သံတွဲမှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဆက်လက်ပြင်းထန်
2024.07.23
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်၊ ဂျိတ္တောအနီးဝန်းကျင်နဲ့ ကျောက်ကြီးကျေးရွာဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက RFA ကို ဇူလိုင်လ ၂၃ ရက်နေ့က ပြောပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့ နေ့လယ်နဲ့ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ဂွမြို့နယ်ဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သံတွဲမြို့ကနေ ချီတက်လာတဲ့ AA တပ်ဖွဲ့ဝင်တွေ ကျောက်ကြီးရွာနားမှာ နှစ်ဘက်ထိတွေ့ တိုက်ပွဲပြင်းထန်နေတာလို့ သံတွဲဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"လောလောဆယ်တော့ ကျောက်ကြီးဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ကြားပါတယ်။ ဂွဘက်ကလည်း တပ်အင်အားတွေ သံတွဲဘက်ကို ဖြည့်နေတယ်။ ဧရာဝတီဘက်ကလည်း ဖြည့်နေတယ်။ အဲဒီဘက်ကနေ အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်နဲ့ သံတွဲကတက်လာတဲ့ AA နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပေါ့နော်။ ဂျိတ္တောဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်။ သံတွဲမှာ မောင်ရွှေလေးရေတပ်တစ်ခု ကျန်သေးတယ်လေ။ အဲဒါကို လက်နက်ကြီးတွေ၊ လျှော့တိုက်ဒုံးတွေနဲ့ ပစ်နေတယ်လို့ သိရတယ်"
သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းသုံးခုရှိတဲ့အထဲက တပ်ရင်းနှစ်ခုနဲ့ သံတွဲမြို့ပေါ်ကို AA က သိမ်းပိုက်ထားတာပါ။ တစ်ခုတည်းသာ ကျန်ရှိတော့တဲ့ မောင်ရွှေလေးရေတပ်ကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း စခန်းမကျဖို့အတွက် တပ်အင်အားတွေ ဖြည့်တင်းနေသလို ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီးလည်း အပြင်းအထန် ခုခံကာကွယ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မောင်ရွှေလေးရေတပ်ကို ခုခံကာကွယ်ဖို့အတွက် ဂျိတ္တောနဲ့ ဇလွန်ရွာဘက်မှာ အခိုင်အမာ တပ်စွဲထားပြီး အာရက္ခတပ်တော်(AA) ကလည်း စစ်ကောင်စီတပ်စခန်းတွေကို လက်နက်ကြီးတွေ၊ လျှော့တိုက်ဒုံးတွေနဲ့ လှမ်းပြီးပစ်ခတ်နေသလို မြေပြင်ကလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
သံတွဲမြို့ကို AA ထိန်းချုပ်လိုက်ကြောင်း ဒေသခံတွေပြော
သံတွဲနဲ့ မောင်တောမှာ မိုင်းအန္တရာယ် သတိထားဖို့ AA ထုတ်ပြန်
ရခိုင်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား ငါးဆယ်ခန့် သေဆုံး
စစ်ကောင်စီတပ်ကတော့ လေကြောင်းနဲ့ စစ်ရေယာဉ်တွေကနေ လက်နက်ကြီးတွေ ပစ်ကူပေးနေပြီး ဒေသခံတွေကတော့ စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ သံတွဲမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အခုလက်ရှိတော့ မောင်ရွှေလေးရေတပ်ကို စစ်ကူပို့ထားတာတွေ ရှိတယ်ပေါ့နော်။ ကြည်းတပ်ကိုလည်း စစ်ကူတွေ ပို့ထားတယ်လို့ ကြားရတယ်။ အခု မောင်ရွှေလေးရေတပ်နဲ့ ဂျိတ္တောအနီးဝန်းကျင်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ အခု စစ်ဘေးရှောင်နေရတယ်လို့ဆိုတော့ စိုးရိမ်ထိတ်လန့်နေကြရတယ်။ အဓိက ကျွန်မတို့ ကြောက်ရတာကတော့ လေကြောင်းရန်ကို ကြောက်နေရတယ်။ ညဘက်တွေမှာ ဗုံးလာကြဲမှာကို စိုးရိမ်ကြောက်လန့်နေကြရတယ်"
