မဲဆောက်ရောက် မြန်မာတွေ ကျောင်းဆက်တက်ဖို့ ခက်ခဲနေ
2023.06.04
စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းပြည်ထဲဆက်နေဖို့ မလုံခြုံတော့တာကြောင့် နယ်စပ်ဒေသတွေကို ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ သူတို့သားသမီးတွေရဲ့ ပညာရေး ဆက်လက်သင်ကြားနိုင်ဖို့ ရုန်းကန်နေရပါတယ်။
ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့မှာ မြန်မာပြည်က ရွှေ့ပြောင်းလာသူတွေအတွက် ဖွင့်ထားတဲ့ ဆာသူးလေကျောင်းမှာဆိုရင် ဒီနှစ်ကျောင်းတက်မယ့်သူ များတာကြောင့် ကျောင်းသားဦးရေနဲ့ နေရာထိုင်ခင်း မလုံလောက်တော့ဘူးလို့ ဆာသူးလေကျောင်း ဒါရိုက်တာ ဆရာမ နော်ဖောရေက ပြောပါတယ်။
မဲဆောက်မှာရှိတဲ့ ရွှေ့ပြောင်းကျောင်းတချို့ကို ထိုင်းအစိုးရက ပိတ်လိုက်တာကြောင့် လက်ကျန်ကျောင်းတွေမှာပဲ စာသင်နိုင်ဖို့ ကြိုးစားနေရတယ်လို့ ဆိုပါတယ်။
"အရင်က ၇၅ ကျောင်း ကနေ အခု ၆၅ ကျောင်း ကျန်တယ်။ ၆၅ ကျောင်းကမထပ်ဖွင့်နိုင်ဘူးဆိုရင် ပညာရေးဌာနက ပိတ်ပါဆိုရင်လည်း တစ်ကျောင်း နှစ်ကျောင်း လျော့သွားမှာပေါ့။ ကျွန်မတို့ မျှော်လင့်တာကတော့ ဒီ ၆၅ ကျောင်းက သူ့နေရာနဲ့သူ အကောင်းဆုံး လုပ်ဆောင်ပြီးတော့ ကျောင်းကိုဖွင့်လှစ်နိုင်ဖို့တော့ ကြိုးစားကြမှာပဲ။ လွန်ခဲ့တဲ့နှစ်က ကျောင်းသားဦးရေကတော့ ၁၅၀၀၀ ရှိပါတယ်၊ ဒါကတော့ ကျောင်းတက်နိုင်တဲ့ ကလေးဦးရေပေါ့။ ကျောင်းမတက်နိုင်တဲ့ ကလေးဦးရေကတော့ ကျွန်မအနေနဲ့ ခန့်မှန်းတာတော့ ၅၀၀၀ လောက်တော့ရှိမယ်။ အဲ့ဒီ ၅၀၀၀ ထဲမှာတောင်မှ ကျွန်မတို့ရဲ့ ၂၀၂၂မှာ ကျောင်းတက်ဖို့ကမ်းလှမ်းလာတာ ကျွန်မတို့ နေရာထိုင်ခင်းမရှိလို့ လက်မနိုင်တာတွေရှိတယ်လေ။ ဆိုတော့ခန့်မှန်းကြည့်တာကတော့ ၅၀၀၀ လောက်ရှိမယ် ဒီနှစ်မှာဆိုရင် တိုက်ပွဲတွေကတော့ ဆက်တိုက်ဆက်တိုက်ပဲဖြစ်ပြီးတော့ အခုထိုင်းနိုင်ငံကိုရောက်လာတဲ့ မိဘရော မိသားစုရော ကလေးတွေ ဦးရေကတော့ ထပ်တိုးလာဖို့ရှိတယ်"
ဆာသူးလေကျောင်းဟာ ၁၉၉၉ ခုနှစ်က စတင်ဖွင့်လှစ်ထားတာဖြစ်ပြီး ကရင်ပြည်နယ်တွင်း ပြည်တွင်းစစ်ကြောင့် နယ်စပ်ဒေသကို ထွက်ပြေးတိမ်းရှောင်လာသူတွေကို အထက်တန်းအထိ ပညာသင်ပေးနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ လက်ရှိ အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီနဲ့ လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲမို့ မဲဆောက်ဘက်ကို တိမ်းရှောင်လာသူတွေ ပိုတိုးလာဦးမယ်လို့ ဆရာမ နော်ဖောရေကပြောပါတယ်။
ကျောင်းတက်မဲ့ကလေးတွေ များလာပေမဲ့ ထိုင်းအာဏာပိုင်တွေဘက်က ကျောင်းသစ်ဆောက်တာ၊ တန်းခွဲသစ်ဖွင့်တာ၊ ကျောင်းသားသစ် လက်ခံတာတွေ မလုပ်ဖို့ ဖိအားပေးထားတာကြောင့် ခက်ခဲနေတယ်လို့ သူကဆက်ပြောပြပါတယ်။
