MOU နဲ့တရားဝင်လာပေမယ့် အေဂျင်စီမကောင်းလို့ မြန်မာမိသားစု ထိုင်းမှာဒုက္ခရောက်
နှစ်နိုင်ငံ MOU စနစ်နဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကတစ်ဆင့် ထိုင်းနိုင်ငံကိုထွက်လာခဲ့ကြတဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းကိုရောက်တဲ့အခါ အလုပ်အကိုင်အဆင်မပြေတာ၊ အလုပ်ရှင်က ထိုက်သင့်တဲ့ လုပ်အားခမပေးတာ စတဲ့ အခက်အခဲတွေ နေ့စဉ်လိုကြားနေရပါတယ်။
အဲဒီထဲမှာ ပျဉ်းမနား နေပြည်တော်က မစန်းဝင်းတို့မိသားစုလည်း ပါဝင်ပါတယ်။ သူတို့ သုံးဦးဟာ Green Oasis ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံကိုရောက်လာခဲ့တာပါ။
“ထိုင်းရောက်တော့ ၃ လပိုင်း ၁၅ ရက် ပတ္တရားကိုရောက်တယ်၊ လမ်းဘေးမှာအိပ် လမ်းဘေးမှာ စားခဲ့ရတယ်၊ ညီမတို့ကို ထမင်းတစ်နပ်ကျွေးတာရှိတယ် နှစ်နပ်ကျွေးတာရှိတယ် ၄-၅ ရက်လောက်ကြတယ်၊ အဲဒါနဲ့ ညီမတို့ထဲက တစ်ယောက်က ဖုန်းဆက်တော့ အေး ညည်းတို့ကို သူဌေးလာခေါ်လိမ့်မယ်ဆိုပြီး Rayong ကို ပို့လိုက်တယ်၊ ၂၀ ရက်နေ့မှာ ညီမတို့အလုပ်စ ဆင်းရတယ်၊ ရက် ၂၀ ကျော်ကြာတယ်၊ အဲဒီနေ့က ရက်တော့မမှတ်မိဘူး အဲဒီမှာ လုပ်ငန်းအကြီးအကဲနဲ့ သူဌေးနဲ့ ရန်ဖြစ်ပြီး နင်တို့အလုပ်မဆင်းနဲ့တော့တဲ့ အလုပ်နား နင်တို့အလုပ်နားတဲ့ပတ်လုံး ၇၅ ရာခိုင်နှုန်းပေးမယ်တဲ့ ဆိုပြီးပြောတယ်၊ သင်္ကြန်တွင်းနဲ့တိုက်သွားတော့ ညီမတို့ ၁၀ ရက်ကြာသွားတယ်၊ သင်္ကြန်ပြီးတော့ အလုပ်ပြောင်းပေးမယ်ဆိုပြီးပြောတော့ ညီမတို့ ဒီ Rayong မှာ လုပ်အားခတွေ ဘယ်လိုလုပ်မလဲဆိုတော့ ရှင်းပေးမယ်တဲ့ စာအိတ်လေးတွေနဲ့ရှင်းပေးတယ် တစ်ယောက် နှစ်ထောင်ကျော် ရတဲ့သူရှိတယ် သုံးထောင်ကျော် ရတဲ့သူရှိတယ်၊ ရက် ၂၀ ကျော် ဆင်းထားတာ ဒီလောက်ပဲလားဆိုတော့ ပေးမယ် ကျန်သေးတယ် ထပ်ရှင်းပေးမယ်ဆိုပြီး ညီမတို့ကို ချင်းမိုင်ကို ပြောင်းပေးတယ်”
မစန်းဝင်းနဲ့အတူ ခင်ပွန်းဖြစ်သူနဲ့ သားဖြစ်သူတို့ဟာ တစ်ဦးကို ၁၈ သိန်းစီ အကုန်အကျခံပြီး ထိုင်းနိုင်ငံကို ထွက်လာခဲ့တာပါ။
ချင်းမိုင်ကိုရောက်သွားတဲ့အခါမှာလည်း နေ့စဉ်အလုပ်လုပ်ရတာ မဟုတ်ဘဲ အလှည့်ကျအလုပ်ဆင်းရမယ်ဆိုတဲ့အတွက် သူတို့စာချုပ်ချုပ်ခဲ့တဲ့ ကုမ္ပဏီကို ဆက်သွယ်တော့ နောက်ထပ်တစ်နေရာကို ပို့ခဲ့တယ်လို့ ဆိုပါတယ်။
“ချင်းမိုင်ရောက်တော့ အလုပ်ရှင်က ကျွန်မတို့ ၄၉ ယောက်လုံးကို တစ်ခါထဲ အလုပ်မပေးနိုင်ဘူး တစ်လှည့်စီဆင်းရမယ်ပြောမယ်၊ အဲဒီအခါ ကျွန်မတို့ထဲက ထိုင်းစကားပြောတတ်တဲ့ ညီမတစ်ယောက်က အဲဒါဆိုအဆင်မပြေဘူး ကျွန်မတို့ ပုံမှန်အလုပ်ဆင်းရတဲ့အလုပ်မှ ဖြစ်မယ်ဆိုပြီး ကုမ္ပဏီကို ဆက်သွယ်တယ်၊ ကျွန်မတို့ အရင်လုပ်ထားတဲ့ ပိုက်ဆံလည်း မရဘူး နောက်တစ်နေရာလည်း ပြောင်းရတယ် အလုပ်လဲပုံမှန်မရဘူး လို့ပြောလိုက်တယ်။ အဲဒါပြီးတော့ အလုပ်ပုံမှန်မရလို့ ဒီမှာမလုပ်ချင်ဘူးဆိုရင် တခြားနေရာပြောင်းပေးမယ် လုပ်မလားဆိုတော့ ကျွန်မတို့က လုပ်မယ်ဆိုတော့ ပထုံဌာနီကို ပြောင်းပေးတယ်”
