စင်ကာပူရောက် စစ်ကောင်စီ ဆန့်ကျင်သူတွေ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရ
2023.10.24
စင်ကာပူက မြန်မာတွေဟာ အာဏာသိမ်းတာကိုဆန့်ကျင်ရာမှာ တက်ကြွတယ်လို့ နာမည်ရသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ စင်ကာပူမှာ စစ်ကောင်စီကိုထောက်ခံတဲ့ အင်အားစုတွေလည်း ရှိနေကြပါတယ်။
စစ်အစိုးရအဆက်ဆက် စစ်တပ်ထောက်ခံသူတွေရဲ့ငွေနဲ့ စီးပွားရေးလုပ်ငန်းတွေ စင်ကာပူနိုင်ငံမှာရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အထောက်အထားခိုင်ခိုင်မာမာနဲ့တော့ မပြသနိုင်ပါဘူး။
အခု ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံအနှံ့မှာရှိနေပါတယ်။ စင်ကာပူမှာရောက်နေသူတွေလည်း စစ်ကောင်စီကို ကန့်ကွက်တဲ့ထဲမှာ ထိပ်တန်းက ပါ၀င်လာပြီး စင်ကာပူရောက် မြန်မာနိုင်ငံသားတွေရဲ့ စစ်အာဏာရှင်တော်လှန်ရေးကို ထောက်ပံ့မှုဟာ ထင်ထင်ရှားရှား မြင်တွေ့လာရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကစလို့ စင်ကာပူမှာရှိတဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ နိုင်ငံကူးလက်မှတ်တွေ ဖျက်သိမ်းတယ်ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။
ခရီးသွားဖို့ လေဆိပ်ရောက်မှ နိုင်ငံကူးလက်မှတ်ဖျက်သိမ်းခံရကြောင်း သိရတယ်လို့ မမေကျော်စိုးညွန့်က ပြောပါတယ်။
“လေဆိပ်ရောက်မှ ထွက်လို့မရဘဲ လေဆိပ်က မင်း နိုင်ငံကူးလက်မှတ် (Passport) က တရား၀င်မဖြစ်တော့ဘူးတဲ့။ စာအုပ်မှာ အချိန်ရှိသေးတယ်လို့ပြောတော့ မင်းစာအုပ်မှာအချိန်ရှိပေမဲ့ ဒီနံပါတ်ကတရား၀င်မဟုတ်တော့ဘူး၊ သုံးလို့မရတော့ဘူးလို့ ပြောတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ ဂျိုဟိုး (မလေးရှား)ဘက်ကို ကူးသွားသေးတာ ဘာမှပြဿနာမရှိပါဘူးလို့ပြောတော့ မဟုတ်ဘူးတဲ့၊ နင်တို့သံရုံးကပဲ လုပ်တာပါလို့ပြောတယ်”
သူ့လိုပဲ အလားတူနိုင်ငံကူးလက်မှတ်ဖျက်သိမ်းခံရသူ သုံးလေးဦးလောက်ရှိတယ်လို့လည်း ပြောပါတယ်။
နိုင်ငံကူးလက်မှတ်ဖျက်သိမ်းခံရပြီး လုံခြုံရေးအရ အမည်မဖော်လိုသူ နောက်တစ်ဦးကတော့ လက်မှတ်ဖျက်သိမ်းခံရသူ ထင်ထားတာထက် ပိုများတယ်လို့ပြောပေမဲ့ အရေအတွက် အတိအကျမသိရပါဘူး။
“အများကြီးပဲဗျ၊ ခုနတင်ပဲ ရတဲ့သတင်းအရ ထောက်ပို့လုပ်တဲ့သူ နာမည်စာရင်းကို စကစ ကို ပို့ပေးတဲ့ သူတွေရှိနေတယ်။ ဟုတ်တာမဟုတ်တာ အသာထား အဲ့ဒီဟန်ငြိမ်းဦးလို ဒလန်တွေက နာမည်စာရင်းပို့လို့ ပါသွားရင်ခံရတာပဲ။”
တချို့ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရသူတွေဟာ စင်ကာပူကနေ တခြားနိုင်ငံကိုပြန်လာချိန်မှ သိရှိပြီး စင်ကာပူကို ၀င်ခွင့်မရတာလည်းရှိတယ်လို့ ပြောဆိုတာတွေရှိပေမဲ့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရတာနဲ့ ပတ်သက်ပြီး မြန်မာသံရုံးကို မေးမြန်းခဲ့တာလည်းရှိတယ်လို့ စင်ကာပူမှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတစ်ဦးကလည်း ပြောပါတယ်။
