တမူးမြို့နယ် နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု ခပ်စိပ်စိပ်ဖြစ်လာ
2024.08.15
အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့ မဏိပူရ်ပြည်နယ် မိုရေးမြို့ အကြား နယ်စပ်အနီးမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု မကြာခဏဖြစ်လာပြီး သေဆုံး၊ ထိခိုက်မှုရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လနဲ့ ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံသားတစ်ဦးနဲ့ မြန်မာစစ်ဘေးဒုက္ခသည်လေးဦး သေဆုံးခဲ့ပြီး ဆယ်ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့က မြန်မာဘက်မှာရှိတဲ့နေအိမ်ကို ခဏပြန်သွားခဲ့တဲ့ စစ်ဘေးဒုက္ခသည်တွေ မိုင်တိုင်အမှတ် ၉၁ နဲ့ ၉၂ အကြားမှာ မြေမြှုပ်မိုင်းနင်းမိပြီး လူငယ်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဗုံးပေါက်ကွဲတဲ့ဟာတွေက နယ်စပ်လို့သာပြောတာ၊ ဗမာပြည်ထဲမှာ ပေါက်တာတွေများတယ်။ ဒါကြောင့်မို့ ဗမာပြည်ကလူတွေ ပိုထိတာများတယ်"
အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် လူသွားလမ်းတွေမှာ မိုင်းတွေ အများကြီးရှိတယ်လို့ တမူးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တော်တော်များများကို ထောင်ထားတယ်။ အဓိက နယ်စပ်တစ်လျှောက်မှာပေါ့နော်။ လူသွားလမ်းရှိရင် လူဝင်နိုင်တာရှိတယ်ဆိုပြီး ထောင်ထားကြတယ်။ စစ်ကောင်စီထောင်ထားတာပဲ။ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာဆိုရင် မှိုရှာရင်းထိတာပေါ့နော်။ ပြီးတော့ အိန္ဒိယနိုင်ငံသား သုံးယောက်ထိတယ်။ ဒါတော့ အိန္ဒိယသတင်းမှာတော့ သူတို့ အိန္ဒိယသူပုန်လို့ ယူဆတယ်ပေါ့နော် မိုင်းကြောင့်ပါပဲ"
ဇူလိုင်လ ၂၅ ရက်နေ့ကလည်း မြန်မာဘက်နယ်စပ်မှာ မြေမြှုပ်မိုင်းကြောင့် တန်ကူနာဂလက်နက်ကိုင်အဖွဲ့ရဲ့ အိန္ဒိယနိုင်ငံသားအရာရှိတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၆ ရက်ကလည်း မိုရေးမြို့ဘက်ကနေ တမူးဘက်ကို နွားကျောင်းသွားတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေ မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့သလို နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်းကြောင့် မြန်မာနိုင်ငံသားတွေ ပိုပြီးထိခိုက်ရတယ်လို့ ကဘော်ချိုင့်ဝှမ်းဒေသ၊ ဗမာပြည်ဒုက္ခသည်များ ကော်မတီ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"အိန္ဒိယမှာ သူပုန်ထတဲ့သူတွေ နယ်စပ်မှာ အဝင်အထွက်ရှိတဲ့အတွက် နယ်စပ်မှာ သူတို့မိုင်းထောင်တာရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ထောင်တယ်။ သူတို့ ရှိတယ်မိုင်းပေါက်တယ်။ သူတို့တင်မကဘူး၊ စစ်ဘေးရှောင် အရပ်သားတွေပါထိတယ်။ အခုဖြစ်နေတဲ့ ဗုံးပေါက်ကွဲတဲ့ဟာတွေက နယ်စပ်လို့သာပြောတာ၊ ဗမာပြည်ထဲမှာ ပေါက်တာတွေများတယ်။ ဒါကြောင့်မို့ ဗမာပြည်ကလူတွေ ပိုထိတာများတယ်"
မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်း (N Biren Singh) ကတော့ နယ်စပ်က မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ပြောကြောင်း အိန္ဒိယအခြေစိုက် Hindustan Times သတင်းက ဩဂုတ်လ ၃ ရက်နေ့မှာ ဖော်ပြထားပါတယ်။
လိုအပ်တဲ့ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနတွေကို အစီရင်ခံစာ ပေးပို့သွားမဲ့အကြောင်း ဘီရန်ဆင်းက ပြောတယ်လို့လည်း ရေးသားထားပါတယ်။
