အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာမှု ဂရုစိုက်မှာမဟုတ်ကြောင်း မြောက်ပိုင်းအဖွဲ့တွေ တုံ့ပြန်
2024.09.03
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီက စက်တင်ဘာလ ၂ ရက်နေ့မှာ သတ်မှတ်ကြေညာလိုက်တာပါ။
စစ်ကောင်စီ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က သတ်မှတ်လိုက်တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
“ငြိမ်းချမ်းရေး မဆွေးနွေးဘဲ တံခါးတွေ ပိတ်ပြီးတော့ စစ်ဘောင်ကို ချဲ့လိုက်တာပေါ့"
ဒီလက်နက်ကိုင်အဖွဲ့တွေဟာ လမ်း၊ တံတား၊ လျှပ်စစ်တာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီးတာ၊ မြို့ရွာတွေကို အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေ ကြဲချတိုက်ခိုက်တာတွေကြောင့် အကြမ်း ဖက်အုပ်စုအနေနဲ့ ကြေညာတာလို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အာရက္ခတပ်တော် (AA) ရဲ့ပြောခွင့်ရသူ ဦးခိုင်သုခကတော့ လက်တွေ့မှာ နိုင်ငံတစ်ဝန်းက ပြည်သူတွေအပေါ် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကသာ အကြမ်းဖက်အဖွဲ့ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
“ပြည်သူကို နေ့စဉ်နေ့တိုင်း အကြမ်းဖက်နေတဲ့သူက ပြည်သူ့ထောက်ခံမှု အပြည့်အဝရှိပြီးတော့မှ ပြည်သူတွေရဲ့ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတွေကို အကြမ်းဖက် အဖွဲ့ကြေညာတယ်ဆိုတာက သူ့ရဲ့ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ထားတဲ့ဟာတွေကို ဖုံးကွယ်ဖို့အတွက် ကြိုးစားတာ။ မြန်မာပြည်မှာ ဒီအကြမ်းဖက်မှု၊ ဒုစရိုက်မှု၊ ရာဇဝတ်မှု မျိုးစုံ ကျူးလွန်နေတာဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် အမည်ခံ ရာဇဝတ်ဂိုဏ်း ဖြစ်တယ်ဆိုတာ မြန်မာပြည်တစ်ပြည်လုံးသိတဲ့ကိစ္စ နောက် နိုင်ငံတကာလည်း သိပြီးသား ကိစ္စ ဖြစ်တယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားရာကနေ စစ်ကောင်စီက အာဏာသိမ်းပြီး တစ်လကျော်အကြာ ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ အကြမ်း ဖက်အဖွဲ့အဖြစ်ကနေ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ ပြီးခဲ့တဲ့ ဇန်နဝါရီလက အပစ်အခတ် ရပ်စဲခဲ့ကြပေမဲ့ ဇွန်လ ၂၅ ရက်နေ့မှာတော့ တစ်ကျော့ပြန်တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်လာပြီး အပစ်ရပ်သဘောတူညီချက်တွေ ပျက်ပြယ်ခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းကစပြီး ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေသလို ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအဖြစ် ဇွန်လ ၂၅ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာပါ။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ပြောခွင့်ရသူ လွေးယေဦးကတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာမှုကို ဂရုစိုက်မှာမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
“အကြမ်းဖက်အဖွဲ့ ကြေညာခြင်း၊ မကြေညာခြင်းက ကျွန်မတို့အပေါ်မှာ အများကြီး သက်ရောက်မှုတော့ မရှိဘူး။ ဘာလို့ဆို အရင်ကလည်း စစ်ကောင်စီဟာ ကျွန်မတို့ကို သောင်းကျန်းတဲ့အဖွဲ့ ဒါမှမဟုတ် မတရား အသင်းဆိုပြီး နာမည်အမျိုးမျိုးနဲ့ တပ်ခေါ်ပြီး ကြေညာတာတွေ ရှိတယ်။ ဒါသည် ယခုချိန် ပထမဆုံး ကြေညာတာ မဟုတ်ပါဘူး။ အဲဒါကြောင့်မို့ ကျွန်မတို့ အပေါ် အများကြီး သက်ရောက်မှု မရှိသလို အများကြီး သဘောထား ပေးလိုခြင်းလည်း မရှိပါဘူး”
