ထိုင်းနိုင်ငံမှာ အခက်အခဲကြုံတွေ့နေတဲ့ သက်ကြီးဇနီးမောင်နှံ
2024.01.11
ကိုယ့်တိုင်းပြည်မှာ နေစရာ၊ စားစရာအခက်အခဲဖြစ်လာတဲ့အခါ တိုင်းတစ်ပါးမှာ အလုပ်အကိုင်ရလိုရငြား၊ နေထိုင်စရာ အဆင်ပြေလိုပြေငြား မြန်မာပြည်က စွန့်စားထွက်ခွာလာခဲ့ကြတဲ့သူတွေထဲမှာ မွန်ပြည်နယ်က အသက် ၇၂ နှစ်အရွယ် ဒေါ်ခင်သန်းတို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။
ဇာတိမြေမှာ နေစရာ၊ စားစရာခက်ခဲလွန်းတဲ့အတွက် လွန်ခဲ့တဲ့ ရှစ်နှစ်က ထိုင်းနိုင်ငံကို တောလမ်းကနေ သူတို့ထွက်လာခဲ့ကြတာပါ။
“ဗမာပြည်ကထွက်လာတာ တောထဲမှာ တစ်ညအိပ် နောက်ထပ်တစ်ညအိပ် သုံးညအိပ်ပြီးမှရောက်လာတယ်၊ ရောက်လာတော့ ဒုက္ခဖြစ် ၊ ဒုက္ခဖြစ်တော့ မိန်းမတစ်ယောက်က ကူညီတယ်၊ ခေါ်လာတယ်၊ အဲ့ သူဌေးနဲ့တွေ့တယ်၊ သူဌေးက အလုပ်ရှိတော့ ပေးနေတယ်ပေါ့နော်”
သူတို့ဇနီးမောင်နှံကို ကန်ချနဘူရီခရိုင် Wang Dong မြို့က ကြံစိုက်ခင်းပိုင်ရှင်က သူ့စိုက်ခင်းမှာ အလုပ်ပေးခဲ့သလို အဲဒီစိုက်ခင်းနားမှာပဲ နေခွင့်ပေးခဲ့ပါတယ်။ သူတို့အလုပ်က ကြံခုတ်၊ မြက်သတ်ဆေး ဖြန်းရတဲ့အလုပ်ပါ။ ကြံစိုက်ချိန် လုပ်အားခရပေမဲ့ ကြံခုတ်ပြီးချိန်မှာတော့ အလုပ်မရှိလို့ စားစရာ အခက်အခဲဖြစ်ရတယ်လို့ ဒေါ်ခင်သန်းက ပြောပါတယ်။
“ကြံတောစောင့်ရတယ်၊ တခါတစ်လေလဲ ခုနစ်ရက်ကို ငါးရာပေးတယ်၊ တခါတစ်လေ ရှစ်ရက်ကို ငါးရာပေးတယ်၊ အခုဆိုတော့ ကြံမရှိတော့ဘူးလေ၊ ကြံမရှိတော့ ပိုက်ဆံမပေးဘူး၊ ကြံရှိတုန်းက မြက်တွေခုတ်မယ်၊ မြက်သတ်ဆေးထိုးမယ် အဲလိုလုပ်ရင် ပိုက်ဆံရတယ်၊ ကြံခုတ်ပြီးတော့ ပိုက်ဆံလဲ မပေးတော့ဘူး လာလဲမလာဘူး”
မြန်မာပြည်ကနေ သူတို့ထိုင်းနိုင်ငံကို ထွက်လာစဉ်မှာ အခက်အခဲတွေ ဒီလောက်ထိ ကြုံရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးလို့ ဒေါ်ခင်သန်းက ပြောပါတယ်။
“ဗမာပြည်မှာ နေလို့မရလို့ ထွက်လာခဲ့တာ၊ ခြံလဲမရှိ၊ အိမ်လဲမရှိ၊ သားသမီးလဲမရှိ၊ လာတုန်းကတော့ နည်းနည်း လုပ်စားနိုင်တယ်ပေါ့၊ သူများတွေပြောတယ်၊ ဟိုး ရှမ်းပြည် (ထိုင်း) မှာ လုပ်စားကိုင်စားရတယ်ဆိုလို့ တက်လာတာ ဘာမှလုပ်စားလို့မရဘူး၊ ပထမဆုံးသူဌေးမှာ လုပ်တုန်းက စားဝတ်နေရေး ပြေလည်သေးတယ်၊ ပိုက်ဆံမရှိ ချေးသုံးလို့ရတယ်၊ အဲဒီသူဌေး သေသွားတော့ နောက်သူဌေးက ဘာမှမရဘူး”
ခင်ပွန်းဖြစ်သူကလည်း ပြီးခဲ့တဲ့ ခြောက်လခန့်က လေဖြတ်သွားခဲ့တာကြောင့် ဒေါ်ခင်သန်းအတွက် အခက်အခဲတွေ ပိုကြီးမားလာခဲ့ပါတယ်။ ဒီကြားထဲ ယိုင်နဲ့နေတဲ့အိမ်က တစ်ပိုင်းတစ်စ ပြိုကျလာနေသလို ညဘက် တောဆင်ရိုင်းတွေရဲ့ အန္တရာယ်ကြောင့်လည်း စိတ်သောကရောက်ရတယ်လို့ ဆိုပါတယ်။
“ဆင်တွေ ငါးကောင်ခြောက်ကောင် မနေ့ညကဆို တစ်ညလုံးမအိပ်ရဘူး၊ အိမ်ကိုရန်ရှာမှာစိုးလို့ နေ့တိုင်းဝင်တယ် ကလေးလေးပါဝင်တယ် ရမ်းမှာကြောက်လို့ အိမ်က သူတစ်ချက်တွန်းလိုက်တာနဲ့ ကုန်ပြီလေ၊ ဆင်ရိုင်းကြီးတွေ”