"ကျွန်မတို့ကိုထိုင်းပညာရေးဌာနက အကြောင်းကြားအသိပေးတဲ့အပေါ်ကျောင်းသားကိုမတိုးရလို့ပြောတဲ့အချိန်မှာ ကျွန်မတို့လည်း အများကြီး လက်ခံပြီးတော့တိုးတဲ့အရာလေးတွေကိုတော့ ကျွန်မတို့အကောင်းဆုံးလုပ်ဆောင်မယ် တကယ်လို့ သူတို့လာစစ်လို့ များလွန်းသွားမယ်ဆို စည်းကမ်းမလိုက်နာဘူး၊ ပိတ်ဆိုရင် ကျွန်မတို့ကျောင်းတစ်ကျောင်းတည်း ပိတ်ရင် အများကြီး effective ဖြစ်တယ်။. ကျွန်မတို့ကျောင်းတစ်ကျောင်းရဲ့ စည်းကမ်းမလိုက်နာမှုကြောင့် တခြားကျောင်းတွေလည်းအကုန်လုံးပိတ်ပါဆိုတဲ့ အရာမျိုး မဖြစ်စေဖို့ ကျွန်မတို့ကတော့ နည်းနည်းစိစစ်တာပေါ့။ အဲ့ဒါကိုလည်းအသိပေးချင်ပါတယ်"
နယ်စပ်ကတစ်ဆင့် မဲဆောက်ကို ထွက်ပြေးတိမ်းရှောင်လာသူအများစုဟာ တရားဝင်နေထိုင်ခွင့်မရဘဲ အထောက်အထားမဲ့ နေနေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးကျောင်းသွားပို့ဖို့လည်း ခက်ခဲနေတယ်လို့ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ကိုဇော်ဦးကလည်း ပြောပါတယ်။
"သမီးကို ကျောင်းသွားအပ်တဲ့အတွေ့အကြုံတွေ ပထမဆုံး အဲ့ဒီအထက်တန်းကျောင်းတစ်ကျောင်းပေါ့နော် ကျွန်တော်သွားအပ်ဖို့ ကြိုးစားတယ်။ ကြိုးစားတဲ့အချိန်မှာ ကျောင်းဝတ်စုံနဲ့ အပ်ရတာပေါ့နော်။ ကြိုပြင်ဆင်တယ်။ ကျောင်းဝတ်စုံတွေလည်း ကျောင်းအနေနဲ့က ကျောင်းသားအသစ်လက်မခံဘဲ အဟောင်းတွေကိုဘဲ လက်ခံမယ်ဆိုတော့ ကျောင်းအပ်ဖို့အဆင်မပြေဘူးပေါ့နော်။ အဲ့ဒီတော့ ကလေးကလည်း ကျောင်းဝတ်စုံလေးနဲ့ ဝတ်ပြီးတော့ ကျောင်းအပ်ခွင့်မရဘူးဆိုတော့ ကျွန်တော်လည်း စိတ်မကောင်းဘူး။ ကလေးအနေနဲ့လည်း စိတ်ထဲမှာ စိတ်ဒဏ်ရာပေါ့နော်။ အဲ့လိုမျိုးရနိုင်တာပေါ့ အဲ့လိုမျိုးအခက်အခဲတွေရှိတယ်။ နောက်တစ်ခုက ကျတော့ အပ်ခွင့်ရတဲ့ကျောင်းတွေလည်းရှိတယ် Mind Grant ကျောင်းတွေရှိတယ် ပြဿနာကကျတော့ အပ်ခွင့်ရတဲ့ ကျောင်းကကျတော့ နေတဲ့နေရာက ဝေးတယ်။ ဝေးတော့ ဒီမှာက လုံခြုံရေးက အရမ်းအခက်အခဲရှိတယ်။ အပြင်ထွက်ပြီးဆိုလို့ရှိရင် အချိန်မရွေး ကျွန်တော်တို့ အဖမ်းခံရနိုင်တဲ့ အစစ်ခံရနိုင်တယ်။ ဆိုတော့ ကလေးကိုကျောင်းအပ်ဖို့ အဲ့ဒီနေရာအခက်အခဲ သွားရေးလာရေး အခက်အခဲတွေ ရှိတယ်။ စရိတ်စက မတက်နိုင်တာမျိုးတွေရှိတယ်"
ရွှေ့ပြောင်းလာသူတွေအတွက် ဖွင့်ထားတဲ့ကျောင်းတွေဟာ ကျောင်းသားဦးရေ အကန့်အသတ်နဲ့ လက်ခံနေတာကြောင့် ကျောင်းမတက်နိုင်တဲ့ ကလေးတွေများနေတယ်လို့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းက ရွှေ့ပြောင်းဒေသ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဌာန (MECC) ရဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းတက်တဲ့ဦးရေ တစ်သောင်းတစ်ထောင်နီးပါးရှိပါတယ်။ အဲဒီကျောင်းသားတစ်သောင်းကျော်ကို ကျောင်း ၆၅ ကျောင်းမှာ ဆရာ၊ ဆရာမ ၆ဝဝ နီးပါးက သင်ပေးခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာတော့ ပြီးခဲ့တဲ့နှစ်ထက် ကျောင်းလာအပ်တဲ့ ဦးရေ တိုးလာနေတာပါ။
မဲဆောက်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာသူတွေရဲ့ ကလေးတွေ ကျောင်းတက်ဖို့ ခက်ခဲနေတာနဲ့ ပတ်သက်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ပြောခွင့်ရှိသူ ဦးနေဘုန်းလတ်ကို RFA က မေးမြန်းတဲ့အခါမှာ ...