“တချို့တွေက သံရုံးကို မေးကြည့်တော့ သူတို့ကိုညွှန်ကြားထားတာ မရှိပါဘူးလို့ပြောတယ်။ သံရုံးကို မညွှန်ကြားဘဲ စကစက ဒီက လ၀ကကို ညွှန်ကြားနေသလားဆိုတာ စဥ်းစားစရာရှိတယ်။ အခုလက်ရှိအချိန်မှာ သံရုံးမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့သူတွေ တိုးလို့ရနေသေးတယ်။ သူတို့ကပဲ နိုင်ငံရေးကိစ္စနဲ့ပတ်သက်ပြီး နာမည်ထွက်တဲ့သူတွေမဟုတ်လို့လားတော့ မသိဘူး”
အခုလို မြန်မာ့အရေးလှုပ်ရှားသူတွေကို စစ်ကောင်စီက အရေးယူနေတာတွေရှိသလို မြန်မာ့အရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး စင်ကာပူရဲကို တိုင်တန်းတာမျိုးတွေလည်းရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရသူ မမေကျော်စိုးညွန့်ကိုယ်တိုင်က နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေကံစမ်းမဲ ရောင်းတာကြောင့် ရဲစခန်းကို ရောက်ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
“ကျွန်မက ဆိုင်ဖွင့်ပါတယ်။ အဲဒီမှာ မဲလုပ်တာ တကယ့်တကယ်ကျတော့ တရား၀င်လုပ်ခွင့်မရှိဘူး။ ကျွန်မလုပ်တော့ ရဲစခန်းကိုရောက်ရော။ သူတို့ပြောတယ် ဘယ်ပြဿနာကိုမှ အကျယ်အကျယ်မဖြစ်စေချင်ဘူးတဲ့။ မြန်မာလူမျိုးတွေ ဘယ်လိုခံစားနေရသလဲဆိုတာ ကိုယ်ချင်းစာပါတယ်လို့လည်းပြောတယ်။ ကျွန်မကလည်း တောင်းပန်ပြီးတော့ ကိစ္စပြီးသွားတယ်”
အခုလို စင်ကာပူမှာ နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲလုပ်တာတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေ မကြာခဏဖြစ်ပြီး ဒါဟာ စစ်ကောင်စီကို လိုလားသူတွေက တိုင်တာလို့ မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
အခုလို နိုင်ငံကူးလက်မှတ် ဖျက်သိမ်းနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုကို ဆက်သွယ်ခဲ့ပေမဲ့ ၀န်ကြီးနဲ့တွေ့ဆုံနေလို့ မအားပါဟု ညွှန်ကြားရေးမှူးချုပ်ရဲ့ ကိုယ်ရေးအရာရှိက ပြောပါတယ်။
စစ်ကောင်စီဟာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေကို အရေးယူနေတာဟာ အကြောက်တရားရအောင် ခြောက်နေတာဖြစ်ပြီး အရေးယူခံရသူတွေကတော့ နောက်ဆုတ်မှာမဟုတ်ဘူးလို့ နိုင်ငံကူးလက်မှတ်ဖျက်သိမ်းခံရသူတစ်ဦးက ပြောပါတယ်။
“ပြောရရင်တော့ လမ်းစပျောက်အောင်သူတို့လုပ်နေတာဘဲ။ နည်းမျိုးစုံနဲ့ ဖျက်လိုဖျက်ဆီးလုပ်နေတာပဲ။ ဒီကလူတွေကလဲ သိတယ်။ နည်းနည်းပြော များများလုပ်ဖို့ပဲ လိုတယ်။ ဒီလိုအလုပ်ခံရလို့ အင်အားတော့ နည်းချင်နည်းသွားမယ်၊ လုပ်တာတော့ ဆက်လုပ်နေကြမှာပဲ”
စင်ကာပူမှာ နေထိုင်သူ မြန်မာနိုင်ငံသားတွေဟာ တရား၀င်အလုပ်လုပ်ခွင့်ပါမစ်နဲ့ နေထိုင်သူများပါတယ်။ အမြဲတမ်းနေထိုင်ခွင့်နဲ့နေသူ၊ အမြဲတမ်းနေထိုင်ခွင့်ကတစ်ဆင့် စင်ကာပူနိုင်ငံသားဖြစ်သွားတဲ့ မြန်မာတွေလည်း ရှိနေပါတယ်။