မောင်တောဒေသတိုက်ပွဲကြောင့် ရိုဟင်ဂျာတချို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး

2022.09.14
မောင်တောဒေသတိုက်ပွဲကြောင့် ရိုဟင်ဂျာတချို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး မြန်မာနိုင်ငံကနေ နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တွေ့ရစဉ်
Photo: Reuters

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် ဆက်လက်နေထိုင်ရေး ခက်ခဲနေတဲ့ အတွက် ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာ မိသားစု နှစ်စု၊ လူခုနှစ်ဦးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းကို စက်တင်ဘာလ ၉ ရက်နေ့က ထွက်ပြေးရောက်ရှိ လာကြတယ်လို့ အကူညီပေးနေသူတွေက RFA ကိုပြောပါတယ်။

အဲဒီထဲမှာ မွေးကင်းစအရွယ် ကလေးနှစ်ဦးလည်း ပါဝင်တယ်လို့ ပြောကြပါတယ်။ သူတို့ဟာ စက်တင်ဘာလ ၆ ရက်နေ့က ဘူးသီးတောင်မြို့ရဲ့အရှေ့ဘက် နှစ်မိုင်ခွဲအကွာ သရက်ကင်းမနု ကျေးရွာကနေ ထွက်ပြေးလာခဲ့တာလို့လည်း ဆိုပါတယ်။

လက်ရှိမှာ ဒုက္ခသည်စခန်းက သူတို့ရဲ့ဆွေမျိုးတွေဆီမှာ နေထိုင်နေကြတယ်လို့ သူတို့ကို ကူညီဆောင်ရွက်ပေးနေတဲ့ Arakan Rohingya Society for Peace and Human Rights-ARSPH အဖွဲ့ဝင် စိယာတ် အဒူလ်ကရိမ် က RFA ကိုပြောပါတယ်။

“သူတို့က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကို ရောက်လာပြီးတော့ သူတို့မှာ ဆွေမျိုးတွေ ရှိတယ်။ ဆွေမျိုးတွေ ဆီမှာ နေထိုင်တယ်။ ကျနော်တို့ ဒုက္ခသည်စခန်းကလည်း ဆွေမျိုးတွေကလည်း ယာယီအထောက်အပံ့တွေ ပေးထားတယ်”

သူတို့ရဲ့ ကျေးရွာတွေမှာ ရက္ခိုင့်တပ်တော် (AA) ကရော၊ စစ်ကောင်စီတပ်ကရော ဖိနှိပ်မှုတွေ တစတစပြင်း ထန်လာတာကြောင့် နေထိုင်လို့ အဆင်မပြေတော့တဲ့အတွက် အခုလို ထွက်ပြေးလာတာဖြစ်တယ်လို့ နောက်ထပ် ကူညီပေးနေသူတစ်ဦးဖြစ်တဲ့ Arakan Rohingya Society for Peace and Human Rights-ARSPH အဖွဲ့ဝင် မိုဟာမက် ဖာရွတ်ခ် ကပြောပါတယ်။

“အဲဒီနေရာမှာ AA ရဲ့ ဖိနှိပ်မှုရယ်၊ စစ်တပ်ရဲဖိနှိပ်မှုရယ် တစတစ ပြင်းထန်လာတာ ပေါ့နော်။ သူတို့ပြောကြားချက်က အဲဒီမှာနေဖို့ အဆင်မပြေဘူးလို့ပြောတယ်။ နောက်ထပ် ဒီလိုမျိုး စစ်ပွဲတွေ ဖြစ်လာရင်ပေါ့နော် အဲဒီမှာ နေလို့ရမယ့် အနေအထား မရှိဘူး။ အဲဒီလို သူတို့က ပြောပြတယ်။ မြို့ပိုင်းမှာဆို အဆင်ပြေပါတယ်။ နယ်ပိုင်းမှာဆို ပိုဆိုးပါတယ်။ နှစ်ဖွဲ့စလုံးရဲ့ဒဏ်ကို ခံနေရတယ်သူတို့က သူတို့ရဲ့ ပြောပြချက်အရ အဲဒီမှာ ဒီထက်ပိုတိုက်ပွဲ ဖြစ်ရင် နေဖို့အနေအထား မရှိကြတော့ဘူး။ အရင်ကလို စုပြုံပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်လာနိုင်တယ်”

