တိုက်ပွဲတွေကြောင့် တီးတိန်မြို့ခံအားလုံးနီးပါး ထွက်ပြေးနေရ
2024.05.28
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့မှာ မေ ၂၆ ရက်နေ့ညကနေ ၂၇ ရက်နေ့ မနက်အထိ ချင်းညီနောင် ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် မြို့ပေါ် ဒေသခံတစ်သောင်းခွဲကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တီးတိန်မြို့၊ မြို့မရပ်ကွက် နာရီစင်အနီးမှာရှိတဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သလို မေ ၂၈ ရက်နေ့ ဒီနေ့လည်း နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဆိုပါတယ်။
“တီးတိန်မြို့၊ မြို့မရပ်ကွက် နာရီစင်အနီးမှာရှိတဲ့ နေအိမ်သုံးဆယ်ခန့်ကို မီးရှို့ခဲ့ပါတယ်”
ဒေသခံတွေဟာ ကလေးမြို့နယ်နဲ့ ရိခေါ်ဒါရ်မြို့အပြင် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တီးတိန်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ဒေသခံတွေအများစုက မနေ့က ထွက်ပြေးကြတယ်။ အများစုက ကလေးမြို့ကို ထွက်ပြေးကြတယ်။ တတ်နိုင်တဲ့လူကတော့ အိန္ဒိယဘက် ကျန်ဖိုင်းမှာလည်း ထွက်ပြေးတဲ့သူရှိတယ်”
စစ်ကောင်စီတပ်သားတွေဟာ မေ ၂၇ ရက် နေ့လယ်ပိုင်းက တီးတိန်မြို့၊ မြို့မရပ်ကွက် နာရီစင်အနီးမှာရှိတဲ့ နေအိမ်သုံးဆယ်ခန့်ကို မီးရှို့ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မီးရှို့ခံရတဲ့ဟာကျတော့ မြို့မရပ်ကွက် နာရီစင်နားက အိမ်တွေရယ်၊ ပြီးတော့ ဆက်သွယ်ရေးရုံးအောက်နားက အိမ်တွေပေါ့။ ထွေအုပ်နားက အိမ်တွေ အကုန်လုံးတော့ မီးရှိ့ခံရတယ်”
မေ ၂၇ နေ့ မနက်ကလည်း တီးတိန်မြို့ပေါ်ကနေ ဆိုင်ကယ်နဲ့ထွက်ပြေးတဲ့ ဒေသခံနှစ်ဦး လက်နက်ကြီးထိမှန်တာကြောင့် အဲဒီထဲက အသက် ၄ဝ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းသူအမျိုးသား ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သေတဲ့အချိန်မှာ သူအိမ်မှာ မထားတော့ဘဲနဲ့ တစ်နေရာမှာ ထားတယ်။ ဒီနေ့မနက်ပိုင်းမှာ တီးတိန်မြို့မှာပဲ သင်္ဂြိုဟ်တယ်။ သူနဲ့အတူထိတဲ့ တစ်ဝမ်းကွဲအကိုက ခြေတစ်ဖက် အရိုးကျိုးသွားပြီးတော့ အခုက ကလေးမြို့ဆေးရုံတစ်ခုမှာ ဆေးကုသခံယူနေရတယ်”
PDF Zoland ထိန်းချုပ်နယ်မြေဖြစ်တဲ့ တီးတိန်မြို့နယ် မွောလ်ဘင်နဲ့ ဗန်တဲကျေးရွာ နှစ်ခုကိုလည်း မေ ၂၆ ရက်နေ့ မနက်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။
တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ လျှပ်စစ်ရုံးနဲ့ ဆက်သွယ်ရေးရုံးတို့ကို ချင်းညီနောင်အဖွဲ့တွေ ဝင်ရောက်သိမ်းပိုက်ပြီး စစ်ကောင်စီတပ်သား ကိုးဦးကို ဖမ်းမိထားတယ်လို့ PDF Zoland တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ရဲ့ EPC ရယ် သုံးနေရာလောက်ရှိတယ်။ တောင်ကုန်းတစ်ခုလို ဖြစ်နေတယ်။ အမြင့်ဆုံးကတော့ EPC ရုံးပေါ့။ အဲဒီနေရာတွေကိုတော့ သိမ်းလိုက်တယ်။ ပြီးတော့ သုံ့ပန်းလည်း ကိုးယောက်ဖမ်းမိတယ်။ အသေလည်း ရှိတယ်”
အဲဒီတိုက်ပွဲအတွင်း PDF Zoland တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သလို ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုလည်း ဥပဒေနဲ့အညီ ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။
တီးတိန်အခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
၂၀၁၉ ခုနှစ်၊ အထွေထွေ အုပ်ချုပ်ရေးဌာနစာရင်းအရ တီးတိန်မြို့နယ်မှာ လူဦးရေ တစ်သိန်းနီးပါး (၉၆,၆၂၄ ဦး) ရှိပြီး မြို့ပေါ်မှာ တစ်သောင်းခွဲကျော် (၁၅,၉၁၁ ဦး) နေထိုင်ကြပါတယ်။
ချင်းပြည်နယ်မှာ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလနဲ့ ဆူခွာမြို့တို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်နဲ့ ဆမီးမြို့ကိုတော့ ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။