စက်ပျက်နေတဲ့ JF-17 ထက် အဆင့်မြင့်တဲ့ SU-30 ထိန်းသိမ်းစရိတ်ကပိုများ
2023.12.21
ပြည်ပလေကြောင်းရန်မရှိဘဲ ပြည်တွင်းက ဆန့်ကျင်သူတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေတဲ့ စစ်ကောင်စီလေတပ်အတွက် လေကြောင်းမှာ အရေးသာတဲ့ ရုရှားနိုင်ငံလုပ် ဘက်စုံသုံး စတုတ္ထမျိုးဆက် Su-30SME နှစ်စင်း ရောက်ရှိသွားပါပြီ။
နေပြည်တော်မှာ ဒီဇင်ဘာ ၁၄ ရက်က ကျင်းပတဲ့ ၇၆ နှစ်မြောက် လေတပ်တည်ထောင်တဲ့ အထိမ်းအမှတ်နဲ့ လေယာဉ်တွေ တပ်တော်ဝင်တဲ့ အခမ်းအနားမှာ ဒီတိုက်လေယာဉ်နှစ်စင်း တပ်တော်ဝင်ပြီး လေတပ်ကိုလွှဲအပ်လိုက်တာပါ။ ဒါဟာ ၁၄ ကြိမ်မြောက် တပ်တော်ဝင်တဲ့ အခမ်းအနားလို့လည်း ဆိုပါတယ်။
ဒီ Su-30SME ဟာ တိုက်ခိုက်စွမ်းရည်မြင့်တယ်လို့ လေတပ် CDM ဗိုလ်ကြီးဇေသူအောင်က ပြောပါတယ်။
“လေကြောင်းစိုးမိုးမှုအရ အရမ်းအားသာတယ်။ လေယာဉ်က ကြီးသလို တင်ဆောင်နိုင်တဲ့ ဗုံးအရေအတွက် လက်နက်အရေအတွက်ကလည်း အရမ်းများတယ်။ တခြားလေယာဉ်တွေထက်စာရင် တိုက်ခိုက်နိုင်စွမ်းပိုမြင့်တယ်ဆိုတာ သေချာတယ်။”
စစ်ရေးစစ်ရာနဲ့ ပထဝီနိုင်ငံရေးရာ EurAsian Times သတင်းကလည်း တရုတ် JF-17 က သုံးလို့မရတော့ဘဲ စစ်ဆင်ရေးတွေမှာ ရုရှားကတင်ပို့တဲ့ Su-30SME က အထောက်အကူပြုနိုင်တယ်လို့လည်း ဒီနှစ် စက်တင်ဘာ ၂၃ ရက်က ဖော်ပြခဲ့ဖူးပါတယ်။
စစ်ကောင်စီလက်ဝယ်ရောက် တရုတ်နဲ့ပါကစ္စတန် ပူးတွဲထုတ်လုပ်တဲ့ JF-17 ဂျက်တိုက်လေယာဉ်အများစုဟာ စက်ပိုင်းချွတ်ယွင်းလို့ ဝေဟင်မှာ မပျံသန်းနိုင်ဘဲ မြေပြင်မှာရပ်ထားရတယ်လို့လည်း ကာကွယ်ရေးနဲ့ လေကြောင်း အာကာသရေးရာတွေကို သုံးသပ်တဲ့ Global Defense Corp က မနှစ်က နိုဝင်ဘာလမှာ ဖော်ပြဖူးပါတယ်။
အဲဒီ JF-17 ဂျက်တိုက်လေယာဉ်ဟာ ကြားဖြတ်တိုက်နိုင်၊ မြေပြင်ကိုတိုက်နိုင်၊ ဗုံးကြဲနိုင်ပေမဲ့ စက်ပျက်နေတဲ့ ဒီလေယာဉ်တွေကို အသုံးတည့်အောင် လုပ်နိုင်ဖို့ စစ်ကောင်စီမှာ နည်းပညာကျွမ်းကျင်သူတွေ မရှိဘူးလို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့က ကျင်းပတဲ့ တပ်တော်ဝင်အခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားတဲ့ မိန့်ခွန်းမှာတော့ စစ်လက်နက်ပစ္စည်းတွေကို ခေတ်နဲ့အညီ ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်အောင် လေ့ကျင့်ဖို့ ပြောသွားတယ်လို့ စစ်ကောင်စီအာဘော် မြန်မာ့ရုပ်မြင်သံကြား (MRTV) ကထုတ်လွှင့်သွားပါတယ်။
