နွေဦးတော်လှန်ရေးနဲ့ ပြဿနာတွေကို လက်တွေ့ကျကျဖြေရှင်းရေး
2023.08.09
နွေဦးတော်လှန်ရေး နှစ်နှစ်ခွဲကြာမြင့်လာချိန်မှာ စစ်ကောင်စီဟာ အရင်အာဏာသိမ်း စစ်အစိုးရတွေလို တိုင်းပြည်ကို ထိန်းချုပ်နိုင်စွမ်းမရှိဘဲ နိုင်ငံတစ်ဝန်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံတိုက်ခိုက်တာကို အပြင်းအထန်ရင်ဆိုင်နေရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ လေကြောင်းအကူမပါရင် သူတို့ကို ရင်မဆိုင်ရဲတော့ဘူးလို့ တော်လှန်ရေးသမားတွေက ပြောပါတယ်။
တပြိုင်နက်မှာပဲ စနစ်တကျအချိန်ယူ တည်ဆောက်နိုင်ခဲ့တာမရှိတဲ့ တော်လှန်ရေးအင်အားစုတွေအတွင်းမှာ ပဋိပက္ခတချို့ပေါ်ပေါက်လာခဲ့သလို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေအတွင်း စစ်ကောင်စီလက်ပါးစေတွေရဲ့ ဝင်ရောက်သွေးထိုး သပ်လျှိုမှုတွေကိုလည်း ခပ်စိပ်စိပ်မြင်လာနေရပါတယ်။
ထင်ရှားတဲ့ ကရင်တိုင်းရင်းသား တော်လှန်ရေးသမားတစ်ဦးဖြစ်သူ ပဒိုမန်းမန်း က ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေအကြား နိုင်ငံရေးအရတိုးတက်မှုလိုနေတယ်လို့ ဝေဖန်ပါတယ်။
“တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရော၊ PDF တွေရောပေါ့နော်၊ ခုခံတော်လှန်စစ်မှာတော့ ကျွန်တော်တို့ တော်တော်လေးအောင်မြင်နေတယ်။ ကျန်နေတဲ့ နိုင်ငံရေးအရွေ့မှာကတော့ တနည်းအားဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့အတွက်ကတော့ NUCC အနေနဲ့ဖြစ်ဖြစ် CRPH အနေနဲ့ဖြစ်ဖြစ် ဖက်ဒရယ်ဒီမိုကရေစီ ချာတာကနေ ရှေ့ကိုမတိုးနိုင်သေးတဲ့ အပေါ်မှာတော့ အားမရဘူးလို့ပဲ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာတော့ စစ်ကောင်စီကို နိုင်ငံရေးထိုးစစ်အရ ကျနော်တို့ရဲ့လက်ထဲမှာ တိုင်းရင်းသားအဖွဲ့အားလုံး အခြေခံအားဖြင့်လက်ခံနိုင်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုဖြင့် လက်ဆုပ်လက်ကိုင်ရှိသင့်ပြီပေါ့နော်။ ဒါပေမဲ့ မရှိသေးတဲ့အပေါ်မှာ အဲဒီအဆင့်ရောက်ဖို့ အားလုံးဆက်ပြီးဆောင်ရွက်ဖို့လိုတယ်”
ဒီအတောအတွင်း တော်လှန်ရေးသမား တက္ကသိုလ်ကျောင်းသားသမဂ္ဂ လူငယ်တွေဦးဆောင်တဲ့ “ဆီသို့ Towards” မီဒီယာမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နော်ဝေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ မောင်မောင်မြင့် က ရှစ်လေးလုံးသင်ခန်းစာဆိုတဲ့ ဆောင်းပါးတပုဒ်ရေးသားခဲ့ပါတယ်။
အဲဒီဆောင်းပါးမှာ သူက စစ်ကောင်စီဟာ သိသိသာသာ အားနည်းလာနေပြီဖြစ်ပေမဲ့ တော်လှန်ရေးသမားတွေအနေနဲ့ အရေးတကြီးဖြေရှင်းရမဲ့ ပြဿနာတချို့ ရှိနေတယ်လို့ ဝေဖန်လိုက်ပါတယ်။
