ပျောက်ဆုံးနေတဲ့ ဒေါ်သူဇာမောင် မိသားစုအမှု အမြန်ဆုံးစုံစမ်းစစ်ဆေးဖို့ မလေးရှားအစိုးရကို တောင်းဆို

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.08.04
ပျောက်ဆုံးနေတဲ့ ဒေါ်သူဇာမောင် မိသားစုအမှု အမြန်ဆုံးစုံစမ်းစစ်ဆေးဖို့ မလေးရှားအစိုးရကို တောင်းဆို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာအလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်သူဇာမောင်တို့ မိသားစုအား တွေ့ရစဉ်။
Thu Zar Moung

ကုလသမဂ္ဂရဲ့ ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားတဲ့ မလေးရှားနိုင်ငံအခြေစိုက် ဒီမိုကရေစီအရေးလှုပ်ရှားသူ ဒေါ်သူဇာမောင်၊ ခင်ပွန်းဖြစ်သူနဲ့ ကလေးသုံးဦးတို့ဟာ ကွာလာလမ်ပူမြို့ နေအိမ်ကနေ ပျောက်ဆုံးနေတဲ့အမှုဟာ တစ်လနီးပါးကြာမြင့်လာခဲ့ပါပြီ။

ဒီအမှု ထူးခြားမှုမရှိသေးတဲ့အတွက် ပိုပြီး လေးလေးနက်နက် စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက မလေးရှားအစိုးရနဲ့ ရဲတပ်ဖွဲ့ကို တိုက်တွန်းနေကြပါတယ်။

ဒေါ်သူဇာမောင်အပါအဝင် ခင်ပွန်းဖြစ်သူနဲ့ အသက် ၁၆ နှစ်အရွယ် သမီး၊ အသက် ၂၁ နှစ်နဲ့ ၁၇ နှစ်အရွယ် သားဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က နေအိမ်မှာ လူတစ်စုရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

အခုအချိန်အထိ ဘယ်သူဘယ်ဝါက ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးဘဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ ကွာလာလမ်ပူမြို့ အန်ပန်းခရိုင် ရဲတပ်ဖွဲ့ဝင်တွေက ဒေါ်သူဇာမောင်နဲ့ သူ့မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေကို သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့ပြီး ဒီအမှုနဲ့ပတ်သက်လို့ သတင်းရရှိဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

ရဲတပ်ဖွဲ့က ပျောက်ဆုံးနေသူတွေ ရှိနေနိုင်တဲ့ နေရာတွေကို အဓိကထား ရှာဖွေနေပေမယ့် အခုအချိန်အထိ တိုးတက်မှု မရှိသေးတဲ့အကြောင်း ဆီလန်ဂေါ ရဲတပ်ဖွဲ့အကြီးအကဲ ဟူဆိန် အိုမာခန်က RFA ရဲ့ ညီနောင်သတင်းဌာန Benar News ကို သောကြာနေ့က ပြောခဲ့ပါတယ်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ ဒေါ်သူဇာမောင်တို့ မိသားစုကို မလေးရှားအစိုးရနဲ့ ဆက်စပ်နေတဲ့ သူတွေက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်နိုင်တယ်လို့ ပြောထားပြီး မလေးရှား ရဲတပ်ဖွဲ့ဟာ ကာယကံရှင်တွေရဲ့ ဓာတ်ပုံတွေကို စောစောစီးစီးကတည်းက ထုတ်ပြန်သင့်တယ်လို့ ပြောထားပါတယ်။

HRW အဖွဲ့ရဲ့ အာရှရေးရာညွှန်ကြားရေးမှူး Phil Robertson က မလေးရှား ရဲတပ်ဖွဲ့အနေနဲ့ ဒီအမှုကို လေးလေးနက်နက် လေ့လာစုံစမ်းသင့်တယ်လို့ ပြောပါတယ်။