ပထုံဌာနီမှာ သူတို့ ဧပြီလ ၂၄ ရက်နေ့ကစပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်ဆင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာလည်း တစ်လကျော် အလုပ်လုပ်ပြီးတဲ့အထိ လုပ်ခလစာမရဘဲ အစားအသောက်တောင် သူများကျွေးတာ စားခဲ့ရတယ်လို့ မစန်းဝင်းက ပြောပါတယ်။
“ကျွန်မတို့က အလုပ်လုပ်ရတာပျော်တယ် OT တွေလည်း ပေးလိုက်တာ၊ တစ်ရက်ကို ၅ နာရီပေးတယ် ၆ နာရီပေးတယ် သုံးနာရီဆိုတာ အနည်းဆုံး၊ တချို့ညတွေဆို ည ၁၀ နာရီအထိ လုပ်ခဲ့တယ်၊ အော် ကိုယ်လုပ်ထားတာ ပိုရမှာဘဲဆိုပြီး တွက်ထားတယ၊ ၄ လပိုင်း ၂၄ ရက်နေ့က ဆင်းတဲ့လုပ်အားခ ၅ လပိုင်း ကုန်တဲ့အထိ တစ်ပြားမှမရဘူး၊ အဲဒီတုန်းက ကျွန်မတို့မှာ စားစရာမရှိတော့ဘူး၊ ကိုယ့်ဗမာ ရှိတဲ့သူထဲက ရော့ဆန် နှစ်ပုံးပေးတဲ့သူ သုံးပုံးပေးတဲ့သူ၊ ပိုက်ဆံ ၂၀ ပေးတဲ့သူ ၃၀ ပေးတဲ့သူ အဲဒါလေးကို ဆီ၊ ဆား၊ ငါးပိ ဝယ်ပြီးတော့ ချက်ပြုတ်စားရတယ်၊ ကန်စွန်းရွက်ခူး ဟင်းနုနွယ်ခူးပြီးတော့ ငတ်ငတ်ပြတ်ပြတ် နေခဲ့ရတယ်၊ ကျွန်မတို့မှာ အလုပ်မရှိရင် နေစရာမရှိဘူးဆိုပြီး မောင်းထုတ်ရင် ဘယ်သွားရမှန်းမသိဘူးဆိုပြီး သူများပေးစာကမ်းစာ စားပြီး အလုပ်မပြတ်လုပ်ခဲ့ရတာ၊ သူဌေးတွေလာတော့ ကျွန်မတို့ကို ချေးငွေ တစ်ထောင် ထုတ်ပေးတယ်”
ဇွန်လ ၃ ရက်နေ့မှာတော့ သူတို့အလုပ်ရှင်ရောက်လာပြီး ဘတ်ငွေတစ်ထောင် ပေးခဲ့ကြောင်းနဲ့ နောက်ထပ် ပိုက်ဆံရှင်းပေးမှာဖြစ်လို့ စောင့်ခိုင်းခဲ့တယ်လို့ပါတယ်။ ဒီအခြေအနေတွေကြောင့် သူတို့ကိုခေါ်လာတဲ့ ကုမ္ပဏီကို ပြန်ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့ပါတယ်။ ဒီကြားထဲ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုရဲ့ အကူအညီနဲ့ သူတို့ သုံးဦး တခြားအလုပ်တစ်ခုမှာ သွားလုပ်ခဲ့ပေမယ့် ၂ လနီးပါး လုပ်ခဲ့ပြီး အဲဒီမှာလဲ လုပ်အားခအပြည့်မရခဲ့ဘူးလို့ ဆိုပါတယ်။
“အလုပ်လုပ်မလား ဆောက်လုပ်ရေးထဲ ပိုက်ဆံတစ်လတစ်ခါရှင်း မရရင်သူပြောပေးမယ်ဆိုပြီး ပသနီဘက်ကို သူဌေးလက်ထဲ သူအပ်လိုက်တယ်၊ ဒါပေမဲ့ အဲဒီမှာလဲ ကျွန်မတို့ သားအမိသားအဖ သုံးယောက် ဘတ် နှစ်သောင်းကျော် ကျန်ခဲ့တယ် မရဘူး”
အဲဒီနောက် အခြားအလုပ်တစ်ခုကို ပြောင်းဖို့ကြိုးစားခဲ့ပြန်တော့လဲ အရင်အလုပ်ရှင်က ထုတ်ပေးတဲ့ အလုပ်ပြောင်းလက်မှတ် (ကြံ့အော်) သက်တမ်းကုန်နေတယ်ဆိုပြီး အလုပ်မရခဲ့သလို အဲဒီအလုပ်အတွက် ပေးခဲ့တဲ့ အလုပ်ရှာခ စမတ်ကြေး ၅ ထောင်လည်း ထပ်မံဆုံးရူံးခဲ့တယ်လို့ ဆိုပါတယ်။
