နိုင်ငံတစ်ဝန်း စာသင်ကျောင်း တစ်သောင်းကျော် ပိတ်ထားရ

RFA Burmese
2024.07.02
နိုင်ငံတစ်ဝန်း စာသင်ကျောင်း တစ်သောင်းကျော် ပိတ်ထားရ မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ကျောင်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။
မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့

စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနစာရင်းအရ နိုင်ငံတစ်ဝန်းမှာ စာသင်ကျောင်း ငါးသောင်းခန့် (၄၈၇၅၃ ကျောင်း) ရှိပြီး အဲဒီထဲက ကျောင်းပေါင်း ၁၃၇ဝဝ ပိတ်ထားရပါတယ်။ အဲဒီထဲမှာ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းက ဒီနှစ်အတွင်း ကျောင်းလေးထောင်ကျော် (၄၂၂၆ ကျောင်း) ပိတ်ထားရတာပါ။

ကိုယ်ထူကိုယ်ထ ကျောင်းတွေရှိပေမဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန် ကြောက်နေရတာကြောင့် စာကောင်းကောင်းမသင်နိုင်ကြပါဘူး။

"အခုတော်လှန်ရေးကာလမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ကျောင်းသားတွေက တကယ်ကိုများပါတယ်"

လူငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့အပေါ် စိုးရိမ်တယ်လို့ မင်းကင်းမြို့နယ် မတောရွာခံ ဦးဌေးက ပြောပါတယ်။

"ကလေးတွေမှာလည်း အများကြီး နစ်နာတယ်၊ ယနေ့ လူငယ် နောင်ဝယ်လူကြီးပေါ့ဗျာ။ တစ်နေ့တစ်ချိန်ကျရင် လူကြီးဖြစ်လာမဲ့ အသီးအပွင့်၊ အဖူးအညွန့်တွေ အညွန့်ချိုးခံနေရတာဖြစ်တယ်။ နောင်တစ်ချိန်ကျရင် ဒီကလေးတွေသည် တော်တဲ့တတ်တဲ့သူ ဖြစ်လာနိုင်တဲ့ အလားအလာတွေကို အညွန့်ချိုးခံနေရတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်"

အလားတူ စာသင်ကျောင်း ၁၅ဝဝ ကျော် (၁၅၅၁ ကျောင်း) ရှိတဲ့ ချင်းပြည်နယ်မှာလည်း ၃၈ ကျောင်းပဲ ဖွင့်နိုင်ပါတယ်။ ဒါဟာ အလွန်ဝမ်းနည်းစရာကောင်းတယ်လို့ တီးတိန်မြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

"တီးတိန်မြို့မှာ ‌ကျောင်းမဖွင့်နိုင်တာကတော့ တော်တော်လေး စိတ်မကောင်းစရာပါပဲ။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့ ပညာရေးလမ်းကြောင်း ပိတ်မိသလိုဖြစ်သွားတာပေါ့။ အဲဒါကတော့ ကလေးတွေရဲ့ အနာဂတ်အတွက် တော်တော်လေး ဝမ်းနည်းစရာကောင်းတယ်လို့ မြင်ပါတယ်"

ရန်ကုန်နဲ့ ဧရာဝတီတိုင်းကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ တိုက်ပွဲတွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ လက်လှမ်းမီတဲ့နေရာတွေမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်ထားပေမဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ NUG ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။

"အခုတော်လှန်ရေးကာလမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ကျောင်းသားတွေက တကယ်ကိုများပါတယ်။ တစ်ဖက်မှာလည်း NUG ပညာရေးကျောင်းတွေကလည်း အခုဖွင့်ပြီး ကျောင်းသားတွေ လက်ခံတာမျိုးတွေ ရှိတာပေါ့။ ဒါပေမဲ့ မြေပြင်ကျောင်းတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့တိုက်ခိုက်မှုတွေကြောင့် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမတွေရဲ့ အသက်အန္တရာယ် ဆုံးရှုံးရတဲ့အထိ ဖြစ်နေပါတယ်"

နိုင်ငံတစ်ဝန်း NUG ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းပေါင်း လေးထောင်ကျော် (၄၃၈၂ ကျောင်း) ရှိပါတယ်။

တီးတိန်မြို့နယ် ကျေးရွာတစ်ခုတွင် ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားသည့် ကျောင်းတစ်ခုတွင် တက်ရောက်နေကြသည့် ကျောင်းသူကျောင်းသားများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
တီးတိန်မြို့နယ် ကျေးရွာတစ်ခုတွင် ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားသည့် ကျောင်းတစ်ခုတွင် တက်ရောက်နေကြသည့် ကျောင်းသူကျောင်းသားများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ကယားပြည်နယ် (ကရင်နီပြည်) မှာလည်း ကရင်နီကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) က ကျောင်းပေါင်း လေးရာကျော် ဖွင့်ထားပါတယ်။ IEC အတွင်းရေးမှူး (၂) ကိုဗညားကတော့ စစ်ပွဲတွေကြားမှာ ပညာရေးစနစ်ပြိုလဲသွားလို့ မဖြစ်တဲ့အကြောင်း ပြောပါတယ်။

"သေချာတာတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ကျဆုံးရှုံးခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှု အပြန်အလှန် သဟဇာတရှိစွာ အတူတကွနေထိုင်နိုင်မှုကို ဖျက်ဆီးရာရောက်ပါတယ်။ အဲဒီအတွက်ကြောင့် မြန်မာနိုင်ငံမှာ ဆက်ပြီးတော့မှ စစ်ပွဲတွေ၊ လူမှုအသိုင်းအဝိုင်းဆိုင်ရာ စစ်ပွဲတွေ၊ လူမှုဘာသာတရားဆိုင်ရာ စစ်ပွဲတွေ၊ သဟဇာတ မရှိဘဲနဲ့ အပြန်အလှန်လက်သင့်ခံနိုင်တဲ့ လေးစားမှုရှိတဲ့ အသိုင်းအဝိုင်းတွေ ပေါ်လာမှာမဟုတ်ဘူး။ မပေါ်လာနိုင်တဲ့အတွက် မြန်မာနိုင်ငံဟာ ဆက်ပြီးတော့မှ ဆိုးရွာတဲ့စစ်ပွဲတွေနဲ့ လူမှုစီးပွားရေးအောက်မှာပဲ ရပ်တည်သွားနိုင်တယ်"

ပညာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ အာဏာမသိမ်းခင်က အခြေခံပညာကျောင်းတွေမှာ နှစ်စဉ် ကျောင်းအပ်နှံသူ ဆယ်သန်းနီးပါးရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ ခုနစ်သန်းနီးပါးသာ ရှိပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း စာသင်ကျောင်းတွေအပေါ် တိုက်ခိုက်မှုတွေဟာ ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ ဆုံးရှုံးရတာအပြင် ကလေးငယ်တွေရဲ့ ပုံမှန်ပညာသင်ကြားခွင့်တွေပါ လျော့ကျစေတယ်လို့ ဇွန်လ ၁၁ ရက်ထုတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

UNOCHA ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံတစ်ဝန်း လူပေါင်း ၄ ဒသမ ၅ သန်းကျော်ဟာ ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လိုအပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။