“မလေးရှား ရဲတပ်ဖွဲ့အနေနဲ့ ဒီအမှုကို စပြီး လေးလေးနက်နက် လေ့လာစုံစမ်းစစ်ဆေးရမယ့် အချိန်ရောက်နေပါပြီ။ အခုလို ဒေါ်သူဇာမောင်တို့နဲ့ သူတို့ စီးတဲ့ကားရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်လိုက်တာကို လွန်ခဲ့တဲ့ ရက်သတ္တပတ် ပေါင်းများစွာကတည်းက လုပ်ခဲ့ရမှာ ဖြစ်ပါတယ်။ ဒီအမှုအတွက် ဖြစ်နိုင်ခြေ အားလုံးကို လေ့လာစုံစမ်းသင့်ပါတယ်။ အခုလို ဒေါ်သူဇာမောင်နဲ့သူ့ခင်ပွန်းအပြင် ကလေးသုံးယောက်လုံးနဲ့ မိသားစုပိုင် ကားနှစ်စီးကိုပါ လျင်လျင်မြန်မြန်နဲ့ ပိပိရိရိ ခေါ်ယူသွားတာမျိုးက တကယ့်ကို ကျွမ်းကျင်တဲ့ ပြန်ပေးသမားမျိုးမှသာ လုပ်နိုင်ပါလိမ့်မယ်။ ဒီလို ပြန်ပေးမှုကို လုပ်သွားနိုင်ပုံကိုက အရေးကြီးတဲ့ သဲလွန်စတွေကို ပြသနေပါတယ်။ လုပ်သွားသူဟာ သာမန် မလေးရှား နိုင်ငံသားတွေ မလုပ်နိုင်တဲ့ အရည်အချင်းမျိုး ရှိတဲ့သူမျိုး ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။”

ဒေါ်သူဇာမောင်ကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်နိုင်တဲ့အတွက် ဒီအမှုကို ကျူးလွန်ဖို့ ဖြစ်နိုင်တဲ့ အကြောင်းအရင်းအားလုံးကိုလည်း စုံစမ်းစစ်ဆေးသင့်တယ်လို့ Phil Robertson က ပြောပါတယ်။

“ဒေါ်သူဇာမောင်ဟာ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ နီးစပ်တဲ့သူ ဖြစ်တဲ့အတွက် သူနဲ့ သူ့မိသားစုဝင်တွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲခံခဲ့ရတာ ဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ ဒေါ်သူဇာမောင်ရဲ့ နာမကျန်း ဖြစ်နေတဲ့ ဖခင်ကို စစ်ကောင်စီက ပစ်မှတ်ထားခြင်း ရှိမရှိကိုလည်း စုံစမ်းသင့်ပါတယ်။ မလေးရှားရဲတပ်ဖွဲ့ဟာ ဒီအမှုအတွက် အခုအချိန်အထိ ထူးခြားတဲ့ ဆောင်ရွက်ချက် မရှိသေးပါဘူး။ ဒီပြန်ပေးမှုအတွက် တာဝန်ရှိသူတွေကို ရှာဖွေဖမ်းဆီးပြီး တရားစီရင်နိုင်တဲ့အထိ မနေမနား ဆောင်ရွက်သင့်ပါတယ်။ ဒေါ်သူဇာမောင်နဲ့ မိသားစုကို အမြန်ဆုံး ပြန်တွေ့ပြီး၊ လုံခြုံစွာနဲ့ အိမ်ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ မလေးရှားရဲတပ်ဖွဲ့ရဲ့ ကြန့်ကြာမှုတွေကြောင့် အခုအချိန်မှာ အချိန်မီ ဆောင်ရွက်နိုင်ဖို့ အရေးကြီးနေပါတယ်။”

ဒေါ်သူဇာမောင်ကို ပြန်ပေးဆွဲသွားတဲ့အမှုဟာ မြန်မာ့အရေး လှုပ်ရှားသူတွေအတွက် မြန်မာနိုင်ငံမှာတင်မကဘဲ ပြည်ပနိုင်ငံတွေမှာပါ မလုံခြုံတော့တဲ့ အခြေအနေကို ပြသနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