တပ်မတော်(လေ) က အရာရှိစစ်သည်တွေအားလုံး အမြဲလေ့ကျင့်နေရမှာဖြစ်ကြောင်း၊ စစ်နည်းဗျူဟာ ကျွမ်းကျင်မှု၊ လေကြောင်း အကဲသာမှုနဲ့ အီလက်ထရွန်နစ် နည်းပညာသာလွန်မှု၊ လက်နက်ခဲယမ်းတွေ ခေတ်မီကောင်းမွန်မှု၊ ထိရောက်တိကျမှုတို့ဟာ စစ်ပွဲရဲ့ အနိုင်အရှုံးကို အဓိကအဆုံးအဖြတ်ပေးတဲ့အတွက် တပ်မတော်(လေ)နဲ့ နည်းပညာတိုးတက်လာမှုနဲ့အတူ ပြောင်းလဲကျင့်သုံးလာတဲ့ စစ်နည်းဗျူဟာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို ခေတ်နဲ့အညီ ကျွမ်းကျင်စွာ အသုံးချနိုင်ရန် စဉ်ဆက်မပြတ် လေ့ကျင့်ရေးကို အလေးအနက်ထားလုပ်ဆောင်သွားရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
တပ်မတော်လေကို ကျစ်လျစ်ပြီး စွမ်းရည်ထက်မြတ်တဲ့ ခေတ်မီလေတပ်မတော်အဖြစ် တည်ဆောင်ရာမှာ ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ လေ့ကျင့်ပေးရေးဟာ အလွန်အရေးကြီးကြောင်း လူ့စွမ်းအားလေ့ကျင့်ပေးဖို့ အရေးကြီးတဲ့ မြန်မာစစ်တပ်ဟာ ၂၀၁၆ မှာ JF-17 ၁၆ စင်းဝယ်ယူဖို့ သဘောတူခဲ့ပါတယ်။
ဒါကလည်း ပါကစ္စတန်နဲ့ တရုတ်နိုင်ငံကလွဲလို့ ဒီ JF-17 တွေကို နိုင်ငံရပ်ခြားကဆို မြန်မာစစ်တပ်က ပထမဆုံးဝယ်ယူတာလည်း ဖြစ်ပါတယ်။
တစ်စင်းကို ဒေါ်လာ ၂၅ သန်းနဲ့ ဝယ်ထားတဲ့ အဲဒီ လေယာဉ်ပျက်တွေပျက်တဲ့အခါ ဒါတွေကိုပြင်ဆင်ဖို့ ပါကစ္စတန် အင်ဂျင်နီယာအဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိသွားတယ်လို့ Defense Mirror ကာကွယ်ရေးရာ ကြေးမုံ သတင်းက ဒီနှစ် မတ်လက ဖော်ပြပါတယ်။
ဒီ JF-17 ဂျက်တိုက်လေယာဉ်ဟာလည်း အခုတပ်တော်ဝင်လိုက်တဲ့ Su-30 SME လို စတုတ္ထမျိုးဆက်ဖြစ်ပြီး သူကတော့ Su-30 SME လို စက်နှစ်လုံးမဟုတ်ဘဲ စက်တစ်လုံးတပ်ထားပြီး အင်ဂျင်ကရုရှား RD-93 ဖြစ်ပါတယ်။ အဲဒီ အင်ဂျင်ကပြဿနာဖြစ်တာလို့ Defense Mirror က ပြောပါတယ်။
Su-30 လေယာဉ်တစ်စင်းဟာ ၂၀၂၀ ပြည့်နှစ်မှာ ပေါက်ဈေး အမေရိကန်ဒေါ်လာ ၄၇ သန်းရှိပါတယ်။
ရုရှားလုပ် စက်နှစ်လုံးတပ် Su-30SME ဦးပိုင်းမှာ ရေဒါနဲ့ လေယာဉ်သုံး အီလက်ထရွန်နစ်ပစ္စည်းတွေ တပ်ဆင်ထားပါတယ်။ စက်သေနတ်၊ ဗုံး၊ ဝေဟင်ပစ်ဒုံးကျည်၊ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးနဲ့ မြေပြင်ခွင်းဒုံး စတဲ့လက်နက်တွေတင်ဆောင်နိုင်အောင် ဒီဇိုင်းဆွဲထားပြီး ပဲ့ထိန်းရော ပဲ့ထိန်းမဲ့ ဒုံးတွေလည်း သုံးနိုင်ပါတယ်။
EurAsian Times သတင်းမှာလည်း Su-30 SME ဟာ စက်တစ်လုံးတပ် တိုက်လေယာဉ်ထက်သာပြီး JF-17 ဝေဟင်မပျံသန်းနိုင်ချိန်မှာ စစ်ကောင်စီ စစ်ဆင်ရေးတွေမှာ အထောက်အကူ ဖြစ်နိုင်တယ်လို့ မလေးရှားအခြေစိုက် စစ်တပ်လေကြောင်းရေးရာကျွမ်းဝင်သူ လေယာဉ်ပြုပြင်ထိန်းသိမ်းရေး သမားဟောင်း Amiruddin Arif Ismail က ပြောတယ်လို့ ဖော်ပြပါတယ်။
Su-30 SME တပ်တော်ဝင်ပြီးရင် သုံးတော့မယ်လို့လည်း ပြောပြီး တစ်ဆက်တည်းမှာလည်း ဒီတိုက်လေယာဉ်မှာ စက်နှစ်လုံးပါရုံမက အီလက်ထရွန်နစ် နည်းပညာကလည်းမြင့် လေယာဉ်တည်ဆောက်ထားပုံကလည်း ပိုထူးခြားတဲ့အတွက် ထိန်းသိမ်းစရိတ်က ပိုကုန်ကျလိမ့်မယ်လို့ ဖော်ပြထားပါတယ်။