တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီး တီးတိန်ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြ

RFA Burmese
2025.01.10
တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီး တီးတိန်ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြ ချင်းပြည်နယ်၊ တီးတိန်မြို့ တစ်နေရာကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ချင်းပြည်နယ်၊ တီးတိန်မြို့ခံတွေဟာ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တာကြောင့် ဒီဇင်ဘာလကုန်ကနေ ဒီနေ့အထိ ပစ္စည်းတွေ ပြောင်းရွှေ့နေကြသလို ထွက်ပြေးသွားသူလည်း နှစ်ထောင်ခန့် ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ကစပြီး တီးတိန်မြို့မှာ ဈေးဆိုင်တွေ အကုန်ပိတ်ထားပြီး စစ်ကောင်စီ ဝန်ထမ်းတွေလည်း အကုန်တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

“ဒေသခံတွေကတော့ ချင်းတော်လှန်ရေးတပ်တွေအချင်းချင်း ပဋိပက္ခဖြစ်လာမှာကို စိုးရိမ်နေရပါတယ်”

အများစုဟာ တီးတိန်မြို့နယ်က ကျေးရွာတွေနဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်ကို ပြောင်းရွှေ့ကြသလို အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကိုလည်း ပြောင်းရွှေ့နေကြတယ်လို့ တီးတိန်ဒေသခံ တစ်ဦးက ပြောပါတယ်။

“တပ်ကုန်းနဲ့နီးတဲ့ နေရာတွေ၊ ရဲစခန်းနဲ့နီးတဲ့ နေရာတွေမှာ ရှိတဲ့လူတွေက ကြိုတင်ပြင်ဆင်ပြီးတော့ ပစ္စည်းတွေ ပြောင်းရွှေ့ကြတယ်။ ပြီးတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးရှိတဲ့ မိသားစုတွေ ကလေးမြို့ထဲမှာ သွားကြတယ်၊ ရွှေ့ကြတယ်။ တစ်နေ့ထက်တစ်နေ့ ‌ပိုပိုများလာတယ်။ ဖလမ်းပြီးရင် တီးတိန်တိုက်ရမဲ့ အခြေအနေရှိတော့ ပြည်သူတွေလည်း ကြိုတင်ပြင်ဆင်ပြီး ထုတ်တာလို့ ကျွန်တော် ထင်တယ်”

ဒေသခံတွေကတော့ အခုတစ်ပတ်အတွင်း ပစ္စည်းတွေ အပြီးရွှေ့ဖို့ ချင်းပြည်ကောင်စီ အဖွဲ့ဝင်ဖြစ်တဲ့ တီးတိန်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDA) က အသိပေးထားတာလို့ ပြောပါတယ်။

ပစ္စည်းတွေ ရွှေ့ခိုင်းတာနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ တီးတိန် PDA အဖွဲ့နဲ့ ချင်းပြည်ကောင်စီအဖွဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ ခေါ်နူးသုမ် သတင်းဌာနကိုတော့ တီးတိန်မြို့မှာ စစ်ရေးလှုပ်ရှားမှု မရှိဘူးလို့ ဆလိုင်းထက်နီက ဖြေဆိုထားပါတယ်။

PDF Zoland တာဝန်ရှိသူ တစ်ဦးကတော့ သူတို့အနေနဲ့ ပြောင်းရွှေ့ခိုင်းတာမျိုး မရှိသေးဘဲ တိမ်းရှောင်ဖို့ လိုအပ်တဲ့အခါမှသာ အချိန်မီ သတင်းထုတ်ပြန်သွားမယ်လို့ RFA ကို ပြောပါတယ်။