ဒေါက်တာမောင်မောင်မြင့်က တော်လှန်ရေးသမားတွေအနေနဲ့ ပကတိပေါ်ပေါက်နေတဲ့ ပြဿနာတွေကို လက်တွေ့ကျကျ လက်ခံဖြေရှင်းဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။
“နွေဦးတော်လှန်ရေး ကြာရှည်လာတာနဲ့အမျှ ကျွန်တော်တို့ဘက်မှာလည်း အခက်အခဲတွေရှိလာတယ်။ ထောက်ပို့အားကျဆင်းလာတဲ့ပြဿနာရှိတယ်ဗျာ။ နောက်ပြီး နွေဦးတော်လှန်ရေးသမားတွေ အထူးသဖြင့် လက်နက်ကိုင် နွေဦးတော်လှန်ရေးဘက်သားတွေ အချင်းချင်းကြားထဲမှာ ပွတ်တိုက်တာတွေဖြစ်လာတယ်။ မညီညွတ်တာတွေဖြစ်လာတယ်။ ကျွန်တော်တို့ NUG ခေါင်းဆောင်ပိုင်းနဲ့ မြေပြင်မှာရှိတဲ့အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ အကြားမှာ ချိတ်ဆက်မမိကြတဲ့ပြဿနာတွေဖြစ်လာတယ်။ နောက်ပြီး မြေပြင်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးရှိလာပြီဆိုတဲ့အခါကျတော့ ဒီမိုကရေစီဘက်သားတွေဖြစ်ပေမဲ့လည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တယ်။ အဲဒါတွေကိုလည်း ကျွန်တော်တို့ အထက်အဖွဲ့အစည်းတွေကနေပြီးတော့ တရားမျှမျှတတ အလုံးစုံဖြေရှင်းပေးနိုင်ခြင်းမရှိသေးဘူး။ အဲဒီ ပြဿနာတွေက နားလည်မှုပေးနိုင်တဲ့ပြဿနာတွေဖြစ်ပေမဲ့လို့ ဒီပြဿနာတွေ မကြီးထွား မများပြားလာဖို့တော့ အရေးကြီးတယ်။ နောက်တခုကတော့ ဖက်ဒရယ်အရေးနဲ့ပတ်သက်ပြီးတော့ ဒီနွေဦးတော်လှန်ရေးအင်အားစုတွေကြားထဲမှာ အင်အားကောင်းတဲ့ သဘောတူညီမှုတွေ ပိုပြီးတော့ရလာဖို့ လိုအပ်တယ်။ မနေ့တနေ့က ထွက်လာတဲ့ ကျွန်တော်တို့ NUCC နဲ့ NUG ပူးတွဲကြေညာချက်ကတော့ ဒါကိုဖြည့်ဆီးတဲ့ သဘောမျိုးတော့ရှိတယ်။ အဲဒီအပြင်ကျွန်တော်တို့က ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်ဖို့အတွက် အခြေခံကောင်းတွေကို ချမှတ်နိုင်ဖို့က အချင်းချင်းယုံကြည်မှု အရေးကြီးတဲ့အတွက်ကြောင့် ယုံကြည်မှုတည်ဆောက်တဲ့ နိုင်ငံရေးသဘောတူညီမှုတွေရအောင်ကို ကြိုးစားရမယ်။ နောက်ဆုံးအချက်အနေနဲ့ ကျွန်တော် မြင်တာကတော့ တော်လှန်ရေးကြာလာတဲ့အတွက်ဖြစ်လာတဲ့ စောစောက ကျွန်တော်ပြောတဲ့အချက်တွေကို အခွင့်ကောင်းယူပြီးပေါ်လာတဲ့ တတိယအင်အားစုပြဿနာ။ တချို့သော တတိယ အင်အားစုတွေက လောလောဆယ်ဖြစ်တည်နေတဲ့ တော်လှန်ရေးရဲ့ အရှိန်အဟုန်ကို သူတို့အားမရလို့ တတိယအင်အားစုသဘောမျိုး သူတို့စဉ်းစားတာရှိပေမဲ့လို့ တချို့တတိယအင်အားစုတွေကတော့ စစ်တပ်ရဲ့ သွေးခွဲမှုတွေပါတဲ့ တတိယအင်အားစုတွေဖြစ်တယ်။ အထူးသဖြင့် သူတို့ဟာငြိမ်းချမ်းရေး ရင်ကြားစေ့ရေးဆိုတဲ့နာမည်နဲ့ လောလောဆယ်ဆယ် ကျွန်တော်တို့မှာ ဖြစ်တည်နေတဲ့ အောင်မြင်နေတဲ့ တော်လှန်ရေးအရှိန်အဟုန်ကို အားနည်းအောင်ကြိုးစားနေတာတွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့ဖြေရှင်းနိုင်မှသာလျှင် ကျွန်တော်တို့ ၂ဝ၂၁ ခုနှစ်ကစခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ အမြန်ဆုံးအောင်မြင်နိုင်မှာဖြစ်တယ်။”