"သူ စပျောက်ပြီး နာရီပိုင်းလောက်မှာ သူနဲ့ နီးစပ်တဲ့သူက ကျွန်တော့်ကို ဆက်သွယ်အကြောင်းကြားလာတယ်၊ သူတို့မိသားစုကို ဒီလိုလာခေါ်သွားတယ်ပေါ့၊ ကျွန်တော်လည်း ထပ်တော့ စုံစမ်းခိုင်းလိုက်တယ်၊ ကျွန်တော်သိတာက ဒေါ်သူဇာမောင်က မလေးရှားရောက် မြန်မာမွတ်ဆလင်တွေ မြန်မာဒုက္ခသည်တွေ အားလုံးကို တက်တက်ကြွကြွနဲ့ ကူညီလှုပ်ရှားနေသူဖြစ်တယ်၊ UNHCR နဲ့ချိတ်ဆက်ပြီး လိုအပ်တဲ့စာရွက်စာတမ်းကိစ္စတွေ ဦးစီးဦးဆောင်လုပ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးမှာလည်း ပြည်သူနဲ့အတူ တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားသူဖြစ်တယ်။ ဒါတကယ်တမ်းက လူ့အခွင့်အရေးလှုပ်ရှားသူတွေ မြန်မာနိုင်ငံမှာတင် မဟုတ်ဘဲ နိုင်ငံခြားမှာလည်း မလုံခြုံဘူးဆိုတာ မီးမောင်းထိုးပြလိုက်တာဖြစ်တယ်၊ အဲဒီ့အတွက် ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေးလှုပ်ရှားသူတွေကို သက်ဆိုင်ရာက အကာအကွယ်ပေးဖို့လိုတယ်၊ ဒေါ်သူဇာမောင်ကိစ္စဆိုရင်လည်း မလေးရှားအစိုးရက နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အမြန်ကိုင်တွယ်ဆောင်ရွက်ဖို့ လိုတယ်"

ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (ယူကေ) ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း ဒေါ်သူဇာမောင်ရဲ့ အမှုနဲ့ ပတ်သက်ပြီး မလေးရှားရဲတပ်ဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှု နှောင့်နှေးနေတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့ တော်တော်စိတ်မကောင်းဖြစ်တယ်၊ မသူဇာမောင်က အခုဆိုရင် တစ်လတိတိရှိပြီ အမည်မသိ လူတစ်စုက ခေါ်သွားတယ်ပေါ့နော်၊ ဒီလို မလေးရှားမှာ နိုင်ငံတစ်နိုင်ငံမှာ ရဲတွေ ဥပဒေတွေရှိရဲ့သားနဲ့ ဒီလို ရှာမရဘူးဆိုတာက ကျွန်တော်တို့အနေနဲ့ တော်တော်လေးကို စိတ်မကောင်းဖြစ်တယ်။ မိသားစုတစ်စုရဲ့ အသက်ကို ဒီလောက်ထိ ဥပဒေကြောင်းအရ နှောင့်နှေးနေတာ အင်မတန် တုန်လှုပ်စရာကောင်းတယ်၊ အဲဒီမှာ စစ်တပ်ရဲ့ ဒလန်တွေကလည်း အများကြီးရှိတယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ တော်တော်လေးကို သတင်းတွေကြားရတာလည်း၊ အခုထိတော့ ဘာမှ သေချာပြောလို့ မရဘူး၊ ဘယ်လိုပျောက်သွားလဲ ဘယ်နား ခေါ်သွားလဲ ဒါတွေက အများကြီး မေးခွန်းတွေရှိတယ်။ ကျွန်တော်တို့ မလေးရှားအစိုးရကို ပြည်ထဲရေးဝန်ကြီးဌာနကို တောင်းဆိုလိုတယ်၊ ဒီကိစ္စကို အမြန်ဆုံး ဖော်ထုတ်ဖို့လိုတယ်၊ လုပ်တဲ့သူတွေကို အရေးယူဖို့လိုပါတယ်။ လူတစ်ယောက်ရဲ့အသက်ဟာ အတော်လေး အရေးကြီးပါတယ်" 

ဒေါ်သူဇာမောင်နဲ့ မိသားစု ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထဲရေးဌာနနဲ့ ကွာလာလမ်ပူမြို့ မြန်မာသံရုံးတို့ကို Benar News က ဆက်သွယ်ခဲ့ပေမယ့် တုန့်ပြန်ဖြေကြားခြင်း မရှိပါဘူး။

ဒေါ်သူဇာမောင်နဲ့ မိသားစုဟာ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးလာတဲ့အတွက် နေရပ်မန္တလေးမြို့ကနေ မလေးရှားနိုင်ငံကို ထွက်ပြေးလာပြီး မလေးရှားနိုင်ငံမှာ UNHCR က ထုတ်ပေးတဲ့ ဒုက္ခသည်ကဒ်ပြားနဲ့ နေထိုင်နေသူတွေ ဖြစ်ကြောင်းနဲ့ ဒေါ်သူဇာမောင်ဟာ မလေးရှားရောက် မြန်မာ မွတ်ဆလင် အသိုင်းအဝိုင်းကို ဦးဆောင်နေသူလည်း ဖြစ်ပြီး၊ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူလည်း ဖြစ်တယ်လို့ Benar News က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။