ခုနစ်လအတွင်း အသေးစားလုပ်ငန်းပေါင်း ခြောက်ရာကျော်ရပ်ဆိုင်း

RFA Burmese
2023.08.16
ခုနစ်လအတွင်း အသေးစားလုပ်ငန်းပေါင်း ခြောက်ရာကျော်ရပ်ဆိုင်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံ အလုပ်သမားများအား ၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းတွေကနေ လုပ်ငန်းကြီးတွေအထိ လုပ်ကိုင်ရခက်ခဲလာပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းတွေ ရာနဲ့ချီ လုပ်ငန်းရပ်ဆိုင်း လိုက်ရပါတယ်။

ဒီနှစ် နှစ်စပိုင်းကနေ ဇူလိုင်လအထိ ခုနစ်လအတွင်း အသေးစားလုပ်ငန်းပေါင်း ၆၄၆ ခု ဆက်ပြီး မလည်ပတ်နိုင်တော့လို့ လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့အတွက် အသေးစား စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခံလိုက်ရပါတယ်။

"မြန်မာနိုင်ငံမှာက အခုလက်ရှိ ဒီအခြေအနေကြီးနဲ့ဆိုရင်တော့ ဘာအလုပ်မှ လုပ်လို့ရဦးမယ်လို့တော့ ကျွန်မတော့ မထင်ဘူး”

ပယ်ဖျက်ခံလိုက်ရတဲ့ လုပ်ငန်းအရေအတွက်တွေကိုတော့ စစ်ကောင်စီရဲ့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနဝဘ်ဆိုဒ်မှာ လစဉ်ထုတ်ပြန်ပေးနေတာ တွေ့ရပါတယ်။

ဒီနှစ်ခုနစ်လအတွင်း ထုတ်ပြန်ထားတဲ့ စာရင်းပေါင်းအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နောက်ပိုင်း ခုနစ်လကထက် လုပ်ငန်းပေါင်း ၃၂၀ ထပ်တိုး ပယ်ဖျက်ခံလိုက်ရတာပါ။

ပြီးခဲ့တဲ့ သုံးလလောက်က လုပ်ငန်းရပ်နားလိုက်ရတဲ့ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်က အသေးစား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဒီခေတ်ကာလအခြေအနေနဲ့ နောက်ထပ်စီးပွားရေး ဆက်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ သုံးလလောက်ကပဲ ကျွန်မတို့ ဒီအလုပ်တွေ နားလိုက်တာပါရှင့်။ ဘယ်လို ကြောင့်လဲဆိုတော့ ဒီငွေရေး၊ ကြေးရေး ဖောင်းပွတာတွေနဲ့ ကုန်စျေးနှုန်းတက်တာတွေက တစ်နေ့စျေးတစ်နေ့ မတူဘူးလေ။ ပြီးရင် ကျွန်မတို့က ဝယ်ရတာက အမြင့်စျေးနဲ့ ဝယ်ရတာတစ်မျိုး၊ ပြီးရင် ပြန်ရောင်းရင်လည်း တအားကြီးအမြင့် ရောင်းလို့မရဘူး။ မကိုက်ဘူးလေ။ အဲဒီတော့ ရတဲ့စျေးနဲ့ပဲ အကုန်လုံးလျှော့ရောင်းပြီးတော့မှ ကျွန်မတို့ အလုပ်တွေနားလိုက်တာပါ။ ကျွန်မတို့ အသိတွေထဲမှာပဲ အဲလိုရပ်နားလိုက်တဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်။ ပြီးရင် ဒီမြန်မာနိုင်ငံမှာက အခု လက်ရှိ ဒီအခြေအနေကြီးနဲ့ဆိုရင်တော့ ဘာအလုပ်မှ လုပ်လို့ရဦးမယ်လို့တော့ ကျွန်မတော့ မထင်ဘူး”

သူဟာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက လူသုံးကုန်နဲ့ အဝတ်အထည်တွေ တစ်နိုင်တစ်ပိုင်ရောင်းချနေတာပါ။

သူ့လုပ်ငန်းကို အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ကနေ ပယ်ဖျက်ခံလိုက်ရတဲ့ အကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ကုန်ပိုင်းလောက်မှ စုံစမ်းသိရှိခဲ့ရတာလို့ ဆိုပါတယ်။ အခုတော့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်း ဝင်လုပ်နေပါတယ်။

အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးကတော့ မှတ်ပုံတင်ဖို့ ကျော်လွန်တာနဲ့ လုပ်ငန်းလုပ်ကိုင်နိုင်ခြင်း မရှိဘူးဆိုပြီး တင်ပြလာတဲ့လုပ်ငန်းတွေကို ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

“အဓိကတော့ လုပ်ငန်းရှင်တွေ မလုပ်နိုင်တဲ့အချိန်ကျရင်တော့ သူတို့ တင်ပြလာတဲ့အချိန် ပယ်ဖျက်ပေးတာပေါ့။ ဒီဟာကျတော့ ကျွန်မတို့ရဲ့ ဥပဒေရှိတယ်လေ။ အလုပ်သမား မြင်းကောင်ရေ ငါးကောင်နဲ့အထက် အဲဒီဟာနဲ့ ပတ်သက်တဲ့ အကျုံးဝင်တဲ့ လုပ်ငန်းတွေ ကို မှတ်ပုံတင်ပေးတာပေါ့။ ပယ်ဖျက်တာကကျတော့ အဲဒီလိုမျိုးလူတွေကို မှတ်ပုံတင် ပေးတယ်။ သူတို့ကနေမှ လုပ်ငန်းလုပ်ကိုင်လိုခြင်း မရှိဘူး၊ သက်တမ်းတိုးတွေ ကျော်လွန် သွားတယ်ဆိုရင်တော့ ပယ်ဖျက်ပေးတာ။ ပယ်ဖျက်တဲ့ သဘောက”

အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ရဲ့သက်တမ်းက နှစ်နှစ်ရှိတာပါ။ စစ်ကောင်စီရဲ့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ ခုနစ်လအတွင်း အသေးစားလုပ်ငန်းပေါင်း ၆၄၀ ကျော်ကို ပယ်ဖျက်လိုက်သလို တစ်ဖက်မှာလည်း မှတ်ပုံတင်ခွင့်ပေးလိုက်တဲ့ လုပ်ငန်းပေါင်း ၁၉၀၀ နီးပါး (၁၈၈၁ ခု) ရှိနေပါတယ်။

ဇူလိုင်လကုန်ထိ တစ်နိုင်ငံလုံးမှာ မှတ်ပုံတင်ထားပြီးဖြစ်တဲ့ အသေးစားစက်မှုလက်မှု လုပ်ငန်းပေါင်းက နှစ်သောင်းနီးပါးအထိ (၁၉၈၅၉ ခု) ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းပေါင်းက ၁၉၀၀၀ နီးပါးသာ (၁၈၆၂၄ ခု) ရှိခဲ့တဲ့အတွက် ခုနစ်လအတွင်း မှတ်ပုံတင်ထားတဲ့ လုပ်ငန်းပေါင်း ၁၂၃၅ ခုအထိ ထပ်တိုးလာတာ တွေ့ရပါတယ်။

လက်ရှိ ဆက်ပြီးလည်ပတ်လုပ်ကိုင်နေကြတဲ့ လုပ်ငန်းအများစုကတော့ အလုပ်အကိုင် ရှားပါးနေတဲ့အတွက် မဖြစ်သာလို့ ထိန်းလုပ်နေကြရတဲ့ အနေအထားဖြစ်တယ်လို့ အသေးစားလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုသူ စားသောက်ကုန် လုပ်ငန်းရှင်တစ်ဦးကတော့ ကုန်ကြမ်းစျေး မြင့်သွားတာ၊ သယ်ယူပို့ဆောင်စရိတ် မြင့်တက်တာတွေကြောင့် အရင်ကထက် လုပ်ကိုင်ရတာ ပိုခက်ခဲနေတယ်လို့ ပြောပါတယ်။

