သွားနေတာ။ တစ်ခါတလေဆို ဆိုင်ကယ်တွေ ဘာတွေဆိုလည်း တားပြီးဖမ်းတာရှိတယ်။ အတင်းလိုက်ဖမ်းနေတဲ့ ပုံစံမျိုး။ ဒီဘက်ကမြန်မာတွေက ဆိုင်ကယ် တွေ ဘာတွေနဲ့သွားတော့လေ။ တက္ကစီတွေဘာတွေနဲ့သွားရင်တော့ ရှောင်ပေးကြတယ် တက္ကစီသမားတွေက”
ရွှေလီနဲ့ ကျယ်ဂေါင်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာဟာ အရင်က ပုံမှန်လိုဖြစ်ခဲ့ပေမဲ့ မတ်လဆန်းပိုင်းက တရုတ်အထည်ချုပ်စက်ရုံမှာ မြန်မာနိုင်ငံသားငါးရာကျော် ဆန္ဒပြမှုဖြစ်ပြီးနောက်ပိုင်း အရင်ထက် ပိုဖမ်းဆီးလာတာလို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို ထောင်ဒဏ်တစ်လကနေ နှစ်နဲ့ချီပြီးအပြစ်ပေးသလို ပြည်ဝင်ခွင့်ပိတ်ခံရတာလည်း ရှိတယ်လို့ မူဆယ်နယ်စပ်မှာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အရင်တုန်းကလို ဆီးစစ်တာတွေ ဘာတွေ မဟုတ်တော့ဘူး။ ဆံပင်ကိုဖြတ်ပြီးတော့ DNA စစ်လိုက်တာ။ မူးယစ် ဆေးသုံးတယ်လို့ မသင်္ကာရင် အဲဒီလူကိုတော့မဖမ်းဘူး။ စာအုပ်ကိုပိတ်သိမ်းပြီးတော့ သူတို့ရဲ့ဒေတာမှာ စာအုပ်ကို တစ်နှစ်ပြည်ဝင်ခွင့်ပိတ်သိမ်းသည်၊ နှစ်နှစ်ပြည်ဝင်ခွင့်ပိတ်သည် အဲလောက်ပဲ။ တချို့ခိုးဝင်တဲ့သူဆိုရင် သုံးနှစ်။ တချို့ဆိုလည်း တစ်ပတ်ဆယ်ရက် တစ်လပေါ့ဗျာ။ ရွှေလီထောင်မှာ ရင်ကျန်းထောင်မှာ ပို့လိုက်တယ်။ သူတို့ စစ်တယ်ဆေးတယ်ပြီးရင် ပြန်ပို့လိုက်တယ်။ အခုငါးနှစ် ခြောက်နှစ်ဆိုတာတွေက အခုမတ်လဆန်း ဆန္ဒပြမှုမှာ ဖြစ်လာတာ မိန်းကလေးတွေများတယ်။ ငါးနှစ်ပိတ်ခံရတယ်”
ပြည်နှင်ဒဏ်ပေးခံရပြီး မူဆယ်ကို ပြန်ရောက်လာသူတွေဟာ တရားဝင်နယ်စပ်ဂိတ်ဝင်တွေကနေ ပြန်သွားလို့ မရတာကြောင့် ခိုးပေါက်တွေကနေ တစ်ယောက်ကို မြန်မာငွေကျပ် သိန်းနှစ်ဆယ်ကျော်ပေးပြီး တရုတ်နိုင်ငံထဲ ပြန်ဝင်ကြတယ်လို့ ဆိုပါတယ်။
အဲလို အထောက်အထားမရှိသူတွေကို မြို့အစွန် စိုက်ပျိုးရေးခြံရှင်တွေက အလုပ်ပြန်ပေးလေ့ရှိတာကြောင့် တရုတ် ရဲတပ်ဖွဲ့ကလည်း စိုက်ပျိုးရေးခြံတွေနဲ့ နယ်စပ်ခိုးပေါက်လမ်းကြောင်းတွေကို ပိုပစ်မှတ်ထားဖမ်းလာ တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားအရေအတွက်ကိုတော့အလုပ်သမားရေး ကူညီနေသူတွေအနေနဲ့ တိတိကျကျ မသိရသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ရွှေလီနဲ့ ကျယ်ဂေါင်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးနေတယ်ဆိုတဲ့အပေါ် ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် မတ်လ ၁၀ ရက်နေ့ကတည်းက ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည်မဖြေဆိုပါဘူး။
အလားတူ ယူနန်ပြည်နယ်မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လည်း ပြန်လည်ဖြေဆိုတာမရှိပါဘူး။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကစလို့ တရုတ်နိုင်ငံက ကြံခုတ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ စက်ရုံနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေအတွက် တရုတ်လုပ်ငန်းရှင်တွေရဲ့အာမခံချက်နဲ့ မြန်မာလုပ်သားတွေကိုခေါ်ယူခဲ့သလို တရုတ် အာဏာပိုင်တွေကလည်း နားလည်မှုနဲ့ နေထိုင်အလုပ်လုပ်ခွင့် ပေးထားတာလို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
ဒါပေမဲ့ မတ်လဆန်းပိုင်းကစပြီး အလုပ်ရုံတစ်ခုနဲ့တစ်ခု အချိန်းအပြောင်းလုပ်တာကို တရုတ်လုပ်ငန်းရှင်တွေက ခွင့်မပြုတော့သလို ပွဲစားကနေ အလုပ်သမားခေါ်ယူတာတွေကိုလည်း လျှော့လိုက်တယ်လို့ ရွှေလီမှာရှိတဲ့ မြန်မာ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။