တစ်ကျော့ပြန် ၁ဝ၂၇ စစ်ဆင်ရေးတွေမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့အတူ မန္တလေးပြည်သူ့ကာကွယ်ရေး တပ်မတော် MDY-PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့က ပူးပေါင်းပါဝင် တိုက်ခိုက်နေပါတယ်။
ဆက်နွှယ်သောသတင်းများ
အကြမ်းဖက်လုပ်ရပ်တွေကို စစ်ကောင်စီကသာ ကျူးလွန်နေတာလို့ ဒီမိုကရေစီအင်အားစုတွေ တုံ့ပြန်
စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာမှု ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ကြိုဆို
မြန်မာ့ငြိမ်းချမ်းရေး တရုတ်ကြိုးပမ်းမှု အောင်မြင်နိုင်မလား
တရုတ်နိုင်ငံဘက်ကတော့ မြန်မာပြည်တွင်း အပစ်အခတ်ရပ်စဲရေးကို တစိုက်မတ်မတ်လုပ်ဆောင်နေတယ်လို့ မကြာခဏထုတ်ဖော်ပြောဆိုထားပေမဲ့ စစ်ကောင်စီဘက်ကတော့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာပြီး စစ်ဘောင်ကို ချဲ့လိုက်တာလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“ငြိမ်းချမ်းရေး မဆွေးနွေးဘဲ တံခါးတွေ ပိတ်ပြီးတော့ စစ်ဘောင်ကို ချဲ့လိုက်တာပေါ့။ စစ်ကောင်စီရဲ့ သဘောကတော့ တရုတ်ပြောတဲ့ စစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ဆိုတဲ့ တရုတ်ရဲ့ အစီအစဉ် မအောင်မြင်ဘူးဆိုတာကို သဘောပေါက်သွားတဲ့အခါမှာ ဒီအဖွဲ့ သုံးဖွဲ့နဲ့ စစ်ပြန်တိုက်ဖို့ လိုပြီလို့ ယူဆတဲ့အတွက် သူတို့ကတော့ အကြမ်းဖက်စာရင်းထဲကို ထည့်လိုက်တာ”
စစ်ကောင်စီက မြောက်ပိုင်းအဖွဲ့တွေအပေါ် အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ကြေညာလိုက်တာကြောင့် ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ပိုပြီးပြင်းထန်လာနိုင်သလို အကြမ်းဖက်အဖွဲ့နဲ့ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အရပ်သားတွေအပေါ် ဖမ်းဆီးစစ်ဆေးတာတွေလည်း များလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က “ငါးဦးထက် ပိုတဲ့ သူတွေ လက်နက်စွဲကိုင်လို့ ဖြစ်စေ ဆူပူရင်ဖြစ်စေ။ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ အပြုမူ လုပ်တယ်။ ပုန်ကန်တယ်ဆိုရင် အကြမ်းဖက်မှု ဥပဒေနဲ့ အရေးယူတာပဲ။ နောက်တစ်ခါ အကြမ်းဖက် ဥပဒေနဲ့ အရေးယူတဲ့လူတွေရဲ့ ပစ္စည်းတွေ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပိုင်ခွင့်ရှိတယ်။ အဲတော့ လက်နက်တွေနဲ့ မိရင် ဘာညာဆိုရင် သေဒဏ်ထိချနိုင်တယ်။ အဲဒါတော့ တော်တော်ပြင်းတယ်။ အဲဒီတော့ ပြင်းပြင်းထန်ထန် လုပ်တယ်။ ငါတို့ဘက်ကလည်း အဲဒီလို စိန်ခေါ်တဲ့ သဘောပေါ့” လို့ သုံးသပ်ပါတယ်။
စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကိုလည်း အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ကြေညာထားပြီး လူမှုကွန်ရယ် ဆိုရှယ်မီဒီယာတွေမှာ ဒီအဖွဲ့တွေကို အားပေးထောက်ခံတဲ့ပို့စ်တွေ ရေးသားမျှဝေသူတွေကို ဖမ်းဆီးအရေးယူနေတာဖြစ်ပါတယ်။ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ကြေညာလိုက်တာကြောင့် ဒီအဖွဲ့တွေအပေါ် အားပေးထောက်ခံတာတွေ မလုပ်ရဲအောင် ပြည်သူတွေကို ကြီးလေးတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက်လုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်က မြို့နယ်ကိုးခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသလို TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်တွေနဲ့ MNDAA ကတော့ လားရှိုးနဲ့ လောက်ကိုင်မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။