ကုမ္ပဏီကြီးတွေ ထွက်ခွာမှု စစ်ကောင်စီအတွက် ဘဏ္ဍာရေးထိန်းချုပ်ခွင့် ပိုမိုရရှိစေ

ဦးသစ်ဆင်း(ဝါရှင်တန်ဒီစီ)
2022.09.28
Share on WhatsApp
Share on WhatsApp
ကုမ္ပဏီကြီးတွေ ထွက်ခွာမှု စစ်ကောင်စီအတွက် ဘဏ္ဍာရေးထိန်းချုပ်ခွင့် ပိုမိုရရှိစေ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ကလေးမြို့တွင် “သွေးစွန်းငွေ ဖြတ်တောက်ရေး” လှုပ်ရှားမှု ပါဝင်ဆန္ဒပြနေကြသူများ။
Photo: Citizen Journalist

ပြီးခဲ့တဲ့ ဇူလိုင်လက ပြင်သစ်ရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီ TotalEnergies ဟာ မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်သုံးဆယ်ဝန်းကျင် လုပ်ကိုင်ခဲ့ပြီးတဲ့နောက် ထွက်ခွာသွားခဲ့တာပါ။

ပြင်သစ်တိုတယ်ကုမ္ပဏီဟာ ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့လုပ်ကွက်မှာ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းတည်ထောင် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး အဲဒီအချိန်တုန်းက နိုင်ငံတကာစီးပွားရေး ပိတ်ဆို့ခံနေရတဲ့ အရင်စစ်အစိုးရအတွက် ဘဏ္ဍာရေးအရ အသက်ဆက်ပေးခဲ့တဲ့ ကော်ပိုရေးရှင်းကြီးလည်းဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် EarthRights International အဖွဲ့ရဲ့ ၁၉၉၆ ခုနှစ် အစီရင်ခံစာတစ်ရပ်မှာလည်း ရတနာစီမံကိန်းမှာ ဥပဒေမဲ့သတ်ဖြတ်မှုတွေ၊ အဓမ္မခိုင်းစေတာတွေ၊ ထိုင်းနိုင်ငံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းချင်းဆက်သွယ်ရေးမှာ ဒေသခံတွေအနေနဲ့ မြေယာအိုးအိမ်ပိုင်ဆိုင်မှု ဆုံးရှုံးရတာတွေ ပေါ်ပေါက်ခဲ့ကြောင်း ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ထပ်စစ်အာဏာသိမ်းခဲ့ချိန်မှာလည်း ၁၀ နှစ်ကြာ တစ်ဝက်တစ်ပျက် ဒီမိုကရေစီ အဆုံးသတ်သွားခဲ့ပြီး TotalEnergies ဟာလည်း တက်ကြွလှုပ်ရှားသူတွေအတွက် ထပ်မံစောင့်ကြည့်စရာဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝသယံဇာတတွေ တစ်စတစ်စ လျော့နည်းလာနေပေမယ့် ရေနံနဲ့ဓာတ်ငွေ့တင်ပို့မှုက နိုင်ငံ့အကြီးဆုံးနိုင်ငံခြားငွေရရှိရာ အရင်းအမြစ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း နယ်စပ်ကျော်ပို့ကုန်ကနေ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခွဲ ရရှိခဲ့ကြောင်း စစ်ကောင်စီကပြောပါတယ်။ ဒါပေမဲ့ အဲဒီရရှိထားတဲ့ ဘဏ္ဍာငွေတွေဟာ အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်အုပ်ချုပ်ရေးအပေါ် နိုင်ငံအနှံ့ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးကို ချေမှုန်းရာမှာ သုံးစွဲခဲ့ကြောင်း Foreign Policy မဂ္ဂဇင်းက ဖော်ပြပါတယ်။

မြန်မာတက်ကြွလှုပ်ရှားသူတွေ ဦးဆောင်တဲ့ Bloody Money Campaign သွေးစွန်းငွေကြေးဆန့်ကျင်ရေး လှုပ်ရှားမှုကလည်း၊ Total Energies အပါအဝင် မြန်မာနိုင်ငံတွင်းက တခြားပြည်ပစွမ်းအင်ကုမ္ပဏီတွေအနေနဲ့ လူသားအဖြစ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ပံ့ပိုးပေးနေတာတွေရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။ အဓိကတောင်းဆိုတာကတော့ အခွင့်အရေးတွေကို မပယ်ဖျက်ဘဲ အရင်းအနှီးတွေကို ငွေကြေးဆိုင်ရာအဖွဲ့တစ်ရပ်ထံမှာ ဒီမိုကရေစီအစိုးရတစ်ရပ် အာဏာရလာတဲ့အထိ ရန်ကုန်မှာ ထားရှိဖို့၊ တချို့တစ်ဝက်ကို အိမ်နီးချင်းထိုင်းနိုင်ငံမှာ ထားရှိဖို့ ဖြစ်ပါတယ်။

image (12).jpg
အိုင်ယာလန်နိုင်ငံ Dublinမြို့တွင် အောက်တိုဘာ ၃၀ ရက်နေ့က ပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု သပိတ်တွင် ပါဝင်ခဲ့သူတချို့ကို တွေ့ရစဉ်။ Photo: Blood Money - သွေးစွန်းငွေ/Facebook)