"တချို့ migrant ကျောင်းတွေမှာလေ ဒီCDMဆရာ ဆရာမတွေ volunteer ပုံစံမျိုး ကူညီပြီးတော့ ဝင်ရောက် စာသင်ကြား ပေးနေတာတွေ ရှိတယ်၊ တချို့ကျောင်းသားတွေကို ကျောင်းစရိတ်ထောက်ပံ့ထားတာမျိုးပေါ့ ၊အကုန်လုံးကို အများကြီး ထောက်ထားတာမဟုတ်ဘူး။ တချို့ကျောင်းသားတွေ ကျွန်တော်တို့ ထောက်ပံ့ထားတာတွေရှိတယ်၊ မနှစ်ကဆို ကျောင်းသားတစ်ယောက်ကို သတ်မှတ်ထားတဲ့နှုန်းပေါ့နော်။ အဲ့ဒါလည်းကျွန်တော်တို့ ၈၅ ယောက်လောက်အထိ ထောက်ပံ့နိုင်ခဲ့တာတွေ ရှိတယ်။ နောက်ပြီးတော့ competency guideline ကို ဒါကတော့ဒီကျောင်းသားတွေ တတ်မြောက်မှုကို အခြေခံပြီးတော့ migrant ကျောင်းတွေမှာက တချို့တွေmigrantကျောင်းမှာ တက်ခဲ့ပြီးတော့ တကယ့်ပြည်တွင်းပြန်ဝင်တဲ့အခါ ပြည်တွင်းမှာက လက်ခံတဲ့ကိစ္စတွေမှာ သုံးဖို့ပေါ့။ ဒါ migrant အခြေခံတွေအတွက်လည်း အဓိကပါဝင်တယ်ပေါ့နော်။တချို့ကိစ္စတွေကတော့ ကျွန်တော်တို့က အသေးစိတ်အနေ နဲ့ competency guideline ဒီ guidelineကို ကျွန်တော်လက်မခံတာမျိုးတွေ ရှိတယ်လေနော်။ အဲ့ဒါမျိုးတွေ မဖြစ်ရအောင် competency guideline လို့ခေါ်တဲ့ တတ်မြောက်မှုကို စိစစ်ပြီး ပြောဖို့ အခက်ခဲရှိတယ်ပေါ့နော်။ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ကျောင်းတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က ဘာတွေ ဘာတွေ လုပ်နေတဲ့ဆိုတဲ့ဟာတွေက ပြောဖို့နည်းနည်းခက်ပါတယ်"
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်သူတွေ၊ နိုင်ငံရေးသမားတွေ၊ CDM မှာ ပါဝင်သူတွေအပါအဝင် တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်ထဲမှာ ဆက်နေလို့မရတဲ့ ဒေသခံတွေဟာ ထိုင်း၊ မြန်မာနယ်စပ်ကို ရွှေ့ပြောင်းနေကြရတာဖြစ်ပါတယ်။
ဒီလိုရွှေ့ပြောင်းသူတွေများလာတာကြောင့် ရွှေ့ပြောင်းကျောင်းတွေ တိုးချဲ့ဖွင့်ခွင့်ရဖို့ ထိုင်းအစိုးရ အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ လုပ်နေတယ်လို့ အဲဒီဒေသမှာ ပညာရေးအကူအညီပေးနေသူတွေက ပြောပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်ကို မေးမြန်းဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။
လက်ရှိထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲအပြီး အစိုးရအပြောင်းအလဲကာလဖြစ်နေပြီး၊ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ Move Forward ခေါင်းဆောင် ပီတ လင်ဂျာရွှန်ရက် Pita Limjaroenrat က မြန်မာနိုင်ငံက ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီပေးဖို့ ကိစ္စဟာ သူ့ရဲ့နိုင်ငံခြားရေးမူဝါဒ တစ်ရပ်ဖြစ်တယ်လို့ ပြောထားပါတယ်။
ဒါကြောင့် ထိုင်းအစိုးရသစ်ဖြစ်လာရင် ရွှေ့ပြောင်းလာသူတွေအတွက် အကူအညီတွေရဖို့ မျှော်လင့်နေကြပါတယ်။