ထွက်ပြေးလာသူတွေထဲက အမျိုးသမီးတစ်ဦးဖြစ်သူ ဝါ့ဖ (Wafa) ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရာမှာ နတ်မြစ်ကိုဖြတ်ဖို့ ပိုက်ဆံမရှိတာကြောင့် လှေသမားတစ်ဦးကို ရွှေ လက်ဝတ်ရတနာ တစ်ခုကိုပေးပြီး ဖြတ်ကျော်လာခဲ့ရတယ်လို့ BenarNews သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ထွက်ပြေးလာသူတွေအထဲက ဒေဒါ ဘီဂျမ် (Dildar Begum) ရဲ့ ခင်ပွန်း စိယာတ် အူလာ (Syed Ullah) ကို ပြီးခဲ့တဲ့ တစ်လလောက်က စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ် လို့လည်း ကူညီဆောင်ရွက်ပေးနေသူတွေက RFA ကိုပြောပါတယ်။

ဒေဒါ ဘီဂျမ် (Dildar Begum)ရဲ့ ခင်ပွန်း စိယာတ် အူလာ (Syed Ullah) ကို ရက္ခိုင့် တပ်တော် (AA) သူတို့ တပ်ဖွဲ့ဝင်ဖို့နဲ့ သူတို့ကို အကူအညီပေးဖို့ စည်းရုံးခဲ့ရာမှာ သူကငြင်းဆန် ခဲ့တာကြောင့် စခန်းကို စစ်ဆေးမေးမြန်းဖို့ ခေါ်ယူခံခဲ့ရတယ်လို့ဆိုပါတယ်။ မကြာခင်မှာ အေအေ အဖွဲ့က ပြန်လွှတ်ပေးခဲ့ပေမယ့် စစ်ကောင်စီတပ်က တစ်ဖန် ဖမ်းဆီး စစ်ဆေးခဲ့ပြီးနောက် အသတ်ခံလိုက်ရတာလို့လည်း ဒေဒါ ဘီဂျမ် (Dildar Begum)ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အကူအညီပေးနေသူတွေကပြောပါတယ်။

"နယ်ပိုင်းမှာဆို ပိုဆိုးပါတယ်။ နှစ်ဖွဲ့စလုံးရဲ့ဒဏ်ကို ခံနေရတယ်။"

သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ ဒေဒါ ဘီဂျမ် (Dildar Begum) ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

မောင်တောဒေသမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန် နေသလို နှစ်ဘက် တပ်တွေရဲ့ ဖိအားတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို နောက်ထပ် ထွက်ပြေးဖို့ စဉ်းစားနေကြသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကတော့ ရက္ခိုင့်တပ်တော် (AA) အနေနဲ့ မွတ်စလင်တွေကို ဦးတည်တိုက်ခိုက်တာ မရှိဘူးလို့ပြောပါတယ်။

“အခု တိုက်ပွဲဖြစ်နေတာက တစ်လကျော်လောက်ရှိပြီ။ ဆိုတော့ ခင်ဗျားတို့လည်း ကြားမှာပဲ အခုထိ မွတ်စလင်တစ်ယောက် ထိခိုက်တာရှိသလား၊ အဲဒါကိုကျနော်တို့က ပြန်ပြီးတော့ မေးချင်တယ်။ သူတို့ကို တကယ်ဦးတည် တိုက်ခိုက်တယ်ဆိုလို့ရှိရင် ကျနော်တို့ ပစ်လိုက်တဲ့ လက်နက်ကြီးတစ်ချက် သူတို့ရွာကို ကျပြီလား၊ ကျည်တစ်တောင့် ကျသလား၊ အဲလိုမျိုးတစ်ခုမှ မရှိဘဲနဲ့ မွတ်စလင်ရွာတွေကို ဦးတည် တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်ကတော့ ဒါဟာ သူတို့မှာ တခြားရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ကို သက်သက်စွပ်စွဲ နေတာလို့ပဲ ကျနော်ကတော့ အဲလိုပြောချင်တယ်”