သံတွဲမြို့နယ်ကို ပြီးခဲ့တဲ့ ဧပြီလကစလို့ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သုံးလခန့်အကြာမှာတော့ သံတွဲလေဆိပ်အပါအဝင် သံတွဲမြို့ပေါ်နဲ့ ခလရ (၅၅)၊ ခမရ (၅၆၆) တပ်ရင်းတွေကို AA က သိမ်းပိုက်နိုင်ခဲ့တာပါ။
"ကျွန်မတို့ ကြောက်ရတာကတော့ လေကြောင်းရန်ကို ကြောက်နေရတယ်။ ညဘက်တွေမှာ ဗုံးလာကြဲမှာကို စိုးရိမ်ကြောက်လန့်နေကြရတယ်"
သံတွဲလေဆိပ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်းလေးရာကျော်နဲ့ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိထားတယ်လို့ ဇူလိုင်လ ၇ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။ AA ဘက်က ထိခိုက်မှုအခြေအနေကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
စစ်ကောင်စီတပ်ဟာ သံတွဲတိုက်ပွဲအတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)၊ မှတ်တပ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် အောက်ခံတပ်ရင်း ဆယ်ရင်းနဲ့ Myanmar Navy SEALs တပ်ဖွဲ့ဝင်တွေ အပါအဝင်၊ ခမရ (၃၁၅)၊ ခမရ (၃၆၆) တပ်ရင်း၊ ဧရာဝတီတပ်ရင်းတချို့နဲ့ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းတချို့က စစ်ကောင်စီတပ်သားတွေကို အင်းအားဖြည့်တိုက်ခိုက်ခဲ့တာလို့လည်း AA က ဆိုပါတယ်။
လက်ရှိ သံတွဲတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို RFA က မေးမြန်းထားဆဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ သံတွဲတိုက်ပွဲနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသလို ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားမရှိပါဘူး။
ရခိုင် ဝါရင့်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ သံတွဲတိုက်ပွဲပြီးသွားရင် ဂွမြို့နယ်ဘက်မှာ စစ်မျက်နှာသစ်တစ်ခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်တယ်။
"သံတွဲမြို့ကိုတော့ AA က သိမ်းပိုက်လိုက်ပြီးပေါ့။ နယ်တွေမှာတော့ နည်းနည်းပါးပါး ကျန်တယ်။ အထူးသဖြင့် မောင်ရွှေလေးရေတပ်စခန်းတစ်ခု ရှိတယ်။ တိုက်မယ်ဆိုရင် အဲဒီစခန်းကို တိုက်ရမှာပေါ့။ အဲဒီစခန်းပြတ်ပြီဆိုရင်တော့ ဂွမြို့နယ်ဘက်ကို ရောက်သွားလိမ့်မယ်။ အာရက္ခတပ်တော်ကတော့ ရှေ့တစ်လှမ်းပြီးတစ်လှမ်း စစ်ကောင်စီတပ်တွေ တစ်ခုမှမရှိစေရဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အညီ တိုက်သွားလိမ့်မယ်လို့ ထင်တယ်။ ရခိုင်တောင်ပိုင်းဘက်မှာဆိုရင် တိုက်ပွဲမဖြစ်တာ ဂွတစ်မြို့ပဲ ကျန်တော့တယ်ဆိုတော့ အဲဒီမှာလည်း ဒီအခင်းအကျင်းကို မကြာခင်မြင်လာရမှာပါ"
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) အကြား ရှစ်လတာတိုက်ပွဲအတွင်း ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်၁၇ မြို့နယ်ထဲက ကိုးမြို့နယ်ကို AA က သိမ်းပိုက်ထားပြီး သံတွဲနဲ့ မောင်တောမြို့နယ်တွေမှာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဂွမြို့နယ်ကလွဲရင် ကျန်တဲ့မြို့နယ် ခုနစ်ခုမှာလည်း စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူနိုင်ဖို့ AA က ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။