မဏိပူရ် လွှတ်တော်အမတ်တစ်ဦးကတော့ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေဟာ နယ်စပ် မိုင်တိုင်အမှတ် ၉၁ နဲ့ ၉၄ အကြားမှာ အများဆုံးဖြစ်နေပြီး မြန်မာပြည်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေက ထောင်ထားတာလို့ ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြခဲ့ပါတယ်။
တမူးကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၄) တာ၀န်ရှိသူတစ်ဦးကတော့ နယ်စပ်တွေမှာ မြေမြှုပ်မိုင်းထောင်တာမျိုး မရှိဘူးလို့ RFA ကို ပြောပါတယ်။
"ကျွန်တော်ပြောရမယ်ဆိုရင် ကျွန်တော်တို့မှာ မိုင်းမသုံးဘူးဗျ။ ကျွန်တော်တို့ သုံးတဲ့မိုင်းက ဆွဲမိုင်းလောက်ပဲ သုံးတာ"
အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Shri Ajit Doval ဟာ ဇူလိုင် ၂၆ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံပြီး နယ်စပ်ဒေသတည်ငြိမ်ရေး အပါအဝင် ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
ဆက်နွှယ်သောသတင်းများ
အိန္ဒိယ - မြန်မာနယ်စပ် မြေမြှုပ်မိုင်း မကြာခဏပေါက်ကွဲမှု အိန္ဒိယအစိုးရ စုံစမ်းစစ်ဆေးမည်
အိန္ဒိယ - မြန်မာ နယ်စပ်မှာ မြေမြှုပ်မိုင်းကြောင့် စစ်ဘေးဒုက္ခသည်နှစ်ဦး သေဆုံး
တမူးမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံနှစ်ဦး သေဆုံး
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ်နဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဒုတိယ ၀န်ကြီး ဦးလွင်ဦးတို့လည်း ဩဂုတ် ၉ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ စီမံခန့်ခွဲမှုတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မဏိပူရ်အစိုးရတာ၀န်ရှိသူတွေဟာ စစ်ကောင်စီနဲ့ပေါင်းပြီး မြေမြှုပ်မိုင်းကိစ္စကို စုံစမ်းစစ်ဆေးလာနိုင်တယ်လို့ အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (India For Myanmar) တည်ထောင်သူ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။
"မြန်မာနိုင်ငံဘက်ခြမ်းကို အိန္ဒိယတာ၀န်ရှိတဲ့သူတွေက ၀င်ပြီးမှ စစ်ဆေးပိုင်ခွင့်တော့ မရှိဘူး။ သို့သော် နယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံဘက်က စကစတာ၀န်ရှိတဲ့သူတွေနဲ့ လက်တွဲပြီးတော့မှ စစ်ဆေးတာတွေ လုပ်လို့ရမယ်။ နယ်စပ်ဘက်က စကစနဲ့ပဲ လက်တွဲလုပ်ဆောင်ဖို့ များပါတယ်"
မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာ၀န်ကြီး ဦးညွန့်၀င်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဒါ့အပြင် နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံးနဲ့ ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။
တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ဘက်က ကျေးရွာတွေမှာ စစ်ဘေးဒုက္ခသည်အဖြစ် တိမ်းရှောင်နေကြသူ မြန်မာနိုင်ငံသား ခြောက်ထောင်နီးပါးရှိတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီရင်ခံစာတွေအရ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ်၊ မတ်လအထိ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းပေါက်ကွဲမှု (၁၂၁၄) ကြိမ်ဖြစ်ခဲ့ပြီး ၄၂၂ ဦး သေဆုံးခဲ့သလို ၁၆၄၃ ဦး ဒဏ်ရာရခဲ့ပါတယ်။