“ဗမာပြည်လဲ ပြန်လို့မရ၊ ဗမာပြည်ပြန်ရင် ဘယ်မှာ သွားနေရမလဲ၊ အားကိုးလဲမရှိ ၊ ဒီမှာက နဲနဲတော်သေးတယ်၊ အဖွားစားဖို့မရှိဘူးဆိုရင် ဟိုကောင်လေးက အမြဲလာကျွေးတယ်၊ ဆန်မရှိလဲ သူပဲလာပေး၊ ဟို အင်္ဂလိပ်ကလဲ လာလှူတယ် ၊ အဖွားကလဲ ကိုယ့်ကိုယ်က မသန် ၊ အိမ်ကလဲ ပြိုတော့မယ်၊ အဲ့ဒီဒေါက်တွေ ဖြုတ်လိုက်ရင် အိမ်ပြိုကျမှာ”
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတိုင်းမှာ အခက်အခဲတွေ အနည်းအများ ရှိကြတာပါ၊ အဲဒီထဲမှာ ကျန်းမာရေးအခြေအနေနဲ့ အလုပ်အကိုင်မရှိတဲ့ သူတို့ရဲ့ အခက်အခဲက ပိုပြီးဆိုးရွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအခက်အခဲတွေကြောင့် တစ်ခါတစ်ရံ အားငယ်ဝမ်းနည်းစိတ်တွေ ဖြစ်မိပြီး ဘဝကို လက်မြှောက် အရှုံးပေးချင်စိတ်တွေ မကြာခဏ ဖြစ်မိတယ်လို့ ဒေါ်ခင်သန်းက ပြောပါတယ်။
“ဟိုနေ့က အပေါက်ကျွံတာ ဒီမှာ အနာတောင်ရှိတယ်၊ တစ်ခါတစ်ခါ သေသွားရင်ကောင်းမယ်လို့ စဉ်းစားမိတယ်၊ အို ဘဝဆက်တိုင်း အထုံပါသွားမယ်ဆိုပြီး ၊ တစ်ခါတစ်ခါလဲ မျက်ရည်ကျတယ် စဉ်းစားတိုင်း မျက်ရည်ကျတယ်”
ဒေါ်ခင်သန်းတို့ ဇနီးမောင်နှံရဲ့ အခက်အခဲတွေကို အဲဒီမြို့မှာနေထိုင်တဲ့ မြန်မာအလုပ်သမားတစ်ဦးက ကြားသိရတဲ့အတွက် သူ့လုပ်အားခထဲက စားနပ်ရိက္ခာလေးတွေဝယ်ပြီး အပါတ်စဉ် ကူညီပေးနေပါတယ်။ အခုလဲ မိတ်ဆွေတွေနဲ့အတူ ဒေါ်ခင်သန်းတို့အိမ်ကို ပြင်ပေးဖို့ စီစဉ်နေတယ်လို့ ကိုကြည်စိုးက ပြောပါတယ်။
“အဖိုးကလဲ လေဖြတ်နေတယ် အဖွားကလဲ အလုပ်ဆင်းတာ ခုနစ်ရက်နေမှ ငါးရာ၊ အခုကလဲ အလုပ်ပြတ်နေပြီ အိမ်လေးကလဲ ပြိုကျပျက်ကျနေတဲ့အချိန်မှာ ယာယီလေး လာလုပ်ပေးတယ်၊ နောက်ပိုင်းတော့ ပိုက်ဆံလေးပြေလည်ရင် ဝိုင်းဝန်းပြီး လုပ်ပေးမယ်ပေါ့၊ မိတ်ဆွေတွေက ထောက်ပံ့မယ့်ဟာ အနည်းအကျဉ်းပေါ့၊ အများကြီးဖြစ်ဖြစ်၊ တစ်ရာဖြစ်ဖြစ်၊ နှစ်ရာဖြစ်ဖြစ်၊ နောက်ပိုင်း လုပ်ပေးဖို့ စိတ်ကူးထားတယ်၊ ဟိုမှာ သူငယ်ချင်းတွေဆီက သံလေးတွေ အုတ်လေးတွေ ဝယ်ထားတယ်၊ အသစ်တော့မတတ်နိုင်ဘူး မိုးလုံလေလုံလေး နေရအောင်ပေါ့ ”
ဒါကတော့ စားဝတ်နေရေးအကျပ်အတည်းကြောင့် ထိုင်းနိုင်ငံကို စွန့်စားထွက်ခွာလာခဲ့တဲ့ မြန်မာဇနီးမောင်နှံ နှစ်ဦးရဲ့ ဘဝအခက်အခဲတွေပါ။
သူတစ်ပါးတိုင်းပြည်မှာ နေထိုင်လုပ်ကိုင်ကြသူတိုင်း အခက်အခဲတွေ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြရတာပါ။ ဒီလို ရင်ဆိုင်နေကြရပေမဲ့ ထိုင်းနိုင်ငံရောက်တဲ့ မြန်မာနိုင်ငံသားတိုင်းကတော့ အိမ်မက်တွေ၊ မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ပဲ သူတို့ရဲ့ ခက်ခဲလှတဲ့ ဘဝတွေကို နေစဉ်ကျော်ဖြတ်နေကြပါတယ်။