လက်ရှိမှာတော့ ဘူးသီးတောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ အားပြိုင်မှုကြားမှာ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ ဘူးသီးတောင် မြို့နယ်က အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကိုပြောပါတယ်။

“တစ်ဖက်နဲ့ တစ်ဖက်တိုက်ပွဲဖြစ်လာရင် မြေဇာပင်ဖြစ်မှာကို ကျနော်တို့က အမြဲတမ်း ကြောက်လန့် နေရတယ်။ လောလောတိုက်ပွဲဖြစ်ရင် ကျနော်တို့ပြည်သူတွေပဲ အထိနာ သွားမှာ စားရေးသောက်ရေးကအစပေါ့။ ကျနော်တို့ ကလက်နက်မဲ့ ပြည်သူတွေဆိုတော့ အဲဒါကိုပဲ စိုးရိမ်နေပါတယ်”

rohingya flee
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ် ( Photo: MUNIR UZ ZAMAN / AFP)

ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တချို့ကို စစ်ကောင်စီ တပ်က ဖမ်းဆီးစစ်ဆေးတာတွေရှိပြီး အသွားအလာ ကန့်သတ်ထားတာတွေကြောင့်လည်း စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

အခုလို ရခိုင်ပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတချို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးမှုတွေ ရှိလာတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

လက်ရှိမှာ ရိုဟင်ဂျာတွေဟာ ကိုယ့်ရွာမှာကိုယ် မနေရဲတော့တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ နေကြရတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သန်ခါလီဒုက္ခသည်စခန်း အမှတ် (၁၃) မှာ နေထိုင်တဲ့ ရိုဟင်ဂျာလူငယ်အစည်းအရုံး Rohingya Youth Association တည်ဆောင်သူ ကိုခင်မောင်က ထောက်ပြပါတယ်။

“ရခိုင်ပြည်နယ်မှာ လတ်တလော အခြေအနေက ကိုယ်ရွာမှာကို မနေတော့ဘဲ တခြားရွာမှာ နေတာလည်းရှိတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတာလည်းရှိတယ်။ ဒါက ရခိုင်ပြည်နယ်မှာ လွတ်လပ်မှု၊ လုံခြုံမှုမရှိတာကို ပြသနေပါတယ်။ စစ်ကောင်စီ ခေါင်းဆောင်တွေက ကျနော် မလုပ်နိုင်တာ ဘာမှမရှိဘူးလို့ ပြောခဲ့သလို အဲဒီအတိုင်း လုပ်နေတာပဲ။ ဒါပေမယ့် သူ့အပေါ် တာဝန်ယူရမယ့် အခြေအနေ ရောက်လာပါလိမ့်မယ်။ သူတို့ အခုလုပ်နေတာ ဟာ သူတို့မှာ ပါဝါရှိလို့ပါ။ အဲဒီပါဝါ သူတို့မှာ အမြဲတမ်း ရှိမှာမဟုတ်ဘူး။ အဲဒီအခါကျရင် သူတို့သိလာမှာပါလိမ့်မယ်”

ရခိုင်ပြည်နယ်မှာ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်ကောင်စီ တပ်ရဲ့ အင်အားသုံး နယ်မြေရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်းကျော် အထိ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး အခုအထိ နေရပ်ကို ပြန်မလာ နိုင်ကြသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။