လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေမြို့နယ်အနီးဝန်းကျင်က ဒေသခံတွေ ထွက်ပြေးရ

RFA Burmese
2025.01.31
လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေမြို့နယ်အနီးဝန်းကျင်က ဒေသခံတွေ ထွက်ပြေးရ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အနီးမှ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Wai Hun Aung Photo

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ အခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှု အရှိန်မြင့်တက်လာသလို အပြန်အလှန်ပစ်ခတ်မှုတွေလည်း များလာတာကြောင့် စစ်တွေမြို့နယ်နဲ့ အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံ တစ်ထောင်ထက်မနည်း ဘေးလွတ်ရာကို ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားတာ မရှိသေးပေမဲ့ လက်နက်ကြီးတွေ ကျေးရွာထဲကို ကျရောက်ပေါက်ကွဲတာ၊ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်တာ၊ စနိုက်ပါ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တဲ့အပြင် လေကြောင်းကပါ ဗုံးကြဲလာတာကြောင့် အခုလို ထွက်ပြေးနေကြတာလို့ ဆိုပါတယ်။

“စစ်တွေမြို့နဲ့နီးတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော အဲဒီနေရာတွေ ထွက်ပြေးရတယ်"

စစ်တွေမြို့နယ်တွင်း ကျေးရွာတွေအပြင် စစ်တွေမြို့နယ်နဲ့ နီးစပ်တဲ့ ရသေ့တောင်၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေက ဒေသခံတွေ ထွက်ပြေးနေကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရသေ့တောင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တွေမြို့နဲ့နီးတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော အဲဒီနေရာတွေ ထွက်ပြေးရတယ်။ အဲဒီပတ်ဝန်းကျင်မှာ စစ်တွေမြို့နယ်ကနေ အရင်တည်းက ထွက်ပြေးလာသူတွေလည်းနေတယ်။ အခု ထပ်ပြီးတော့ တစ်ခါ စစ်ဘေးရှောင်ရတော့ ပိုပြီးအခက်အခဲဖြစ်တယ်။ အိုးအိမ်စွန့်လို့ ထွက်ပြေးရတာဆိုတော့ စားရေး၊ သောက်ရေး အခက်အခဲတွေ ပြီးတော့ အခုဆောင်းတွင်းဆိုတော့ အနွေးထည်တွေ အခက်အခဲရှိကြတယ်”

စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ရင် အဲဒီကျေးရွာတွေကို စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်လို့ရတာကြောင့် ဒေသခံတွေ စိုးရိမ်လို့ ထွက်ပြေး နေကြတာလို့လည်း ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

မြို့နယ် ၁၂ ခုကို AA သိမ်းပြီးနောက် လက်ကျန်မြို့တွေကို စစ်ကောင်စီ ခံစစ်ပြင်

စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

AA ထိန်းချုပ်တဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်


ရခိုင်ပြည်နယ်မှာ ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် အရင်ကတည်းက စားဝတ်နေရေးခက်ခဲနေရတဲ့ ဒေသခံတွေဟာ အခု ထွက်ပြေးတိမ်းရှောင်ရတာကြောင့် ပိုပြီးခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က အင်အားအများအပြားနဲ့ ဝိုင်းဝန်းပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ကလည်း စစ်အင်အား၊ လက်နက်အင်အားတွေ အများအပြားတိုးချပြီးတော့ ခံစစ်ပြင်ဆင်ထားတာ တွေ့ရတယ်လို့ စစ်တွေမြို့ဒေသခံတွေက RFA ကို ပြောပါတယ်။

မြို့ပြင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေ၊ စစ်တွေမြို့တွင်းနေရာတွေနဲ့ စစ်တွေတက္ကသိုလ်မှာ ခံစစ်အခိုင်အမာ ပြင်ဆင်ထားတာဖြစ်ပြီး ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကိုလည်း စစ်ကောင်စီတပ်က စစ်သင်တန်း ပေးထားတာတွေ ရှိတယ်လို့လည်းဆိုပါတယ်။

မြို့ပေါ်ရပ်ကွက်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ ရဲတွေက ဧည့်စာရင်းစစ်တာတွေ၊ ဖမ်းဆီးတာတွေရှိတယ်လို့ စစ်တွေမြို့မှာရှိနေတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“စစ်တပ်ထဲကလည်း ပစ်တယ်။ နေဗီတွေကလည်း ပစ်တယ်။ စိုးရိမ်ကြောင်းကြတာတော့ စိုးရိမ်ကြောင်းကြ နေကြတာပဲ။ ဘယ်နေ့တိုက်ပွဲ ဖြစ်လာမလဲဆိုတာလည်း မပြောတတ်ဘူးလေ။ မြို့ထဲမှာတော့ စစ်တပ်က ဧည့်စာရင်းတွေ ဝင်စစ်တယ်။ ဧည့်စာရင်းစစ်ပြီးတော့ ဖမ်းဆီးတာတွေလည်းရှိတယ်။ ပစ်တာ၊ ခတ်တာကတော့ မမြင်ရဘူး။ အသံတော့ကြားရတယ်”

အာရက္ခတပ်တော် (AA) ကလည်း စစ်တွေမြို့နယ်အတွင်းမှာ လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းတွေနဲ့ နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုတွေ နေ့တိုင်းရှိနေတယ်လို့ ဇန်နဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အခုလို စစ်တွေမြို့နယ်နဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ AAပြောခွင့်ရ ဦးခိုင်သုခနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အနီးမှ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Wai Hun Aung Photo)
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အနီးမှ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Wai Hun Aung Photo)

ရခိုင်မှာ လူ့အခွင့်အရေး ကဏ္ဍတွေလုပ်ဆောင်နေတဲ့ ဦးမြတ်ထွန်းကတော့ နိုင်ငံရေးဆွေးနွေးမှုတွေ မဖြစ်ရင် စစ်တွေမြို့ကို AA က စစ်ရေးနဲ့ဖြေရှင်းမဲ့ အခြေအနေရှိတယ်လို့ သုံးသပ်ပါတယ်။

“စစ်တွေမြို့ရဲ့ စစ်ရေးအခြေအနေကတော့ နှစ်ဘက်တင်းမာနေတယ်။ AAကတော့ နိုင်ငံအရဆွေးနွေးတာ မပြေလည်လို့ရှိရင် စစ်ရေးနဲ့လုပ်မယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်”

ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး စစ်ကောင်စီရဲ့ ပြည်နယ်ရုံးစိုက်ရာ စစ်တွေနဲ့ ကျောက်ဖြူ၊ မာန်အောင်စတဲ့ သုံးမြို့နယ်သာ ကျန်ရှိတော့တာပါ။ အဲဒီအထဲက စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်တယ်လို့လည်း ရခိုင်စစ်ရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။