“ပါးတာပေါ့နော် အရောင်းအဝယ်က။ ကုန်စျေးနှုန်းတွေကတက်တော့ ပါးတယ်ဆိုတာ ဒီလိုပါ။ ကုန်ကြမ်းက ရှားလာပြီးတော့ ကုန်ချောပြန်ထွက်တဲ့အချိန် စျေးကနည်းနည်း တက်ရတာကို။ တက်ရတဲ့အခါကျတော့ အရင်ထက်စာရင် အရောင်းအဝယ်က နည်းနည်းပါးသွားတာပေါ့နော်။ ပြီးတော့ ဒီဘက်ကထွက်တဲ့ပစ္စည်းကို လုပ်တာကလည်း မဟုတ်ဘူး။ ဥပမာ ငါးခြောက်တို့ ဘာတို့ဆိုရင် တခြားမြို့ကနေမှာရတာဆိုတော့ လမ်းစရိတ်နဲ့။ လမ်းစရိတ်ကလည်း အရင်တုန်းကဆိုရင် ဥပမာ ငါးထောင်ကျတဲ့ဟာ အခုဆိုရင် တစ်သောင်းခွဲလောက် ဖြစ်သွားတာမျိုးပေါ့နော်။ အဲလိုမျိုးတွေဆိုတော့ တော်တော်တော့ ခက်ပါတယ်”

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာဆိုရင်လည်း သယ်ယူပို့ဆောင်စရိတ်နဲ့ ကုန်ကြမ်းစျေး မြင့်တက်လာတာ၊ အလုပ်သမား ရှားပါးနေတာကြောင့် လုပ်ငန်းအများစု မရပ်ရုံတမယ် လုပ်ကိုင်နေကြရတယ်လို့ စစ်တွေမြို့နယ်အတွင်း ဓနိဖူးလက်ဖက်ခြောက်နဲ့ ခေါင်းလျှော်ရည်ကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချနေတဲ့ အသေးစားလုပ်ငန်းရှင် ဒေါ်မေသူက ပြောပါတယ်။

“ကိုယ့်ပြည်တွင်းထဲက ထုတ်တဲ့ပစ္စည်းက စျေးနှုန်းတက်နေလို့မရဘူး။ ကိုယ်က လျှော့ပြီးတော့ ရောင်းရတယ်။ အမြတ်အစွန်းက သိပ်မရှိဘူးပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့လုပ်ငန်းကို လည်ပတ်နိုင်ဖို့ အဓိကပဲထားပြီးတော့မှ ကြိုးစားပြီး လုပ်နေတယ်။ ပြီးရင် အလုပ်သမားက ရှာမရဘူး။ နယ်ဘက်မှာဆိုတော့ အကုန်လုံး ထိုင်း၊ မလေး၊ အဲဘက်တွေကို သွားနေကြတော့ တော်တော်လေးကို အလုပ်သမား ရှာမရဘူး။ ပြီးရင် သူတို့လိုချင်တဲ့ နေ့စားခ၊ ဥပမာ သူတို့က နှစ်သောင်းလိုချင်တယ်။ ကိုယ်က နှစ်သောင်းမပေးနိုင်ဘူး အဲလိုမျိုး အခက်အခဲရှိတယ်ပေါ့နော်”

