တန့်ဆည်မှာ ဘီလူးစစ်ကြောင်း ဝင်ရောက်စဉ် ၁၁ ဦး သတ်ဖြတ်ခံရ

RFA Burmese
2024.03.04
တန့်ဆည်မှာ ဘီလူးစစ်ကြောင်း ဝင်ရောက်စဉ် ၁၁ ဦး သတ်ဖြတ်ခံရ ကံထူးမရွာရှိ တိုက်နယ်ရဲစခန်းကို တန့်ဆည်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ကို ထုတ်ပြန်ထားစဉ်။
အမှတ်-၁ စစ်ဒေသ

စစ်ကိုင်းတိုင်းက လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ ကျေးရွာတွေကို ဝင်ရောက်ရှင်းလင်းပြီး ခြေလက်နဲ့ ဦးခေါင်းတွေ ဖြတ်တောက်သတ်ဖြတ်လေ့ရှိတဲ့ ဘီလူးစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၃ ရက်ကနေ မတ်လ ၁ ရက်နေ့အတွင်း တန့်ဆည်မြို့နယ်က အမျိုးသား ၁၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ တန့်ဆည်မြို့နယ် ကံထူးမ၊ ဝရငယ်၊ ဆူးပါကုန်း၊ ရွာသစ်ကုန်း၊ အင်ပင်အိုင်၊ ဇီးပေါက်၊ ပန်းတိမ်ကုန်းနဲ့ ခံတောရွာက အသက် ၂၅ နှစ်ကနေ အသက် ၇၀ ကြားအရွယ် အမျိုးသားတွေ ဖြစ်ပါတယ်။ အဲဒီအထဲက ကိုးဦးက အရပ်သား၊ ကျန်နှစ်ဦးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“အလောင်းတွေ အကုန်လုံးနီးပါးက ယောကျ်ားအင်္ဂါတွေရော လှီးပြီးတော့ ဗိုက်တွေပွင့်ပြီး လက်တွေ၊ ခြေထာက်တွေ၊ ခေါင်းတွေ တခြားစီ ဖြတ်ထားခဲ့တာ"

စုစုပေါင်း အသတ်ခံရသူ ၁၁ ဦးထဲက ကိုးဦးဟာ ခြေလက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက် သတ်ဖြတ်ခံထားရတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“အလောင်းတွေ အကုန်လုံးနီးပါးက ယောကျ်ားအင်္ဂါတွေရော လှီးပြီးတော့ ဗိုက်တွေပွင့်ပြီး လက်တွေ၊ ခြေထာက်တွေ၊ ခေါင်းတွေ တခြားစီ ဖြတ်ထားခဲ့တာ။ အလောင်း ၁၁ လောင်းမှာ ကိုးလောင်းက အကုန်လုံး အဲဒီလို ဖြတ်ထားခဲ့တာ။ သူတို့သွားတဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို ခေါ်သွားပြီး အဲလိုပဲ လုပ်ထားခဲ့တာ။ အလောင်းတွေကို မနေ့ ညနေက နောက်ဆုံးတွေ့တာ နှစ်လောင်းပေါ့၊ ကျန်တာတွေကတော့ အစောပိုင်းကတည်းက တွေ့တာ။ အလောင်းတစ်လောင်းဆိုရင် ခေါင်းဖြတ်ပြီး မိတ်ကပ်တွေလိမ်းပြီး မျက်မှန်တပ်၊ ဆေးလိပ်တွေတပ် ပေးထားလိုက်တာ”

သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေကို ကံထူးမရွာအပါဝင် အနီးတစ်ဝိုက်က ကျေးရွာတွေနဲ့ တောစပ်တွေမှာ ပြန်တွေ့ရတာလို့ သူက ပြောပါတယ်။

ရွာသစ်ကုန်းက အသက် ၄၅ နှစ်အရွယ် ဦးဆန်းပိုလည်း စစ်ကြောင်းဝင်လာလို့ ကြောက်လန့်ထွက်ပြေးချိန် လမ်းခုလတ်မှာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသစ်ကုန်းရွာသား တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းကို သူက ကြောက်လို့ဆိုပြီး ရှောင်ရင်းနဲ့ပြေးတာ၊ သူက ခြေလျင်လည်း မပြေးနိုင်ဘူး၊ ရောဂါသည် ဂေါက်သမားဆိုတော့။ ဆိုင်ကယ်နဲ့ ပြေးတာကို စစ်ကြောင်းသွားတဲ့လမ်းကြောင်းမှာ ထိပ်တိုက်သွားတိုးပြီး အဖမ်းခံရတာ“

ဖေဖော်ဝါရီလ ၂၉ ရက်နေ့က အဖမ်းခံရတဲ့ ဦးဆန်းပိုရဲ့ ရုပ်အလောင်းကို မတ်လ ၁ ရက်နေ့က ရွာသစ်ကုန်းရွာ အထွက်မှာ ပြန်တွေ့ခဲ့တာလို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ တန့်ဆည်မြို့နယ် ကံထူးမရွာ တိုက်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကံထူးမရွာကို ဘီလူးစစ်ကြောင်း ရောက်လာပြီး နေအိမ်တွေကို စတင်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် ကံထူးမရွာအနောက်ဘက်ခြမ်းက ကျေးရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးခဲ့ပြီး အမျိုးသား ၁၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ မတ်လ ၂ ရက်နေ့မှာတော့ တန့်ဆည်မြို့ အနောက်ဘက်ခြမ်းကနေ ဘီလူးစစ်ကြောင်း ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီတပ်သားတွေက လက်နက်ကိုင် ပဋိပက္ခကြာရှည်နေတာဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေကြောင့် လို့ယူဆပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရော ရွာသားတွေကိုပါ အခုလို သတ်ဖြတ်မှုမျိုးတွေ ကျူးလွန်နေတာလို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လေတပ်ဗိုလ်ကြီး ဇေသူအောင် က ပြောပါတယ်။

"စစ်သားတွေက ဦးနှောက်သိပ်မရှိဘူးဗျ။ မရှိတဲ့အခြေအနေမှာ စစ်ကောင်စီ စစ်သားတွေက အနားမရတာက ဒီလိုတော်လှန်ပုန်ကန်နေတဲ့ ကောင်တွေကြောင့်မို့လို့ သူတို့အနားမရတာပဲဆိုပြီးတော့ သူတို့က ယူဆကြတယ်။ သူတို့မိသားစုတွေနဲ့လည်း မတွေ့ရတာ နှစ်နဲ့ချီနေပြီ။ အနားမရတာက ဒီ PDF တွေကြောင့်ဆိုပြီး အယူအဆတွေ ကြောင့် ဒီလိုမျိုးဖြစ်လာတဲ့အခါကျတော့ အမုန်းတရားတွေ ပိုပွားလာတာပါ"

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ် မဲအိုးရွာက ရွာသားငါးဦးကို စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်းက ဖမ်းဆီးပြီး ကိုယ်အင်္ဂါတွေကို ခုတ်ပိုင်းသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။