ဒီမိုကရေစီပြန်လည်ရရှိရေးမှာ တစ်တပ်တအားပါဝင်နေတဲ့ စာရေးဆရာ ဒေါက်တာ ဖြိုးသီဟကတော့ မြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို အပြင်းအထန်ရင်ဆိုင်နေရပေမဲ့ တော်လှန်ရေးလိုက်ပါမှု အင်မတန်အားကောင်းနေတယ်လို့ သုံးသပ်ပါတယ်။
“အညာဒေသမှာ သပိတ်အဖွဲ့တွေ ဦးဆောင်ပြီးတော့ ပြည်သူလူထုကို ဒီမိုကရေစီနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ၊ တော်လှန်ရေးရုပ်ရှင်တွေကို ပရိုဂျက်တာတွေနဲ့ ထိုးပြီးတော့ ပြတာတွေလုပ်တယ်ပေါ့နော်။ မြို့နယ်တခုမှာ အဲဒီလိုပြပြီးတဲ့အခါ ပြည်သူတယောက်က သူ့ရဲ့ နားကပ်ကလေးကိုချွတ်ပြီး ပွဲစီစဉ်သူတွေကို တော်လှန်ရေးအတွက်လိုအပ်တဲ့နေရာမှာ သုံးပါဆိုပြီး ပေးတယ်။ အရင်ကလည်း ဒါမျိုးတွေကြားရတယ်။ ရွာမီးရှို့ခံရတယ်၊ သွားပြီးအကူညီတွေပေးကြတဲ့အခါ သူတို့စိတ်ဓာတ်မကျတဲ့အပြင် သူတို့ရှိတာလေးတွေ ချွတ်ပေးကြတယ်။ ဒီကောင်တွေကို နိုင်အောင်သာ တိုက်ဆိုတာမျိုးပေါ့နော်။ တကယ်တော့ ဒီလိုအိမ်တွေပါသွားတယ်ဆိုရင် ဘယ်သူက စိတ်မထိခိုက်ပဲ နေမလဲ၊ ဒါပေမဲ့လည်း ဒီစစ်အာဏာရှင်စနစ်ရဲ့ဆိုးကျိုးကို အသိဆုံးက အခြေခံပြည်သူတွေ၊ အခု အဲဒီအညာကပြည်သူတွေပေါ့နော်၊ ဒီလိုပြည်သူတွေက အများကြီးရှိနေကြတယ်ဆိုတော့ ကျနော်တို့ ဒီတော်လှန်ရေးအောင်မြင်ဖို့က ကြိမ်းသေတယ်။ အနှေးနဲ့ အမြန်ပဲကွာတယ်။ တခုပဲ၊ ကျွန်တော်တို့ဘက်က လူတွေပိုပြီး စုစုစည်းစည်းနဲ့ အင်တိုက်အားတိုက်လုပ်ကြမယ်ဆိုရင်တော့ မြန်မြန်နိုင်မယ်ပေါ့နော်။ ပြည်သူလူထုကတော့ ဒီအကြမ်းဖက်စစ်တပ်နဲ့ ယှဉ်တွဲပြီးနေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုတာ သေချာသွားပြီ။”
ဝေဖန်သူအားလုံးက နွေဦးတော်လှန်ရေးကြာမြင့်လာတာနဲ့အမျှ ငွေကြေးလိုအပ်ချက်ကြီးမားလာမှာဖြစ်သလို တပြိုင်နက်မှာပဲ ဒီမိုကရေစီအင်အားစုတွေအတွင်း ယုံကြည်မှုနဲ့ ညီညွတ်မှုတွေ ပိုမိုတည်ဆောက်ဖို့ လိုအပ်တယ်လို့ ပြောဆိုကြပါတယ်။
အာဏာရှင်တွေနည်းပေါင်းစုံနဲ့ ဆယ်စုနှစ်များစွာ ဖျက်ဆီးလို့ ပျက်စီးသွားခဲ့ရတဲ့ အတွေးအခေါ်တွေ၊ အကျင့်စာရိတ္တယိုယွင်းမှုတွေကိုပြင်ဆင်ဖို့လိုကြောင်း နိုင်ငံရေးသမားတွေက အစဉ်အမြဲလိုလို သတိပေးထောက်ပြနေကြပါတယ်။
မြန်မာပြည်ရဲ့ အနာဂတ်ကတော့ ဒီကနေ့ မြန်မာပြည်သူတွေရဲ့ လက်ထဲမှာ လုံးလုံးလျားလျား ရောက်ရှိနေပြီဖြစ်ပါတယ်။