အမေရိကန်အခြေစိုက် စီးပွားရေးလေ့လာသူ ဦးစိန်ဌေးကတော့ စစ်တပ် အာဏာသိမ်းပြီးမှု နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ပြီး နောင်မှာ အခုထက် ပိုဆိုးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကုန်စျေးနှုန်းမြင့်တဲ့ ပြဿနာသည် ပိုကြီးသထက်ကြီး ရိုက်ခတ်လာပြီးမှ တချို့ကပြောတယ် နှစ်ဆ၊ ကျွန်တော် မှန်းတာ နှစ်ဆ၊ သုံးဆ၊ လေးဆ၊ ငါးဆတက်သွားမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခုနက ပြောသလို သွင်းအားစုတွေ မပေးနိုင်ဘူး။ လုပ်ငန်းတွေ ရပ်ပြီ။ အခုပဲကြည့် နှစ်လမပြည့်သေးဘူးလေ နှစ်သောင်းတန် ထုတ်တာ။ စဉ်းစားကြည့် အကုန်ရပ်ကုန်ပြီဆိုတော့ တိုင်းပြည်ရဲ့ စီးပွားရေးမှာ အလွန်ထိခိုက်နစ်နာမှု ဖြစ်လိမ့်မယ်။ အထူးသဖြင့် တိုင်းပြည်က ပုဂ္ဂလိက လုပ်ငန်းအသေးစားလေးတွေကို အားထားရတယ်။ ဆိုတော့ အဲလုပ်ငန်းတွေကို ရိုက်ခတ်တဲ့ဒဏ်သည် ကြီးမားသထက် ကြီးမားပြီးတော့ အဲမိသားစုဝင်တွေနဲ့ သူ့ကိုမှီခိုနေတဲ့ သူအားလုံးရဲ့ စားဝတ်နေရေး ကျပ်တည်းမှုဖြစ်ပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေးပါ ထိခိုက်နစ်နာမှုဖြစ်လာမှာပဲ”

အသေးစား စက်မှုလက်မှုလုပ်ငန်းတွေ ဆက်ပြီးရပ်တည်နိုင်ဖို့ဆိုရင် လုပ်ငန်းရှင်တွေ ကိုယ်တိုင်ကြိုးစားဖို့ လိုသလို သက်ဆိုင်ရာတွေကလည်း ထိထိရောက်ရောက် ကူညီပေးနိုင်ဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ်ရဲ့ အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးညီတိုးမင်းက RFA ကို ပြောပါတယ်။

ရန်ကုန်မြို့မှ အသေးစားအိတ်ချုပ် လုပ်ငန်းတစ်ခုအား တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့မှ အသေးစားအိတ်ချုပ် လုပ်ငန်းတစ်ခုအား တွေ့ရစဉ်။ (Photo: RFA)

ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ နှစ်ဝက်အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ကုန်ထုတ်လုပ်မှုပမာဏ (GDP) အနည်းငယ် တိုးတက်လာတယ်လို့ ဖော်ပြပါတယ်။ အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ကုန်ထုတ်လုပ်မှုပမာဏ ဆယ်ရာခိုင်နှုန်း လျော့နည်းနေပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ တဖြည်းဖြည်း တည်ငြိမ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေဟာ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာအဖွဲ့အစည်းတွေက ကိန်းဂဏန်းအချက် အလက်ရဖို့ လက်ရှိအုပ်ချုပ်နေသူတွေနဲ့လည်း ဆက်ဆံရတာကြောင့် သက်သက်ညှာညှာ ဖော်ပြထားတာလို့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး အခြေအနေတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP (Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းက ပြောထားပါတယ်။

ဒီမတိုင်ခင် ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက် ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ စားသောက်ကုန်နဲ့ လောင်စာဆီဈေး မြင့်တက်မှု၊ ပြည်သူတွေရဲ့ ဝယ်လိုအား ကျဆင်းမှုတွေကြောင့် မြန်မာကျပ်ငွေတန်ဖိုးဟာ ၃၁ ရာခိုင်နှုန်းအထိ ကျဆင်းနေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်က နေပြည်တော်မှာလုပ်တဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးမှာတော့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ စီးပွားရေးပြန်လည် ဦးမော့လာပြီး ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။