ဒုက္ခသည်အခွင့်အရေး အပြည့်အ၀ပေးဖို့ ထိုင်းအစိုးရကို ကျွမ်းကျင်သူတွေတိုက်တွန်း
2023.06.20

ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထိုင်းနိုင်ငံက ဥပဒေ လက်လွတ်အဖမ်းခံနေရတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ခုကို ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ကျင်းပပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဒုက္ခသည်အများဆုံးခို၀င်လာတဲ့ နိုင်ငံက ထိုင်းနိုင်ငံ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ခို၀င်လာတဲ့ ဒုက္ခသည်တွေကို ဥပဒေနဲ့အညီ လက်ခံနိုင်ဖို့၊ ဒုက္ခသည် အခွင့်အရေးကို အပြည့်အ၀ပေးနိုင်ဖို့ ဒုက္ခသည်အရေး ကျွမ်းကျင်သူတွေက ဆွေးနွေး ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့ ဒုက္ခသည်ဟာ လစဥ် ၂၀၀၀ ပတ်၀န်းကျင်ရှိပြီး၊ သူတို့ကို ထိန်းသိမ်းရေးစခန်းတွေ၊ အကျဥ်းထောင်တွေထဲမှာ နေ့ပေါင်း၊ အပတ်ပေါင်းများစွာ ထားပါတယ်။
“တကယ်တော့ လူဟာ လူပါပဲ။ လူချင်းတူတူ သာတူညီမျှ ရှိရမယ်လို့ ကျွန်တော် ယုံကြည်နေဆဲပါ”
သူတို့အထဲက တချို့ဆို ဘယ်နေ့ ပြန်လွတ်မယ်ဆိုတာတောင်မသိ ဖြစ်နေတယ်လို့ ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေနွေးသူ ဥပဒေပညာရှင်တစ်ဦးဖြစ်တဲ့ Chawaratt Chawarrangkul က ဆွေးနွေးပွဲအဖွင့်မှာ ပြောပါတယ်။
ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ အသင်းမှာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲဟာ ထိုင်းနိုင်ငံအခြေစိုက် ဒုက္ခသည် အခွင့်အရေးကွန်ရက်က ဦးစီးကျင်းပတဲ့ပွဲဖြစ်ပြီး ဒုက္ခသည်ဆိုင်ရာဌာနတွေ၊ ဒုက္ခသည် အကူအညီ ပေးရေးအဖွဲ့တွေမှာ အတွေ့အကြုံ များစွာရှိတဲ့ ဒုက္ခသည်အရေး ကျွမ်းကျင်သူတွေ ပါ၀င်ဆွေးနွေးကြပါတယ်။
ပထမဆုံးအနေနဲ့ ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းမှာ ဘာအပြစ်ဒဏ်ကြောင့် ဘယ်နေ့လွတ်မယ်ဆိုတာမသိဘဲ လပေါင်းများစွာ အထိန်းသိမ်းခံနေရသူတစ်ဦး တယ်လီဖုန်းကတစ်ဆင့်ပြောတာကို ဖွင့်ပြပါတယ်။
သူ့အမည်ကို လုံခြုံရေးအရ ထုတ်ဖော်မပြောပေမယ့် ကာယကံရှင်ကတော့ သူဟာ ပါကစ္စတန်နိုင်ငံသူ တစ်ဦးပါလို့ ထုတ်ဖော်ပြောပါတယ်။
“I cannot forget IDC because I cannot see a sun and moon and also fresh air—----IDC ကိုတော့ ကျွန်မ မေ့မရပါဘူး။ ဘာဖြစ်လို့လဲတော့ နေလည်း မမြင်ရ၊ လလည်း မမြင်ရ၊ လေကောင်းလေသန့်လည်းမရနဲ့ ရင်နာခဲ့ရပါတယ်။ ကျွန်မ ဘယ်သူနဲ့မှလည်း တွေ့ခွင့်မရသလို ဘာအမှုနဲ့ ဖမ်းထားတာလဲမသိ၊ ဘယ်တော့ လွတ်မယ်ဆိုတာတော့ ၀ေလာ၀ေးပါပဲ” လို့ သူက ပြောပြပါတယ်။
တစ်ဆက်တည်း HOST international foundation က ဒေသဆိုင်ရာ မန်နေဂျာ Yuhanee Jehka က ထိုင်းနိုင်ငံက လူ၀င်မှုကြီးကြပ်ရေးဥပဒေ နောက်ခံတွေကို ရှင်းပြရာမှာ ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်ဆိုင်ရာ အခွင့်အရေးကို အကာအကွယ်ပေးတဲ့ ဘာဥပဒေမှ မည်မည်ရရ မရှိဘူးလို့ ပြောသွားသလို ဒုက္ခသည်တွေကို အရေးယူတဲ့အခါမှာလည်း ဥပဒေအရ တိကျတဲ့ သတ်မှတ်ချက်တွေမရှိဘူးလို့ ပြောသွားပါတယ်။
တစ်ဆက်တည်း ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ တာ၀န်ထမ်းဆောင်ခဲ့ဖူးသူ Fair Party အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ မလေးရှားကိုသွားဖို့ ထိုင်းနိုင်ငံကို ဖြတ်ချိန်မှာ အဖမ်းခံရတဲ့အခြေအနေ၊ တရုတ်ပြည်က ၀ီဂါတွေအဖမ်းခံရပြီး တရုတ်ပြည် ပြန်ပို့ခံရတဲ့ အခြေအနေတွေကို ပြောပါတယ်။
အဲ့ဒါဟာ ၂၀၁၄ မှာ ထွက်ပြေးလာတဲ့ ၀ီဂါ ၃၅၀ ကို ထိုင်းအစိုးရက ဖမ်းခဲ့ပြီးနောက် တူရကီနိုင်ငံ က သူတို့ကို လက်ခံမယ်လို့ ပြောခဲ့ပေမယ့် ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ အမျိုးသမီးနဲ့ ကလေး ၁၇၀ ကိုပဲ တူရကီကို ပေးခဲ့ပြီး ကျန်အမျိုးသားနဲ့ အမျိုးသမီး ၁၀၉ ဦးကို တရုတ်ပြည်ကို ပြန်ပိုခဲ့ပါတယ်။
ခုချိန်မှာ သူတို့ ဘယ်ရောက်လို့ ဘာဖြစ်နေသလဲဆိုတာ မသိရတော့ဘူးလို့ ပြောသွားပါတယ်။
“တကယ်တော့ လူဟာ လူပါပဲ။ လူချင်းတူတူ သာတူညီမျှ ရှိရမယ်လို့ ကျွန်တော် ယုံကြည်နေဆဲပါ” လို့ ပြောသွားပါတယ်။
တစ်ဆက်တည်း ထိုင်းနိုင်ငံအနေနဲ့ လူ၀င်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ ဥပဒေမျိုး ထုတ်ပြန်နိုင်ဖို့ အသစ်တက်လာမယ့် အစိုးရကိုလည်း ပန်ကြားရမှာဖြစ်တယ်လို့ သူက ပြောသွားပါတယ်။
နောက်ပိုင်းမှာ ပရိသတ်တွေရဲ့ မေးမြန်းချက်တွေကို ဆွေးနွေးပွဲမှာ ပါ၀င်သူတွေက ပြန်လည်ဖြေဆိုသွားပါတယ်။