အိမ်နီးချင်းနိုင်ငံနှစ်ခုက ရွေးကောက်ပွဲနှိုင်းယှဉ်ချက်
2023.03.27

မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာ လာမယ့် မေလ ၁၄ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေသလို မြန်မာနိုင်ငံမှာလည်း ၂၀၂၀ ရွေးကောက်ပွဲကို စစ်တပ်က ဝေဖန်ပြီး အာဏာသိမ်းခဲ့ပြီးနောက် ရွေးကောက်ပွဲတစ်ခု အသစ်တဖန်ပြန်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံက လုပ်မယ့် ရွေးကောက်ပွဲတွေဟာ လက်ရှိ အုပ်ချုပ်နေသူအလိုကျ လိုရာဆွဲမယ့် ရွေးကောက်ပွဲတွေ ဖြစ်မယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။
ထိုင်းနိုင်ငံက နိုင်ငံရေးသုတေသီတစ်ဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းကတော့ ထိုင်းရွေးကောက်ပွဲစနစ်ဟာ မြန်မာထက်တော့ အနည်းငယ် ပိုခေတ်မီတယ်လို့ ပြောပါတယ်။
“ထိုင်းနိုင်ငံကရွေးကောက်ပွဲနဲ့ပတ်သက်ရင် ပိုပြီးခေတ်မီနေတဲ့ သဘောမျိုးတော့ တွေ့ရပါတယ်။ သူတို့မှာက နိုင်ငံရေး ပါတီတွေက ရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ်ဖြစ်နိုင်တဲ့သူတွေကို ပါတီတွင်း ရွေးထားပြီး အမည်စာရင်းတင်ရပါတယ်။ ဒီစနစ်က အမေရိကားတို့ ဘာတို့မှာလည်း လုပ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ၂ဝ၁၇ မှာ ပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အထက်လွှတ်တော်ကိုယ်စားလှယ် ၂၅ဝ က ရွေးချယ်တင်မြှောက်ခံတွေ မဟုတ်ဘူး။သူတို့က selected လူထုလူတန်းစားအသီးသီးက ရွေးတဲ့သူပေါ့ “
ထိုင်းနဲ့ မြန်မာနိုင်ငံအခြေအနေကို ပြန်ကြည့်ရင် တူတာတွေရှိသလို မတူတာတွေလည်း ရှိပါတယ်လို့ တိုင်းရင်းသား ပဋိပက္ခအရေးလေ့လာသူ စိုင်းထွန်းအောင်လွင်က ပြောပါတယ်။
“ထိုင်းနဲ့ မြန်မာနဲ့က ပြန်ကြည့်ရင် တူတဲ့ကိစ္စလေးတွေ ရှိသလို မတူတာတွေလည်း ရှိပါတယ်။ ထိုင်းကတော့ အာဏာသိမ်းတာ မြန်မာထက် ပိုများတယ်။ ဒါပေမဲ့ တစ်ဖက်မှာ အုပ်ချုပ်ရေး ပျက်တာတို့ စီးပွားရေးပျက်တာတို့ ဒါမျိုးတွေတော့ မရှိဘူး၊ ထိုင်းမှာက အာဏာသိမ်းတဲ့ ရည်ရွယ်ချက်တွေက တစ်ချိန်နဲ့တစ်ချိန် မတူတာမျိုးလေးတွေလည်း တွေ့တယ်။ ထိုင်းဟာ ၁၉၉ဝ နောက်ပိုင်းမှာဆို ဒီမိုကရေစီအကူးအပြောင်းတစ်ခုမှာ level တစ်ခုအထိ ရောက်သွားတဲ့ အထိ အောင်မြင်ဖူးတယ်ပေါ့၊ အထူးသဖြင့် ချောင်လစ်ပိုင်တို့ သက်ဆင်တို့လက်ထက်တွေမှာပေါ့”