ထိုင်းဟာ ရတနာစွမ်းအင်လုပ်ကွက်က သဘာဝဓာတ်ငွေ့တွေကို အများဆုံး ရရှိနေတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ အရပ်ဘက်အဖွဲ့ ၄၆၂ ဖွဲ့က ကုမ္ပဏီတွေအနေနဲ့ တစ်စုံတစ်ရာ မဆောင်ရွက်ဘဲ နေကြမယ်ဆိုရင် သူတို့ရှိနေတာဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီကို တရားဝင်ဖြစ်စေရာရောက်ပြီး ရင်းနှီးမြှုပ်နှံမှုရဲ့လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုတွေကို လျော့ပါးစေမှာမဟုတ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ပြင်သစ်တိုတယ်နဲ့ အမေရိကန်အခြေစိုက်ရှက်ဗရွန် တို့က ဇန်နဝါရီလအတွင်း ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံတွင်းက ယိုယွင်းလာနေတဲ့ လူ့အခွင့်အရေးအခြေအနေတွေကြောင့် နိုင်ငံကနေထွက်ခွာမှာဖြစ်ကြောင်း ကြေညာခဲ့ရာမှာ၊ တက်ကြွလှုပ်ရှားသူတွေ က တစ်ခဲနက်ကြိုဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံကို အာရုံစိုက်စောင့်ကြည့်နေတဲ့ Progressive Voice အဖွဲ့ကလည်း ကုမ္ပဏီတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ကြီးမားတဲ့အောင်ပွဲအဖြစ် ကြိုဆိုလိုက်ပြီး၊ အစိုးရတွေအနေနဲ့ မြန်မာ့ရေနံနဲ့ဓါတ်ငွေ့ကဏ္ဍကို ပိတ်ဆို့အရေးယူသင့်ကြောင်းလည်း ဆော်သြလိုက်ပါတယ်။ ရှက်ဗရွန်ဟာ မြန်မာနိုင်ငံက ရတနာကုမ္ပဏီနဲ့ ဖက်စပ် ဆောင်ရွက်နေတာပါ။

မြန်မာနိုင်ငံရဲ့ စွမ်းအင်စီမံကိန်းတွေအတွက် စွမ်းအင်မူဝါဒ ကိုးချက်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ၊ ဦးသိန်းစိန်အစိုးရလက်ထက်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ စွမ်းအင်ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင် နဲ့ စွမ်းအင်ဆိုင်ရာသဘာဝအရင်းမြစ်တွေ မထိခိုက် မပျက်ပြုန်းစေဖို့၊ လျှပ်စစ်ထုတ်လုပ်ရာမှာ ပုဂ္ဂလိကကဏ္ဍကိုပါ ထည့်သွင်းဖို့၊ စွမ်းအင်ဆိုင်ရာစီမံကိန်းတွေမှာ အခြေခံအချက်အလက်တွေကို မှန်ကန်စွာကောက်ယူဖို့ ၊ စွမ်းအင်ထုတ်ယူရာမှာ ပြည်တွင်းကို ဦးစားပေးပြီး ပိုလျှံမှသာ တခြားကို ဖြန့်ဖြူးဖို့၊ ပြန်ပြည့်မြဲစွမ်းအင်ကို ဦးစားပေးသုံးစွဲဖို့ စတဲ့ အချက်တွေပါဝင်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးကို လျှပ်စစ်ရောက်ဖို့အတွက် မဟာစီမံကိန်းသုံးခုကို ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ ရေးဆွဲခဲ့ပါသေးတယ်။ စွမ်းအင်မဟာစီမံကိန်း ဆိုတဲ့ စီမံကိန်းသုံးခုကိုလည်း ကမ္ဘာ့ဘဏ်၊ Asian Development Bank (ADB)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့နဲ့ ပူးပေါင်းရေးဆွဲခဲ့ပါတယ်။

ဒါပေမဲ့ အရပ်ဘက်အဖွဲ့အစည်းများနဲ့ စွမ်းအင်ပညာရှင်များ၊ စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများက ကန့်ကွက်ထားတာလည်းရှိပါတယ်။ အထက်ပါ စွမ်းအင်စီမံကိန်းတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပြီး၊ လက်ရှိမှာလူထုကကန့်ကွက်နေတဲ့ ရေအား၊ ကျောက်မီးသွေး၊ ဂတ်စ်စတဲ့ အကြီးစားလျှပ်စစ်ထုတ်လုပ်ရေးများကို အဓိကအားဖြင့် ဦးစားပေးထားတဲ့အတွက် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာတော့ စွမ်းအင်မူဝါဒကို ချပြထားတာ မရှိသေးပေမယ့် ၂၀၁၇ခုနှစ် ဇွန်လ၂၅ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံး သတင်းစာရှင်းလင်းပွဲမှာ အရေးပေါ်လျှပ်စစ်မီး ရရှိရေးအတွက် တခြားနည်းလမ်းတွေထက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်ယူနည်းကို ပိုမိုအသုံးပြုသင့်ကြောင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရတွေဆီကို တိုက်တွန်းထားတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြန့်ချိနေတဲ့ လျှပ်စစ်ဓာတ်အားတွေရဲ့ ၆၇ ရာခိုင်နှုန်းက အကြီးစားရေအားလျှပ်စစ်စီမံကိန်း တွေကနေဖြစ်ပြီးတော့ ၃၀ ရာခိုင်နှုန်းကတော့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ထုတ်လုပ်ရေးတွေကနေ ဖြစ်ပါတယ်။

အကြီးစားရေအားလျှပ်စစ်နဲ့ သဘာဝဓာတ်ငွေ့ကနေ လျှပ်စစ်ထုတ်ယူမှုဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု တွေ၊ ဒေသခံလူထုအပေါ်ထိခိုက်မှုတွေ၊ အခွင့်အရေးဆုံးရှုံးမှုတွေ ဖြစ်လာလို့ လူထုက ကန့်ကွက်ကြတာတွေလည်း ဖြစ်ပေါ်နေခဲ့၊ ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။