“တီးတိန် မြို့သိမ်းတိုက်ပွဲအတွက်တော့ ကျွန်တော်တို့ ပြင်ဆင်ထားတာတော့ ရှိပါတယ်။ အတိုင်းအတာ တစ်ခုအထိ ကျွန်တော်တို့ အချိန်ယူမယ်။ ပြီးရင်တော့ ကျွန်တော်တို့ သိမ်းဖို့ရှိမယ်ပေါ့လေ။ ဒီဟာ တီးတိန် မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ CB အနေနဲ့ PDF Zoland အနေနဲ့ရော ဒီလိုမျိုးထုတ်ပြန်တာ မရှိသေးဘူးဗျ။ ဒါတစ်ဖက်က CNA အနေနဲ့ ဒီသတင်းတွေ လွှင့်ပြီးမှ တီးတိန်မြို့ကို တိုက်မယ်ဆိုတဲ့ဟာကြောင့် တီးတိန်ပြည်သူတွေ အထိတ်အလန့်ဖြစ်ပြီးမှ သူတို့ရဲ့ပစ္စည်းတွေကို ရွှေ့တာ ဖြစ်တယ်ပေါ့နော်။ ဒီဟာအနေနဲ့ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်တာတော့ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနီးကပ်မှ ပြည်သူလူထုကို အသိပေးမယ်ပေါ့နော်”

ချင်းအမျိုးသား တပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ တပ်တွေဟာ တီးတိန်မြို့နယ်မှာပါ စစ်ရေး စတင်လှုပ်ရှားလာတယ်လို့ PDF Zoland အဖွဲ့က‌ ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ချင်းပြည်နယ်ရဲ့ နယ်မြေ ၈၅ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထား

မြို့သိမ်းတိုက်ပွဲတွေ ဆက်လုပ်ဖို့ ICNCC တိုက်တွန်း

ဖလမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ခုနစ်ဦး သေဆုံး


ဒေသခံတွေကတော့ ချင်းတော်လှန်ရေးတပ်တွေအချင်းချင်း ပဋိပက္ခဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ အမည်မဖော်လိုတဲ့ တီးတိန်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီအပတ်အတွင်းမှာ အကုန်လုံး သယ်ရမယ်။ အဲဒီလိုမျိုးတော့ ပြောကြတယ်။ အဲဒီလိုမျိုးကတော့ PDA အဖွဲ့က ပြောတာပေါ့နော်။ ပစ္စည်းတွေက သူတို့ဆိုင်ရာ ဆိုင်ရာပေါ့၊ သူတို့ တချို့တွေက သူတို့ဇာတိရွာမှာ ထားကြတယ်။ တချို့တွေကတော့ ကလေးမြို့ဘက်မှာ ရွှေ့ကြတယ်။ CC ကလည်း မမျှော်လင့်ဘဲနဲ့ မြို့ထဲမှာ ဝင်ကောင်း ဝင်နိုင်တယ်လေ။ ပြည်သူလူထုတွေအနေနဲ့ တစ်ဖွဲ့က စာထုတ်ထားပေမဲ့ တစ်ဖွဲ့က ကျန်သေးတယ် ဆိုတော့လေ။ နောက်တစ်ဖွဲ့က စာထုတ်ထားတာတွေ မရှိဘူးဆိုတော့”

ဒေသခံတွေ ထွက်ပြေးနေရတဲ့ကိစ္စ အတိအကျသိရဖို့ ချင်းပြည်နယ် စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

၂၀၂၄ ခုနှစ်၊ မေ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့ကလည်း တီးတိန်မြို့‌ပေါ်မှာ ချင်း‌ညီနောင် ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် မြို့ခံတစ်သောင်းခွဲကျော် ဘေးလွတ်ရာ ထွက်‌ပြေးခဲ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းအပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံသွားကြသူများကို ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဥ်။ (Reuters Photo)
စစ်တပ်က အာဏာသိမ်းအပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံသွားကြသူများကို ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဥ်။ (Reuters Photo)

တိုက်ပွဲတွေ ပြန်ငြိမ်သွားပြီး ဇွန်လကုန်မှာတော့ လူဦးရေ တစ်သောင်းဝန်းကျင်သာ တီးတိန်မြို့ကို ပြန်လည် အခြေချနေထိုင်ခဲ့ကြတာပါ။

လက်ရှိ ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ် ကိုးမြို့နယ်အနက် ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်နဲ့ တွန်းဇံကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားပြီး ဖလမ်းနဲ့ ထန်တလန်မြို့နယ်တွေမှာ တိုက်ပွဲ ဆက်ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။