မစန်းဝင်းတို့မိသားစုဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရဖို့ အိမ်နဲ့ခြံကို ပေါင်နှံခဲ့ရတာ ဖြစ်ပါတယ်။ အခု ၈ လ ကြာလာတဲ့အထိ အိမ်ကို ငွေပြန်မပို့နိုင်တဲ့အတွက် ကျန်ခဲ့တဲ့ ကလေးနှစ်ဦးလည်း ဒုက္ခရောက်နေရတယ်လို့ မစန်းဝင်းက ပြောပါတယ်။
“အဲဒီတုန်းက ခံစားခွင့်ပြောလိုက်တာစုံလို့ အားကျစရာကြီး တစ်နေ့ကို ၃၅၄ ဘတ်ပေးပါ့မယ်၊ တနင်္ဂနွေနေ့ဆင်းရင် နှစ်ရက်ခ ရပါ့မယ်၊ ပကန်စခွန်တွေလည်း စုံလို့၊ ကျွန်မတို့မှာ ဝမ်းတွေသာလို့၊ ဒီရောက်တော့ ထမင်းတွေငတ်လို့၊ ကလေးတွေဆိုရင်လည်း ကိုယ့်အမျိုးတွေကို အပ်ခဲ့တာ၊ တစ်လကို ၂ သိန်းပေးပါ့မယ်ဆိုပြီး တစ်သိန်းမှလည်း မပေးနိုင်ဘူး၊ ကလေးတွေမှာ မျက်နှာငယ်နဲ့နေ၊ မျက်နှာငယ်နဲ့ စား၊ သူများမျက်နှာရိပ် မျက်နှာကဲကို ကြည့်နေရတယ်”
မစန်းဝင်းဟာ သူတို့အခက်အခဲတွေအတွက် မဟာချိုင်မြို့က မြန်မာအလုပ်သမားအရေးလှုပ်ရှားမှုအဖွဲ့ AAC မဟာမိတ်အဖွဲ့ကို ဆက်သွယ်ခဲ့ပြီး AAC ကတစ်ဆင့် မြန်မာအလုပ်သမားသံအရာရှိကို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။
သံအရာရှိက သူတို့စာချုပ်ချုပ်ခဲ့တဲ့ ကုမ္ပဏီတာဝန်ရှိသူနဲ့ သူတို့ကို တွေ့ဆုံညှိနှိုင်းပြီးနောက် ကုမ္ပဏီဘက်က အလုပ်ထပ်မံရှာဖွေပေးထားတယ်လို့ ဆိုပါတယ်။ AAC အဖွဲ့ကလည်း ဒီအလုပ်သမားတွေ လုပ်အားခ မရခဲ့တာတွေကို ရရှိအောင် ကူညီဆောင်ရွက်နေတယ်လို့ အဖွဲ့တာဝန်ခံ ကိုနေလင်းသူက ပြောပါတယ်။
“သူတို့မှာ လုပ်အားခတွေ ရစရာရှိတယ်ပေါ့နော်၊ ပသနီမှာ ရစရာရှိတယ် ပထုံဌာနီမှာလည်း ရစရာရှိတယ်၊ အားလုံးပေါင်း ဘတ် ၄ သောင်းလောက် ရစရာရှိတယ်၊ အလုပ်ပြောင်းရတဲ့အခါမှာလည်း အလုပ်ရှာခ စမတ်ကြေး ကုန်ကျခဲ့တာတွေလည်းရှိတယ် ဒီပိုက်ဆံလေးလိုချင်တယ် ဒီပိုက်ဆံလေးရရင် မိသားစုကို ထောက်ပံ့နိုင်မယ်ပေါ့နော် အဲဒါနဲ့ ရုံးကိုရောက်လာပြီး ကျွန်တော်တို့က အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးသွားမှာပါ”
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်း စီးပွားရေးအကြပ်အတည်းတွေကြောင့် မိသားစုစားဝတ်နေရေးအတွက် မြန်မာနိုင်ငံသားတွေဟာ တရားဝင် MOU လမ်းကြောင်းကနေရော၊ တရားမဝင် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းကပါ အလုပ်အကိုင်အခွင့်အလမ်းများတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံကို နေ့စဉ်လိုလို ထွက်ခွာလာနေကြဆဲ ဖြစ်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေအရေး ကူညီပေးနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးရဲ့ ပြောဆိုချက်အရ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား လေးသန်းကျော်ရှိနေပါတယ်။