ထိုင်းရဲ့ရွေးကောက်ပွဲဥပဒေမှာလူတွေ သဘောမကျတဲ့ အချက်ကတော့ ပြည်သူရွေးချယ်တဲ့သူတွေမဟုတ်ဘဲ မိုးကျရွှေကိုယ်တွေ ပါဝင်နေတာပဲ ဖြစ်တယ်လို့ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
“တချို့ကိစ္စလေးတွေမှာ သူတို့ သာတာလေးတွေ ရှိသလို ဒါပေမဲ့ ခြုံပြောရင်တော့ ဝန်ကြီးချုပ်ကို ဘယ်လိုရွေးမလဲဆိုရင် အောက်လွှတ်တော် ၅၀၀နဲ့ ရွေးချယ်ခံထားရသူမဟုတ်သူ ၂၅၀ က ပေါင်းပြီး ဝန်ကြီးချုပ်ကို ရွေးရပါမယ်။ အဲ့ဒီတော့ ဝန်ကြီးချုပ်ဖြစ်ဖို့ အပြတ်နိုင်ဖို့လိုတာပေ့ါ“
စိုင်းထွန်းအောင်လွင်ပြောတာက ထိုင်းနဲ့မြန်မာနိုင်ငံတို့မှာတူညီတဲ့ အချက်ကတော့ ထိပ်ဆုံးရောက်နေတဲ့ ပါတီကိုဖြိုဖျက်ပစ်တာမျိုးဖြစ်တယ်လို့ဆိုပါတယ်။
“ပစ်မှတ်ထားပြီးမှ ပယ်တာမျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့ အဲ့ဒီပါတီတွေဟာ ပြန်ပြန်ဝင်လာနိုင်တဲ့ လက္ခဏာမျိုး နာမည်ပြောင်းပြီး ဝင်လာနိုင်တာမျိုးတွေလည်း တွေ့ရပါတယ်။ အခု Future Forward ပါတီဆိုရင်လည်း တကယ်တော့ liberal mindset အားကောင်းတဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတယ်။ အချိန်တိုအတွင်း လူထုထောက်ခံမှုရတယ်ပေါ့။ အဲ့ဒါကိုလည်း ပစ်မှတ်ထားပြီး ဖိအားပေးတာတို့ ရွေးကောက်ပွဲဝင်ခွင့် ပိတ်တာတို့၊ ဒါမျိုးလေးတွေ့ရတယ်။ ဒါမျိုးက မြန်မာနဲ့ နည်းနည်းတော့ ဆင်မလားပေါ့။ တိုက်ရိုက်တော့ မဟုတ်ဘူး။ မြန်မာထက်စာရင်တော့ စစ်ရေးပဋိပက္ခတို့ ဘာတို့တော့ မရှိဘူးပေါ့။ ကျွန်တော့်မိတ်ဆွေအမတ်တွေဆို အာဏာသိမ်းရင် စီးပွားရေးပြန်လုပ်တယ်။ နောက်တစ်ကြိမ်ကျ ပြန်ဝင်ဖို့ လုပ်တယ်”
စိုင်းထွန်းအောင်လွင် ပြောသွားတာပါ။ တစ်ဆက်တည်း ရွေးကောက်ပွဲကို အကြောင်းပြု အာဏာသိမ်းတာမျိုးမှာ နိုင်ငံရေးသဘောတူညီချက်ကို မရှာဘဲ ရွေးကောက်ပွဲ ပြန်လုပ်ပေးတာမျိုးကတော့ လိုချင်တဲ့ အဖြေကို ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဥပမာအနေနဲ့ အာဏာသိမ်းပြီး ရွေးကောက်ပွဲချက်ချင်းပြန်လုပ်ပေးတဲ့ ဆိုမာလီနိုင်ငံဟာ ၂၆ နှစ် အကြာမှာ ကျရှုံးနိုင်ငံ ဖြစ်သွားရတယ်လို့ ပြောပြပါတယ်။